စစ်တပ်နဲ့ ကြံ့ဖွံ့ရဲ့ အနာဂတ်
_____
◾️ရှိန်ဇော် | ဆောင်းပါး | အိုးဝေစာစောင်
အာဆီယံအထူးသံတမန် ဗမာပြည်ရောက်လာတော့ တပ်ဗိုလ် ဗိုလ်မင်းအောင်လှိုင်နဲ့ ကြံ့ဖွံ့ ဗိုလ်သန်းဌေးတို့ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။
တပ်ဗိုလ်နဲ့ ကြံ့ဗိုလ် ဘုံတူတာတခုက သူတို့ အင်အားစုတွေကို ဗမာပြည်သူတွေက မတရားသတ်ဖြတ် ညှင်းဆဲအနိုင်ကျင့်နေပါတယ်ဆိုပြီး အထူးသံတမန်ကို ငိုချင်းချ တိုင်တောကြတာပါပဲ။ (သူတို့ကတော့ ဘာ မှလက်တုန့်ပြန်မှု မလုပ်တဲ့အပေါက်နဲ့ပါ။)
ဟုတ်တော့လည်း ဟုတ်ပါတယ်။ ရပ်ထဲရွာထဲမှာ စစ်သားလုပ်ခဲ့ဖူးတယ်ဆိုတာလောက်နဲ့ကို ပြည်သူလူထုက အော့နှလုံးနာရွံရှာကြတဲ့ အခြေဆိုက်နေပါပြီ။ လက်ဝဲနိုင်ငံရေးသမားကြီး တယောက် ပြောဖူးတဲ့ စကားတခွန်းကို သတိရမိပါတယ်။ တနေ့မှာ လူထုက စစ်အာဏာရှင်စနစ်ကို ဘယ်လောက်ထိ နာကျည်းလာမလဲဆိုရင် လူသေလို့ သတင်းစာမှာ နာရေးထည့်တဲ့အခါ စစ်ဘက်ရဲဘက် ရာထူးအဆင့်အငြိမ်းစား စသဖြင့် ထည့်ပြီး မဖော်ပြရဲတဲ့ထိကို ဖြစ်လာလိမ့်မယ်ဗျ။ အဲ့ဒါဆို အောင်ပွဲနဲ့ အနီးဆုံးနေရာရောက်ပြီလို့ မှတ်ပေတော့ဗျို့တဲ့။
အခု အဲ့ဒီလောက်ကြီး မဟုတ်ပေမယ့် ဟုတ်ခါတော့ အတော်နီးနေပါပြီ။ နာရေးကြော်ငြာ ထည့်ခွင့်မရတဲ့ စစ်မသာတွေ၊ အခေါင်းနဲ့ ယပ်တောင်မှာတောင် ရဲပါလို့ မဖော်ပြဝံ့တဲ့ ရဲမသာတွေ အများကြီး တွေ့နေရပါပြီ။ လူထုရဲ့ လက်နက်ကိုင်တော်လှန်ခုခံမှုဟာ တနှစ်ခွဲလောက် အတွင်းမှာ ကြောက်ခမန်း ကြီးမားကျယ်ပြန့်ခဲ့ပါပြီ။
စစ်တပ်၊ ပျူစောထီး၊ သွေးသောက်စတဲ့ စစ်အစိုးရ လက်နက်ကိုင်အင်အားစုတွေရဲ့ အဆင့်အတန်းဟာဆိုရင်လည်း ဓားပြထက်တောင် နိမ့်ကျနေပါပြီ။ ဘာဥပဒေ၊ ဘာစည်းမျဉ်း သတ်မှတ်ချက်အောက်မှာမှ မရှိတော့ပါဘူး။ ထင်သလိုလု၊ ထင်သလိုရှို့၊ ထင်သလိုသတ်ဆိုတဲ့ အခြေစိုက်နေပါပြီ။ တလောက ထွက်ပေါ်လာတဲ့ လူသတ်တာကို မြိန်ရေယှက်ရေ စမြုံပြန်ပြနေတဲ့ စစ်သားသုံးကောင်ရဲ့ ဗီဒီယိုဖိုင်က ဒီအချက်ကို ထင်ရှားစေပါတယ်။ အညာတခွင် ရွာစဉ်လှည့်ပြီး လု၊ ရှို့၊ သတ် လုပ်နေတာလည်း သက်သေပါပဲ။ ရန်ကုန်လို မြို့တော်ကြီးမှာတောင် လှည်းတန်း၊ ပေငါးဆယ်ဈေးထဲ ဝင်ပြီး လုယက်မီးရှို့ သောင်းကျန်းချင်တိုင်း သောင်းကျန်းလိုက်တဲ့ လုပ်ရပ်ကလည်း မိုက်မဆုံးနိုင်ဘုတွေထဲ မှတ်တမ်းဝင်ခဲ့ပြန်ပါတယ်။
ဒီလိုတွေ တရားလက်လွတ်လုပ်နေတဲ့ကြားကကို လက်နက်ကိုင်ချင်းရင်ဆိုင်ရပြီဆို သူတို့ချည်း အကျအဆုံးများနေတယ်။ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ လက်နက်ကြီးတွေ ကူကယ်နေလို့သာ သူတို့ ဒီလောက်ထိ အသက်ဆက်နေတာ။ နို့မို့လို့ကတော့လား။
ကြံ့ဖွံ့ဘက်ကိုကြည့်ပြန်တော့လည်း တလောက ဗဟိုကော်မတီ စုံညီအစည်းအဝေးကလည်း ပူညံပူညံနဲ့ ပွတ်လောရိုက် အပြီးသတ်သွားတယ်။ ဘူးလက်လှဆွေတို့၊ မင်းကင်းမောင်မြင့်တို့က ခေါင်းဆောင်မှု အပြောင်းအလဲလုပ်ချင်ပြီး ကြံ့ဖွံ့ ဗိုလ်သန်းဌေးက မောင်ကြီးမပြန်နိုင်တယ် လုပ်နေလို့ ပြဿနာပေါ်တာတဲ့။
ဟော . . . အခုလည်း မင်းကင်းမောင်မြင့်ကြီးက ဖွင့်ချလိုက်ပြန်ပြီ။ ကြံ့ဖွံ့ပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်တယောက် ကြံ့ဖွံ့ပါတီရန်ပုံငွေထဲက ကျပ်သိန်းနှစ်သောင်း ချေးထားတဲ့ကိစ္စ ဟိုးလေးတကျော် ဖြစ်ရပြန်ပေါ့။ ကြံ့ဖွံ့ထဲမှာလည်း အတွင်းတိုက်ပွဲတွေ ဖုံးမနိုင်ဖိမရ ဖျက်ချလို့မရတော့တဲ့ ကိုယ်ဝန်လိုဖြစ်လာပြီး မကြာခင် အကောင်လိုက် ထွက်ကျလာတော့မှာ။
တကယ်တော့ စစ်တပ်နဲ့ ကြံ့ဖွံ့ဆိုတာ စစ်အာဏာရှင်စနစ်ရဲ့ အမြွှာဖွားဖက်တော်တွေပါ။ အောက်တန်းစား စစ်ရေးနဲ့ အောက်တန်းစား နိုင်ငံရေးကို အပြိုင်ဆောင်ရွက်ပြီး ဗမာပြည် တိုင်းရင်းသားပေါင်းစုံလူထုကြီးကို လူပါးဝအနိုင်ကျင့် ဖိနှိပ်ချယ်လှယ်နေကြတာပါ။
အခုတော့ စစ်တပ်မှာ ရွေးစရာလမ်းမရှိတော့သလို ကြံ့ဖွံ့မှာလည်း ပြေးစရာမြေမရှိတော့ပါဘူး။ ဒါကိုပဲ တပ်ဗိုလ်ကြီး ဗိုလ်မင်းအောင်လှိုင်ဟာ အာဆီယံ အထူးသံတမန်နဲ့ အတိုက်အခံတွေကို သတင်းစကားပါးလိုက်ပါသေးတယ်။ သူတို့နဲ့ ဆွေးနွေးချင်ရင် အစိုးရကို မဖျက်ဆီးရဘူး။ အစားမထိုးရဘူး။ ဆွေးနွေးမှုမှာ ၂၀၀၈ ခြေဥကို အခြေခံမူအဖြစ် ထားရမယ်ဆိုပဲ။ ကမ်းကုန်အောင် မိုက်ဦးမယ့်သဘောပေါ့။
စစ်တပ်နဲ့ ကြံ့ဖွံ့ရဲ့ အနာဂတ်ဟာ အဖက်ဆယ်လို့ရဦးမယ် ဆိုခဲ့ရင်တောင် (သူတို့မျောနေတဲ့အရာဟာ ပြည်သူတွေရဲ့ ထွေးခံဖြစ်နေလေတော့) ချွဲသလိပ်ဖတ်သာ ဖြစ်နေတော့မှာပါ။ ◾️
(အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၆ မှာ ဖော်ပြမယ့် ဆောင်းပါး)
#Oway0206 #Oway #ABFSU #UYSU

Comments
Post a Comment