ဖြစ်တည်မှုပဓါနဝါဒ /အတ္တဘဝအမှန် (Existentialism)


ဆောင်းပါး • ဆိုရှယ်ဒီမိုကရက်စာစဥ္ 


 ဖြစ်တည်မှုပဓါနဝါဒသည် ပထမကမ္ဘာစစ်အကျပ်အတည်းကြောင့်လည်းကောင်း၊ ပထမကမ္ဘာစစ်နောက်ပိုင်း အပေါ်ယံကြော အကောင်းမြင်နှင့် လူလတ်တန်းစား လစ်ဘရယ်ဝါဒက အမွေဆက်ခံထားသည့် အရင်းရှင်စနစ် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတတ်မှု ယုံကြည်ချက်များ ထိုးနှက်ခံရခြင်းကြောင့်လည်းကောင်း ပေါ်ပေါက်သည့် ဓနရှင် အဘိဓမ္မာရေးတုံ့ပြန်မှုက မွေးဖွားပေးလိုက်ခြင်းဖြစ်သည်။ 


 ဖြစ်တည်မှုပဓါနဝါဒမှာ အမျိုးအမျိုးသောအဘိဓမ္မာရေးစနစ်များမှ မြစ်ဖျားခံခဲ့သည်။ အားလုံးသည် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် စကြာဝဌာ သို့မဟုတ် ထာဝရဘုရားတို့အကြား ဆက်သွယ်မှုအပေါ် ဗဟိုပြုခဲ့ကြသည်။ မတူကွဲပြားကာ ပဋိပက္ခဖြစ်နေသည့် အတွေးအခေါ်များအပေါ် အခြေခံထားသည်။ အရေးပါသည့် ဖြစ်တည်မှုပဓါနဝါဒီများမှာ ဆိုရင်ကဲကီးဂတ်၊ ကားလ်ဂျက်စပါ၊ မာတင်ဟေဒဂ္ဂါ၊ ဂေဘရီယ်မာဆဲလ်နှင့် ယွန်းပေါလ်ဆတ် တို့ဖြစ်ကြသည်။ အားလုံးက လူကို တက္ကဗေဒအစဉ်အလာနှင့် ချဉ်းကပ်ခြင်းနှင့် စကြာဝဌာအတွင်းလူ၏ နေရာကို တက္ကဗေဒအစဉ်အလာနှင့် ချဉ်းကပ်ခြင်းတို့ကို ဆန့်ကျင်ကြသည်။ ဖြစ်တည်မှုပဓါနဝါဒ အဘိဓမ္မာဆရာများအကြား သိသာသည့် ကွဲပြားခြားနားမှုများရှိသော်လည်း ၎င်းတို့တွင် တူညီသော အခြေခံများရှိကြသည်။ ဤသည်မှာ အဘိဓမ္မာကို ဤကမ္ဘာမြေပေါ်တွင် တည်ရှိနေသည့် လူသား၏ အတွေ့အကြုံအပေါ် အခြေစိုက်ရမည်ဆိုသည့် အချက်ဖြစ်သည်။ တနည်းပြောရလျှင် ဖြစ်မှုပဓါနဝါဒသည် လူ့ဘဝ၏ အဓိပ္ပါယ်ကို ရှာဖွေခြင်းနှင့် မိမိကိုယ်မိမိသိရှိအောင် ရှာဖွေခြင်းဖြစ်သည်။ 

 ဖြစ်တည်မှုပဓါနဝါဒီတစ်ယောက်ချင်းအနေဖြင့် ဖြစ်တည်မှုပဓါနဝါဒအတွေးအခေါ်များကွဲပြားကြသော်လည်း တူညီသောအချက်များ အမြောက်အများရှိသည်။ ဖြစ်တည်မှုပဓါနဝါဒ၏ အတွေးအခေါ်များအနက်မှ တစ်ခုမှာ ဘဝ၏ အဓိပ္ပါယ်နှင့် လွတ်လပ်သည့် ဆန္ဒ၊ ကိုယ်တိုင်တာဝန်ယူမှုနှင့် ရွေးချယ်မှုတို့ဖြင့်သာ မိမိကိုယ်မိမိသိနိုင်မည်ဆိုသည့် အချက်ဖြစ်သည်။ 

 ဖြစ်တည်မှုပဓါနဝါဒီတို့ တူညီစွာအခြေခံသည့်အချက်များမှာ - 

(၁) လူပုဂ္ဂိုလ်တစ်ဦးချင်း ( The Individual )

(၂) ရွေးချယ်မှု ( Choice )

(၃) ပူပင်သောက ( Anxiety )

(၄) စစ်မှန်ခြင်း ( Autheticity )

(၅) အဓိပ္ပါယ်မဲ့ခြင်း ( Absuridity ) တို့ဖြစ်သည်။ 


(၁) လူပုဂ္ဂိုလ်တစ်ဦးချင်း

 ဖြစ်တည်မှုပဓါနဝါဒက လူသားတစ်ဦးအနေဖြင့် ဖြစ်တည်နေခြင်းမှာ မည်ကဲ့သို့သော အဓိပ္ပါယ်ဆောင်သည် ဆိုသည်ကို ဖြေရှင်းခြင်းဖြစ်သည်။ ဖြစ်တည်မှုပဓါနဝါဒီတို့က လူသားတို့သည် ဤစကြာဝဌာအတွင်းသို့ ပစ်ချခြင်းခံရသည်ဟု ယူဆသည်။ ထို့ကြောင့်သိမှုရှိစွာ မဟုတ်ဘဲ ဤလောကကမ္ဘာအတွင်း၌ဖြစ်တည်လာခြင်းမှာ အဆုံးစွန်သော အစစ်အမှန်တရားဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် သီးသန့်တစ်ဦးတည်းဖြစ်သည်။ တွေးခေါ်နိုင်သည့် အရည်အချင်းရှိသည့် လွတ်လပ်စွာ ပြုမူဆောင်ရွက်နိုင်သည်။ သူ၏ တကယ့်ဘဝအစစ်အမှန်ဖြင့် အဓိပ္ပါယ်ဖွင့်သင့်သည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်အသိဖြင့်သာ တန်ဖိုးနှင့် ရည်ရွယ်ချက်တို့ကို ဆုံးဖြတ်သည်။ 


(၂) ရွေးချယ်မှု

 ဖြစ်တည်မှုပဓါနဝါဒီ အဘိဓမ္မာဆရာများက လူသားအားလုံးတွင် လွတ်လပ်သည့် ဆန္ဒများရှိသည်ဟု ယူဆသည်။ လွတ်လပ်သည့်ဆန္ဒဖြင့် ဘဝကို ရွေးချယ်ခွင့်ရှိသည်။ လူ့အဖွဲ့အစည်းတည်ဆောက်ပုံနှင့် တန်ဖိုးများက တစ်ဦးတစ်ယောက်ကို ထိမ်းချုပ်ထားနိုင်ခြင်းမရှိ။ မိမိသဘောဆန္ဒအတိုင်းရွေးချယ်ခြင်းမှာ လူပုဂ္ဂိုလ်တိုင်းအတွက် ထူးခြားချက်ဖြစ်သည်။ ဤသို့ရွေးချယ်ရာ၌ ၎င်း၏ အမြင်၊ အယူအဆနှင့် အတွေးအခေါ်များအပေါ် အခြေခံသည့် ပြင်ပအင်အားစုများ သို့မဟုတ် လူ့အဖွဲ့အစည်းအပေါ် အခြေမခံ။ ဤရွေးချယ်မှုအပေါ် အခြေခံကာ လူတို့သည် မိမိတို့ မည်သူမည်ဝါဖြစ်သည်၊ ဘာကိုစတင်တွေ့ရှိလာကြသည်၊ ဓနဥစ္စာ၊ ရာထူး၊ ဂုဏ်သိန် သို့မဟုတ် အပျော်အပါးများနောက်လိုက်စရာမလို၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ကောင်းမွန်သည့် ဘဝရရှိရေးအတွက် အခရာ မကျသောကြောင့်ဖြစ်သည်။ 

 ပုဂ္ဂိုလ်ရေးတာဝန်ရှိမှုသည် ဖြစ်တည်မှုပဓါနဝါန၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ယူဆသည်။ ဆုံးဖြတ်ချက်များချရန်မှာ မိမိအပေါ်တွင်သာမူတည်သည်။ ဤဆုံးဖြတ်ချက်များမှာလည်း အကျိုးဆက်များ၊ စိတ်ဖိစီးမှုများမှ ကင်းလွတ်ခြင်းမရှိ။ သို့ရာတွင် သူ၏ သဘာဝကို ဆန့်ကျင်တိုက်ပွဲဝင်ရာတွင် အတတ်နိုင်ဆုံးဆန့်ကျင်တိုက်ပွဲဝင်သည်သာဖြစ်သည်။ အနှစ်သာရအားဖြင့်ပြောရလျှင် ဘဝတွင် မိမိတို့ရွေးချယ်လိုက်မှုများက မိမိတို့၏ သဘာဝဗီဇကို အဆုံးအဖြတ်ပေးသည်။ ဤကမ္ဘာမြေပေါ်တွင် သဘာဝမကျသော၊ ယုတ္တိဗေဒကင်းလွတ်သော အရာများရှိသည်။ 


(၃) ပူပင်သောက

 ဖြစ်တည်မှုပဓါနဝါဒီတို့ကို အဓိက အလေးထားသည်မှာ ဘဝသည်မည်သည့် အဓိပ္ပါယ်ဆောင်သည်။ ဤအတွက်သတိမူ၊ မူအသစ်ကိုယူဆောင်ပေးသည့် မိမိတို့၏ အမှန်တကယ် ဖြစ်တည်မှုနှင့် သဘာဝတို့၏ အခိုက်အတန့်ကို ဖြစ်သည်။ ဤဖြစ်တည်မှုအခိုက်အတန့်များ၏ အကျပ်အတည်းက နောက်ပိုင်းတွင် ပူပင်သောက၊ စိတ်ပျက်ခြင်းနှင့် ထိတ်လန့်ခြင်းခံစားရမှုများကို ဖြစ်ပေါ်စေသည်။ ဤသည်များမှာလည်း မိမိတို့၌ရှိနေသည့် လွတ်လပ်မှုနှင့် အမှီအခိုကင်းမှုတို့ကြောင့် ရရှိသည့်ရလဒ်ဖြစ်သည်။

လူသားများသည် စကြဝဌာအတွင်းသို့ ပစ်ချခံလိုက်ရသည့်အတွက် မိမိတို့ဖြစ်တည်ခြင်းတွင် တစုံတရာသော အဓိပ္ပါယ်မဲ့မှုရှိနေသည်။ မိမိတို့ လွတ်လပ်မှုရှိသည်မှာ မိမိတို့၏ အနာဂတ်မသေချာမှုဖြစ်သည်။ မိမိတို့၏ ဘဝများမှာလည်း မိမိတို့၏ ရွေးချယ်မှု၏ အဆုံးအဖြတ်ပေးခြင်းကို ခံကြရသည်။ မိမိတို့ပတ်ဝန်းကျင်ရှိ စကြဝဌာအကြောင်းကို မိမိတို့နားလည်သည်ဟု ယုံကြည်ခဲ့ကြသည်။ ဤယုံကြည်မှုနှင့်ဆန့်ကျင်စွာ တစုံတရာကို သိလာကြရသောအခါ မိမိတို့ဘဝများ၏ အနေအထားများကို ပြန်လည်သုံးသပ်ရန် တွန်းအားပေးသည့် ဖြစ်တည်မှုအကျပ်အတည်းကို ရင်ဆိုင်ကြရသည်။ အဓိပ္ပါယ်ရှိရန်နှင့် တန်ဖိုးရှိရန် တစ်ခုတည်းသော နည်းလမ်းမှာ ရွေးချယ်မှုနှင့် တာဝန်ယူခြင်းမှ တဆင့်သာလျှင်ဖြစ်သည်။ 


(၄) စစ်မှန်မှု/ ခြင်း 

 စစ်မှန်ဖို့ဆိုလျှင် တစ်စုံတစ်ယောက်သည် မိမိတို့၏ လွတ်လပ်မှုနှင့် လိုက်လျောညီထွေရှိရမည်ဖြစ်သည်။ ဖြစ်တည်မှုပဓါနဝါဒတွင် စစ်မှန်ခြင်းအဓိပ္ပါယ်၏ အယူအဆမှာ မိမိကိုယ်တိုင်နှင့် သဟဇာတဖြစ်ရေးဖြစ်ပြီး လိုက်လျောညီထွေနေရေးဖြစ်သည်။ မိမိဘာဆိုသည်ကို မိမိကိုယ်တိုင်သိရမည်ဖြစ်သည်။ တချိန်တည်းမှာ မိမိ၏ နောက်ခံနှင့် သမိုင်းတို့ကို မိမိ၏ ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်စဉ်တွင် ပါဝင်ပတ်သတ်ခြင်းမရှိစေရ။ တဦးတယောက်၏ တန်ဖိုးများအပေါ် အခြေခံကာ ရွေးချယ်မှုများကို လုပ်ရမည်ဖြစ်သည်။ ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်စဉ်နှင့် အတူ တာဝန်ယူမှုရှိနေရမည်ဖြစ်သည်။ 

 မိမိတို့၏ လွတ်လပ်မှုနှင့် လိုက်လျောညီထွေစွာမနေထိုင်လျှင် ထိုသူသည် အစစ်အမှန်မဟုတ်ပေ။ ဤစစ်မှန်မှုမရှိခြင်း အတွေ့အကြုံအတွင်း လူတို့သည် ပြဌာန်းခံဝါဒကဲ့သို့သော အတွေးအခေါ်များကို ခွင့်ပြုသည်။ မိမိတို့ရွေးချယ်မှုနှင့် အညီလုပ်လာသည်။ ရွေးချယ်ခြင်းလုပ်ရပ်များမှာ အဓိပ္ပါယ်မရှိဟု ယုံကြည်လာသည်။ 


(၅) အဓိပ္ပါယ်မဲ့ခြင်း

 အဓိပ္ပါယ်မဲ့ခြင်းမှာ ဖြစ်တည်မှုပဓါနဝါဒနှင့် ဆက်နွယ်မှုများအနက် အကျော်ကြားဆုံးတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ဖြစ်တည်မှုပဓါနဝါဒတွင် မကြာမကြာဆိုသလိုပင် ဖြစ်တည်ရန်ပင် အကြောင်းမရှိကြောင်းနှင့် သဘာဝ၌ အစီအစဉ်မရှိကြောင်း အငြင်းပွားခဲ့ကြသည်။ သိပ္ပံပညာနှင့် တက္ကတဗေဒတို့က သဘာဝလောကကြီးကို နားလည်ရန်အတွက် အထောက်အပံ့ပေးကောင်းပေးနိုင်မည်ဖြစ်သော်လည်း ထိုအထောက်အပံ့မှာ ပုံဖော်ယုံသက်သက်သာဖြစ်သည်။ အမှန်တကယ်ရှင်းပြခြင်းမဟုတ်။ တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်နှင့် စပ်လျဉ်း၍ ထဲထဲဝင်ဝင်ရှင်းပြခြင်း မဟုတ်ပေ။ ဖြစ်တည်မှုပဓါနဝါဒ အလိုအရ လူသားများအဖြစ်ဖြင့် မိမိတို့သည် ဤအချက်တွင် လိုက်လျောညီထွေရှိရမည်ဖြစ်သည်။ ကမ္ဘာလောကကြီးကို နားလည်နိုင်စွမ်းရှိလာဖို့ဆိုသည်မှာ မဖြစ်နိုင်ကြောင်း သိရမည်ဖြစ်သည်။ မိမိတို့ပေးလိုက်သော အဓိပ္ပါယ်မှ လွဲ၍ ကမ္ဘာလောကကြီးသည် အဓိပ္ပါယ်မရှိပေ။ 


 ထို့အပြင် ပုဂ္ဂိုလ်တဦးတယောက်သည် တစုံတရာကို ရွေးချယ်ခဲ့လျှင်၊ ထိုရွေးချယ်မှုမှာ အကြောင်းပြချက်တစုံတရာအပေါ် အခြေခံ၍ ရွေးချယ်ခြင်းဖြစ်သည်။ သို့ရာတွင် မိမိတို့သည် အဓိပ္ပါယ်ကို တကယ်နားမလည်နိုင်သည့်အတွက် အကြောင်းပြချက်မှာ အဓိပ္ပါယ်မရှိပေ။ 


 ဖြစ်တည်မှုပဓါနဝါဒ အဘိဓမ္မာမှာ ဆင်ခြင်မှုဆန့်ကျင်ရေး လမ်းကြောင်းဖြစ်သည်။ ပညာတတ်လူတန်းစား အချို့သောအလွှာများ၏ စိတ်အခြေအနေနှင့် လိုက်လျောညီထွေမှုရှိအောင် ဖန်တီးထားသည့် ခေတ်ပြိုင်အဘိဓမ္မာဖြစ်သည်။ အရင်းရှင်လူ့အဖွဲ့အစည်းတွင် လူသားတို့၏ မျှော်လင့်ချက်မဲ့မှုနှင့် ရိုက်ခတ်ချက်ဖြစ်သည်။ သို့ရာတွင် ဖြစ်တည်မှုပဓါနဝါဒက ဓနရှင်လူ့အဖွဲ့အစည်း၏ အကျပ်အတည်းမှ လွတ်မြောက်ရာလမ်းကို ညွှန်ပြခြင်းမပြုနိုင်ပေ။ လွတ်မြောက်ရာလမ်းကြောင်းကို မညွှန်ပြနိုင်ယုံသာမက ဖြစ်တည်မှုပဓါနဝါဒသည် လူသားတို့၏ လွတ်မြောက်ရာလမ်းကိုပါ ရိုက်ချိုးဖြတ်စီးပစ်သည်။ ဆင်ချင်မှုကို ဆန့်ကျင်သည်။ လူ့ဘဝ၏ အဓိပ္ပါယ်ကို သေခြင်းတရား၌ရှာဖွေသည်။ တကယ်တွင်မူ ဖြစ်တည်မှုပဓါနဝါဒသည် လစ်ဘရယ်ဝါဒ၏ အကျပ်အတည်းကို ရောင်ပြန်ဟပ်ခြင်းဖြစ်သည်။ မျက်မှောက်ခေတ်လူမှုသမိုင်း လက်တွေ့၌ ကြုံရသည့် အကျပ်အတည်းက တင်ပြလိုက်သည့် ပြသနာများအတွက် အဖြေမပေးနိုင်။ အရင်းရှင်လူ့အဖွဲ့အစည်းအတွင်း ဘဝ၏ အတက်အကျများကိုလည်း ရှင်းမပြနိုင်။ ကြောက်လန့်ခြင်းခံစားမှု၊ စိတ်ပျက်မှုနှင့် ခိုကိုးရာမဲ့မှုများ လူ့အဖွဲ့အစည်းအတွင်း ကြုံတွေ့နေရခြင်းများအတွက်လည်း အဖြေမရှိပေ။ 


 ဖြစ်တည်မှုပဓါနဝါဒသည် ပထမကမ္ဘာစစ်အပြီးတွင် ဂျာမဏီ၌ ပေါ်ပေါက်လာသည်။ ထို့နောက်ပြင်သစ်၌ ပေါ်ပေါက်လာသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် အခြားနိုင်ငံများ၌ပါ ပေါ်ပေါက်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စု အပါအဝင်ဖြစ်သည်။ ဖြစ်တည်မှုပဓါနဝါဒဆိုသည့်အမည်ကို ၁၉၂၉ ခုနှစ် ကန့်ဝါဒီသစ်အက်ဖ်၊ ဟိုင်နီမန်က အစပြု မိတ်ဆက်ပေးခဲ့သည်။ ဟာဆဲလ်၏ ဖီနိုမီနော်လော်ဂျီ ( ဝိညာဉ်စိတ်၏ အတွေ့အကြုံများကို လေ့လာသော ပညာ)၊ ကဲကီးဂတ်၏ လျှို့ဝှက်ဆန်းကျယ်သော ဘာသာရေးသင်ကြားချက်များတွင် မြစ်ဖျားခံသည့်ဖြစ်မှုပဓါနဝါဒတွင် ပုံသဏ္ဍာန် နှစ်မျိုးရှိသည်။ ဘာသာရေးပုံသဏ္ဍာန် (မာဆဲလ်၊ ဂျက်စ်ပါ၊ ဘာဒီရာရက်ဖ်၊ အစ္စရေးမှ အင်မ်- ဘရူဘာ) နှင့် ဘာသာမဲ့ပုံသဏ္ဍာန် ( ဟေဒဂါ၊ ဆတ်၊ ကမူး အစရှိသူများ) တို့ဖြစ်သည်။ ဆတ်က မိမိကိုယ်မိမိ ဖြစ်တည်မှုပဓါနဝါဒီအဖြစ်ခံယူသော်လည်း ကမူးကမူ

မခံယူပေ။ 


 ဖြစ်တည်မှုပဓါနဝါဒီများအတွင်း အကျော်ကြားဆုံးသူများတွင် အပါအဝင်ဖြစ်သူမှာ ယန်းပေါ်လ်ဆတ် ( Jean-Paul Sartre ) ( ၁၉၀၅- ၁၉၈၀ ) ဖြစ်သည်။ ဆတ်မှာ ပြင်သစ်အဘိဓမ္မာဆရာ၊ ဝတ္တုရေးဆရာနှင့် သူ့ခေတ်သူ့အခါ၏ လွှမ်းမိုးသြဇာရှိသည့် ပြင်ပညာတတ် တဦးဖြစ်သည်။ ထာဝရဘုရားကို မယုံကြည်သည့် ဖြစ်တည်မှုပဓါနဝါဒီအဖြစ် မှတ်ယူကြသည်။ မာ့က်စ်ဝါဒီအဖြစ် မိမိကိုယ်မိမိခံယူသော်လည်း ပြင်သစ်ပြည်ကွန်မြူနစ်ပါတီဝင် တဦးမဟုတ်ခဲ့။ 


 ဆတ်က Ecole Normale Suerieure တွင် ပညာသင်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဂျာမဏီနိုင်ငံ၌ ဟပ်စ်ဆဲလ်၊ ဟေဒဂ္ဂါတို့နှင့် အတူလေ့လာခဲ့သည်။ သူပထမဦးဆုံးရေးသားသော ဝတ္တုမှာ Nausea (၁၉၃၈) ဖြစ်သည်။ The Psycholohy of the Imagination (၁၉၄၀) မှာ ဖီနိုမီနိုလော်ဂျီ စိတ္တဗေဒအကြောင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျာမန်တို့၏ ဖမ်းဆီးခြင်းကို ခေတ္တခံခဲ့ရပြီး စစ်အတွင်း ပဲရစ်၌ နေခဲ့သည်။ အဘိဓမ္မာရေးသက်သက်ဖြစ်သည် (Being and Nothing ness ) ကို ၁၉၄၃ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ သူ၏ Existentialism is a Humanlism ဟောပြောပို့ချချက်များက ဆတ်ကို ပြင်သစ်နိုင်ငံ၏ ထိပ်တန်းဖြစ်တည်မှုပဓါနဝါဒီ တဦးအဖြစ် အခိုင်အမာ ရပ်တည်စေနိုင်ခဲ့သည်။ ဆတ်မှာ နိုင်ငံရေးကို စိတ်ပါဝင်စားသူတဦးဖြစ်သည်။ ဒီ-ဘူးဗွါး- မာလိုပွန်တီ တို့နှင့် အတူ Les Temps Modemes ဂျာနယ်ကို ထုတ်ဝေခဲ့သည်။ ပြင်သစ်ပြည် ကွန်မြူနစ်ပါတီဝင် တဦး မဖြစ်ခဲ့သော်လည်း ၁၉၅၁ ခုနှစ်၌ ကိုယ်ပိုင်နိုင်ငံရေးပါတီတည်ထောင်ရန် ကြိုးစားခဲ့သည်။ 


 ဆတ်၏ အဘိဓမ္မာမှာ လူ့ဘဝ၏သဘာဝနှင့် သိစိတ်ဖွဲ့စည်းပုံဖြစ်သည်။ ဆတ်က လူ့ဘဝဆိုသည်မှာ ပြင်ပလောကနှင့်လူသားတို့၏ ဆက်နွယ်မှုအတွက် ကြိုးစားရုန်းကန်ရခြင်းဖြစ်သည်။ သို့တိုင်သေဆုံးသွားသည့် အချိန်ထိ လူသားသည် ပြင်ပလောကအကြောင်းကို မသိနိုင်ခဲ့။ ဤသို့ဖြင့် အပြစ်ပေးခံရသည့် နယ်ဖြစ်လာသည်။ ဤသည်မှာ ဆတ်၏ အသိစိတ်အပေါ်ယူဆချက်ဖြစ်သည်။ ဆတ်က လူသည် မိမိဖြစ်တည်နေခြင်းကို သိသည်။ လူအဖြစ်ဖြစ်တည်ပြီးနောက်မှ စာရေးဆရာ၊ ကဗျာဆရာ၊ ဆရာဝန် စသည်ဖြင့် သက်ဆိုင်ရာ အရည်အချင်းများရှိလာသည်။ ထို့ကြောင့်လူ၌ ဖြစ်တည်ခြင်းသည် ပထမဖြစ်သည်။ အရည်အချင်းများမှာ နောက်မှ ရရှိလာသည်။ ဤသည်ကို ဆတ်က ဖြစ်တည်ခြင်းက အနှစ်သာရထက်ဦးစွာ ဖြစ်သည်ဟု ဆိုသည်။ 


 လူသားသည် အကြွင်းမဲ့လွတ်လပ်ခွင့်ကို ရှေးဦးစွာကပင်ရရှိပြီးဖြစ်သည်။ လွတ်လပ်ခွင့်နှင့်အတူ ရွေးခြယ်ခွင့်သည်လည်း ရရှိသည်သာ ဖြစ်သည်။ လွတ်လပ်စွာ ရွေးခြယ်ခွင့်ရှိသလို လွတ်လပ်စွာ လုပ်ပိုင်ခွင့်လည်းရှိနေသည်။ ဤကဲ့သို့ လွတ်လပ်စွာ ရွေးခြယ်ခြင်းကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်တို့မှာ ပြင်ပပယောဂကြောင့်မဟုတ်၊ မည်သူတဦးတယောက်၏ တိုက်တွန်း နှိုးဆော်ခြင်းကြောင့်မှ မဟုတ်ပေ၊ ဤကဲ့သို့ လွတ်လပ်စွာ မိမိသဘောအတိုင်းရွေးခြယ်နိုင်ခြင်းက ထိုရွေးခြယ်မှု၌ မိမိအပေါ် တာဝန်ရှိလာသည်။ ဤသည်မှာ လူ၏ မွေးရာပါ လွတ်လပ်မှုကပင် လူကို ဒဏ်ခတ်အပြစ်ပေးလိုက်ခြင်းဖြစ်သည်။ ဒဏ်ခတ်ခံလွတ်လပ်ခြင်းဖြစ်သည်။ (Man is Condemned to be Free) လူအဖြစ်လွတ်လပ်စွာနေရခြင်းသည်ပင်လျှင် ပြစ်ဒဏ်ချမှတ်ခံနေရခြင်း ဖြစ်သည်။ ဤသို့ဖြင့် လွတ်လပ်မှုနှင့် အတူ အထီးကျန်ဖြစ်ရသည်။ စွန့်ပစ်ခြင်းခံရသည်ဟု မြင်လာသည်။ တာဝန်ယူရမည်ကို သိလာခြင်းက ပူပင်သောက (Anguish) နှင့် စိတ်ပျက်မှု (Despair ) ကိုဖြစ်ပေါ်စေသည်။ တာဝန်ကို ရှောင်လွှဲလိုစိတ်က တဖန် မိမိကိုယ်မိမိ မလွတ်လပ်ဟု ခံစားစေပြန်သည်။ မိမိ၏ ရွေးခြယ်ခွင့်ကို စွန့်လွှတ်လိုက်သည်။ ဤသည်မှာ မိမိ၏ ဖြစ်တည်မှုကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်။ မိမိကိုယ်မိမိလိမ်လည်ခြင်း ဖြစ်သည်။ မရိုးသားမှု ( Bad Faithy ) ဟု ဆတ်က ယူဆသည်။ 


 ဆတ်၏ အမြင်အယူအဆများသည် ဟာဆဲလ်နှင့် ဟေဒဂ္ဂါ တို့၏ သြဇာဖြင့် ပုံပေါ်လာခြင်းဖြစ်သည်ဟု ယူဆကြသည်။ သူ၏ အဘိဓမ္မာနှင့် ကဲကီးဂတ်၏ သဘောတရားအကြားတွင် တိကျသည့် ဆက်နွယ်မှု ရှိသည်ဟုလည်း သဘောရကြသည်။ ဖရော့ဒ် (Freud ) ၏ စိတ်ပညာ ခွဲခြမ်းစိတ်ဖြာခြင်းအယူအဆကလည်း ဆန်အပေါ်တစုံတရာ သြဝါဒသက်ရောက်ခဲ့သည်ဟု ဆိုသည်။ လူသားအခြေပြုဝါဒနှင့် ဆန္ဒစွဲဝါဒတို့မှာ ဆတ်အဘိဓမ္မာ၏ ဝိသေသလက္ခဏာဖြစ်သည်။ ဆတ်၏ ရေးသားမှုအများအပြားတွင် မာ့က်စ်ဝါဒ အဘိဓမ္မာ၏ အကူအညီကိုယူကာ ဖြစ်တည်မှုပဓါနဝါဒကို သက်သေပြရန် အချည်းအနှီးကြိုးစားခဲ့သည်။ ဆတ်သည် ဖက်ဆစ်ဝါဒပြန်လည် ခေါင်းမထောင်နိုင်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက်မူ တိုက်ပွဲဝင်ခဲ့သည်။ ကမ္ဘာငြိမ်းချမ်းရေး ကောင်စီ၏ အဖွဲ့ဝင်တဦးဖြစ်သည်။  


• Dictionary of Marxism မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။ 


🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩


စာစဥ္ အတွဲ(၁)၊ အမှတ်(၅) ကို ဖုန်းဖြင့် Downlode ရယူ ဖတ်ရှုနိုင်ပါပြီ။


E- book Version - 

https://drive.google.com/file/d/12DlO6bEe_pa9g3IuDnfj5IYzcey2ZcsV/view?usp=sharing


Black & White Version - 

https://drive.google.com/file/d/10M0Xy2XtqZF1ZHC1vcMnV_21ozInAqIk/view?usp=sharing


ဆိုရှယ်ဒီမိုကရက်မှထုတ်ဝေသော စာစဥ္များကို ပြည်သူများကြား လွတ်လပ်စွာ မျှဝေနိုင်ပါသည်။


#thesocialdemocratpost #‌ဆိုရှယ်ဒီမိုကရက်စာစဉ် #အတွဲ၁အမှတ်၅ #ဆဲဗင်းဂျူလိုင်


Comments