ချစ်ရပါသော ရဲဘော် သို့မဟုတ် ထွန်းလင်းနေမယ့် ကြယ်နီတပွင့်


◾ဝေယံ


အဲဒီ့နေ့က ဒီဇင်ဘာ (၁ဝ) ရက် လူ့အခွင့်အရေးနေ့။ တော်လှန်ရေး‌အင်အားစုတချို့ရဲ့ တပ်လှန့်သံနဲ့အတူ ပြည်သူလူထုတရပ်လုံး Silent Strike ကို ဆင်နွှဲနေပြီး ရန်ကုန်မြို့ကြီး တခုလုံး တိတ်ဆိတ်ငြိမ်သက်နေတဲ့နေ့။ ကျနော်နဲ့ တက္ကစီသမားဦးလေးကြီးတို့ မြို့အခြေအနေကို စပ်စုရင်း၊ မှတ်တမ်းယူရင်း ကားပတ်မောင်းခဲ့တဲ့ နေ့ပေါ့။


အဲဒီအချိန်မှာ အွန်လိုင်းပေါ်ကနေ စာတစောင်၀င် လာခဲ့တယ်။ "ညီလေး ဘာလုပ်နေလဲ၊ အကို ပျင်းတယ်ကွာ။" ကိုညီမင်းသူဆီက စာဖြစ်ပါတယ်။ အဲဒီစာကို ရတာနဲ့တပြိုင်နက် ကျွန်တော်နဲ့ ကားသမားဦးလေးကြီးလည်း ကိုညီမင်းသူရှိရာ နေရာကို ဦးတည်မောင်းနှင်ခဲ့ပါတော့တယ်။


ကိုညီမင်းသူနေတဲ့နေရာကို ရောက်တာနဲ့ သူ့ကို ကားပေါ်တင်ပြီး ကျွန်တော်နေတဲ့ နေရာကို တခါတည်း ခေါ်လာလိုက်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ဗကသရဲဘော်တွေ ခေတ္တပုန်းခိုနေထိုင်တဲ့ မရမ်းကုန်းမြို့နယ်ထဲက ဆင်ခြေဖုံးရပ်ကွက်လေးကို ကိုညီမင်းသူ စတင်ရောက်ရှိခဲ့တာပေါ့။ နောက်ပိုင်း အဲဒီရပ်ကွက်လေးမှာ မမျှော်လင့်ထားခဲ့တဲ့ အပြောင်းအလဲတွေ ဆိုက်ရောက်လာမှာကိုတော့ ဘယ်သူမှ မရိပ်မိခဲ့ကြဘူး။ 


ကိုညီမင်းသူဟာ အဲဒီအချိန်မှာ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သူပါ။ အရပ်မတိုမရှည်နဲ့ ခန္ဓာကိုယ်က ခပ်တောင့်တောင့် အနေအထားရှိတယ်။ ဆံပင်ကတော့ ခပ်တိုတိုပုံစံပဲ။ အ၀တ်အစားကို သပ်သပ်ရပ်ရပ်၀တ်ဆင်တတ်ပြီး အသန့်ကြိုက်တတ်သူ။ အသန့် ဘယ်လိုပဲကြိုက်ခဲ့ကြိုက်ခဲ့ နောက်ပိုင်းမှာတော့ ရဲဘော်တွေနဲ့ တသားတည်း အ၀တ်ခပ်နွမ်းနွမ်းတွေကိုသာ ဝတ်ဆင်ခဲ့သူပါ။


အမှတ်တရများစွာ 

___


ဒီလိုနဲ့ ကိုညီမင်းသူနဲ့ ဗကသရဲဘော်တွေ အိမ်လေးစုငှားပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ လူထုစည်းရုံးရေးလုပ်ငန်းတွေကို အဲဒီဆင်ခြေဖုံးရပ်ကွက်လေးကို အခြေတည်ပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ 


ပြောက်ကျားသပိတ်တွေ၊ နိုင်ငံရေးစာစောင် ဖြန့်ဝေတာတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေနဲ့ CDM ၀န်ထမ်းတွေကို ကူညီတာ‌တွေ စတဲ့အလုပ်တွေကိုလုပ်ရင်း အချိန်တွေဟာ တရွေ့ရွေ့ ကုန်ဆုံးလာတယ်။

ကိုညီမင်းသူဟာ အလုပ်လုပ်စရာရှိရင် ကိုယ့်ကိုကိုယ် ဂရုမစိုက်ဘဲ အပင်ပန်းခံ လုပ်တတ်သူပါ။ တရက်မှာတော့ ကိုညီမင်းသူ အလုပ်ဖိအားတွေများပြီး မူးလဲတော့ ရဲဘော်တွေကပဲ ထမ်းပိုးပြီး ဆေးခန်းကို ပို့ခဲ့ရဖူးပါတယ်။ ပြောက်ကျားသပိတ်တွေ လုပ်ပြီဆိုရင်လည်း ဘယ်နေရာကနေ ၀င်ပါရ၀င်ပါရ စိတ်အားထက်သန်စွာ ပါ၀င်ခဲ့သူ ဖြစ်ပါတယ်။ သပိတ်တခုမှာဆိုရင် ကိုညီမင်းသူက စိတ်အားထက်သန်လွန်းလို့ ဖိနပ်တောင်မစီးနိုင်ဘဲ ၀င်ပေါင်းခဲ့တာမျိုးတွေ ရှိတယ်။ သပိတ်ရှိပြီဆိုရင်လည်း မနက်စောစော မနိုးမှာစိုးလို့ တညလုံး မအိပ်ဘဲ ထိုင်စောင့်ခဲ့တာမျိုးတွေ၊ မနက်စာစားမယ့် ပိုက်ဆံတွေကို ကားခမရှိတဲ့ရဲဘော်တွေကို ပေးပြီး အနစ်နာခံခဲ့တာမျိုးတွေအပြင် သပိတ်ရဲ့နောက်ဆုံးမှာနေပြီး အနောက်ကနေ စစ်ကားများ ၀င်လာလေမလားဆိုတဲ့ အတွေးနဲ့ ရဲဘော်တွေကို အနောက်ကနေ စောင့်ရှောက်ပေးနေခဲ့တာမျိုးတွေတောင် ရှိခဲ့တယ်။


တခါက ဆိုက်ကားသမား ဦးလေးကြီးတွေကို အိုးဝေစာစောင်ဝေရင်း သူတို့နဲ့ နိုင်ငံရေးစကားဝိုင်းဖွဲ့ ဖြစ်သွားတာမျိုးတွေအထိ စည်းရုံးရေးအပိုင်းမှာလည်း တော်လွန်းတယ်။ တချို့ရက်တွေ အလှူငွေမလုံလောက်လို့ ရဲဘော်တွေ လုံလုံလောက်လောက် စားဖို့မရှိတဲ့အခါ ကိုညီမင်းသူတယောက် မသိမသာ အိမ်ပေါ်ကနေ ဆင်းသွားပြီး တနေရာရာမှာ ဆေးလိပ်လေးထိုင်ဖွာရင်း ညစာမစားဘဲ ဖြေသိမ့်ခဲ့တာမျိုးတွေကိုလည်း အမှတ်ရမိပါတယ်။ 


ဖမ်းဆီးခံရတဲ့ သတင်းတွေကြားလို့ ရဲဘော်တွေ စိတ်ဓာတ်ကျနေရင်လည်း တော်လှန်ရေးသီချင်းတွေကို အာပေါင်အာရင်းသန်သန် သီဆိုပြီး အားပေးတတ်တဲ့ အစ်ကိုလို မိဘလို ရဲဘော်တဦးပါ။ "ကျောင်းသားထုတေးသံ"၊ "အင်တာနေရှင်နယ်"၊ "ဖက်ဆစ်တပ်တွေရှုံးတော့မှာ" စတဲ့ သီချင်းတွေကို ဂစ်တာတီးရင်းဆိုပြီး ခွန်အားတွေ အပြန်အလှန်မျှဝေကျော်ဖြတ်ရင်း နေ့ရက်‌များစွာ ကုန်ဆုံးခဲ့ကြပါတယ်။ 


ကိုညီမင်းသူက အနုပညာမှာ ပါရမီရှိတယ်။ သီချင်းဆိုကောင်း၊ ဂစ်တာအတီးကောင်းသလို ကဗျာတွေ ခံစားရွတ်ဆိုတဲ့နေရာမှာလည်း အတော်အတန်ကောင်းတယ်။ အားတဲ့အချိန်တိုင်း သီချင်းဆိုပြ၊ ဂစ်တာတီးပြ၊ ကဗျာရွတ်ပြပြီး ညီငယ်၊ ညီမငယ်တွေကို အားပေးလေ့ရှိတယ်။


သူဟာ အစ္စလာမ်ဘာသာ၀င်တဦး ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုးကွယ်ရာ မတူပေမယ့် ယုံကြည်ချက်ခြင်းတော့ တူတယ် မဟုတ်လား။ ဒါနဲ့ တရက်မှာ ကိုညီမင်းသူနဲ့ ကျွန်တော် ၂ ယောက်သား အိမ်ရဲ့ခေါင်းရင်းဖက်မှာ ဗကသအလံတော်ကြီး ချိတ်ခဲ့ပါရော။ "ငါတို့က ဘာသာမတူပေမယ့် ယုံကြည်ရာတော့တူကြတယ်။ ဗကသခွပ်‌ဒေါင်းကို ချစ်မြတ်နိုးတယ်။ အဖွဲ့ချုပ်ကို ယုံကြည်တယ်။ ဒါကြောင့် ငါတို့ ခေါင်းချရာ အရပ်က ဗကသအောင်လံတော် ရှိရာအရပ်ပဲ ဖြစ်ရမယ်။" အဲ့လိုကြွေးကြော်ခဲ့ရင်း ကိုးကွယ်ယုံကြည်ရာ မတူတဲ့ ညီအစ်ကို ၂ ယောက် ဗကသအောင်လံတော် ရှိရာဖက်ကိုပဲ ခေါင်းရင်းလို့ သတ်မှတ်ပြီး အိပ်ခဲ့ကြတယ်။


စစ်အာဏာသိမ်းမှု တနှစ်ပြည့်ပြီ

ကိုညီမင်းသူက ပြည်သူတွေကို ချစ်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့နဲ့အတူ ပြည်သူတွေကြားထဲ နီးနီးကပ်ကပ်နေရင်း စစ်တပ်အာဏာသိမ်းတာ တနှစ်ပြည့်တဲ့နေ့ကို ရောက်လာခဲ့တယ်။ တနှစ်ပြည့်တဲ့နေ့မရောက်ခင် ညကပေါ့။ ကိုညီမင်းသူအပါအ၀င် ရဲဘော်တွေ တယောက်မှအိပ်မပျော်ခဲ့ကြဘူး။ မနက်ဖြန်ဆို အာဏာသိမ်းတာ တနှစ်ပြည့်ပြီဆိုတဲ့ အသိကြီးကြောင့် ထင်ပါတယ်။ ဒါနဲ့ စကားတွေပြောကြရင်း ဆုံးဖြတ်ချက်တခု ချလိုက်ကြတယ်။ တနှစ်ပြည့်တဲ့နေ့မှာ သပိတ်တိုက်ပွဲတခု ဖော်ဆောင်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်။

    

ဒီလိုနဲ့ ညတွင်းချင်း ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး မနက်အတွက် အားတင်းခဲ့ကြတာပေါ့။ အဲ့ညက ဘန်နာဆွဲဖို့ တိုင်ပင်ကြတဲ့အခါမှာ စာသားကို "ဗမာပြည်သစ်အတွက် တိုက်ပွဲ၀င်ကြ" ဆိုတဲ့ ကြွေးကြော်သံ ရွေးဖြစ်ခဲ့ကြတယ်။ အဲဒီကြွေးကြော်သံကို အဆိုတင်သွင်းတာ ကျွန်တော်ဖြစ်ပြီး ထောက်ခံပေးသူကတော့ ကိုညီမင်းသူပါ။ ဒီလိုနဲ့ ကျွန်တော်တို့ရွေးထားတဲ့ ကြွေးကြော်သံနဲ့ အာဏာသိမ်းတာ တနှစ်ပြည့်တဲ့မနက်မှာ သပိတ်ထွက်ခဲ့ကြတယ်။


ကိုညီမင်းသူ ရွေးတဲ့ ကြွေးကြော်သံတွေက ရင်ထဲစွဲကျန်ခဲ့တာ များတယ်။ အရင်ပြောက်ကျား သပိတ်တွေမှာလည်း ဖက်ဆစ်တပ်ရဲ့ မတရားအကျဉ်းချခံထားရတဲ့ ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးကြွေးကြော်ခဲ့တဲ့ "တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်" ဆိုတဲ့ ကြွေးကြော်သံကို အသုံးပြုဖို့ သူပဲ စတင်ခဲ့တာ။ ဒီလိုနဲ့ အာဏာသိမ်းပြီး တနှစ်အကြာ မနက်မှာ ပြောက်ကျားသပိတ် ဆင်နွှဲရင်း အတူကျော်ဖြတ်ခဲ့ကြတာပေါ့။


ကြမ္မာဆိုးငင်တဲ့ နေ့ရက်များ

_____


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျောက်တံတားမြို့နယ်မှာ ပြောက်ကျားသပိတ်တခုကို လူအင်အား လေးဆယ်ခန့်လောက်နဲ့ ဖော်ဆောင်ခဲ့တယ်။ အားရဖို့ကောင်းသလို လိုအပ်ချက်အမှားတွေလည်း ပါခဲ့တယ်။ သပိတ်ခွဲအပြီး သိပ်မကြာခင် SB Ba Nyunt ဆိုတဲ့ စစ်တပ်ထောက်ခံသူ တယ်လီဂရမ်ချန်နယ် တခုကနေ ပြောက်ကျားသပိတ်မှာ သုံးခဲ့တဲ့ကားနံပါတ်နဲ့ ဓာတ်ပုံတက်လာခဲ့တယ်။


ဒီလိုနဲ့ ကားကိုခဏဖျောက်ထားပြီး လူစုခွဲနေခဲ့ကြတယ်။ သံယောဇဉ်တွေနဲ့ တက်ကြွတဲ့စိတ်တွေကြောင့်ပဲ သုံးရက်လောက်အကြာမှာ ခွဲမနေနိုင်တော့ဘဲ လူပြန်စုခဲ့ကြတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညမှာ ကျွန်တော့်ဆီ တော်လှန်ရေးအင်အားစုတခုရဲ့ ပျောက်ကြားသပိတ်အတွက် ဖိတ်ခေါ်မှုတခု ၀င်လာခဲ့တယ်။ ညတွင်းချင်း စီစဉ်ရတာရယ် သတိပေါ့လျော့မှုကြောင့် နံပါတ်ပေါက်ပြီးသား ကားကိုပဲ ပြန်သုံးခဲ့ကြတယ်။ 


အဲ့ဒီအမှားကြောင့်ပဲ ဖေဖော်ဝါရီ ၂၅ ရက်နေ့သပိတ်အပြီး ညနေမှာ ရန်သူက ကျွန်တော်တို့ ပုန်းခိုရာနေရာကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့တာပေါ့။ အဲ့ဒီနေ့ညနေမှာ ကျနော်က ကိစ္စတခုရှိလို့ အပြင်ထွက်ရင်း အပြင်မရောက်ခင် လမ်းခုလတ်မှာ ရန်သူ့တပ်သားတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ကြပါရောလား။ ရန်သူသတိမထားမိအောင် လူအုပ်ကြားထဲ တိုး၀င်ရင်း သူတို့နဲ့ဆန့်ကျင်ဘက်ကို ပြေးထွက်သွားပြီး လုံခြုံရာနေရာတခုမှာ ပုန်းနေခဲ့မိတယ်။ မကြာပါဘူး၊ သေနတ်သံတွေ တဒိုင်းဒိုင်းကြားလိုက်ရတယ်။ ကျွန်တော့်အထင် အချက်နှစ်ဆယ်လောက် ရှိမယ်။ ဒီလိုနဲ့ သုံးနာရီလောက် ပုန်းခိုပြီး ပြန်ထွက်လာခဲ့ချိန်မှာ သတင်းဆိုးတခုက ကျနော့်ကို စောင့်ကြိုနေခဲ့တယ်။ 


ည ၈ နာရီလောက် ပုန်းခိုရာနေရာကနေ​ လုံခြုံရာနေရာကို ထွက်ပြေးလွတ်မြောက်ပြီးချိန်မှာ ကြားလိုက်ရတဲ့ သတင်းက ဗကသရဲဘော် ခုနှစ်ဦး ဖမ်းဆီးခံရပြီး ကိုညီမင်းသူ ကျဆုံးသွားတယ် ဆိုတဲ့သတင်းပါပဲ။ ကျနော် ဆောက်တည်ရာမရဖြစ်သွားခဲ့ပြီး ကြားကြားချင်းမှာပဲ မျက်ရည်တွေကျလာပြီး အဲ့ဒီညက တညလုံးငိုနေမိရင်း အိပ်ပျော်သွားခဲ့တယ်။ နောက်ညတွေမှာလည်း အမှတ်တရတွေက အိပ်မက်ဆိုးတွေအဖြစ်နဲ့ ဆက်တိုက်ဆိုသလို ခြောက်လှန့်နေခဲ့တယ်။


အဲဒီနေ့မှာ စစ်တပ်က ၀င်ပစ်တော့ အိမ်ထဲမှာ ကိုညီမင်းသူအပါအဝင် ရဲ‌ဘော်သုံးယောက် ရှိနေခဲ့တယ်။ နံရံကို ကျော်ပြီး ပြေးဖို့လုပ်ကြပေမယ့် အရှေ့ရဲဘော်ကို ဦးစားပေးခဲ့ရလို့ ကိုညီမင်းသူမှာ အချိန်မမီတော့ဘဲ စစ်တပ်ရဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပါတယ်။ ပထမ တချက်က ကိုညီမင်းသူရဲ့ ရင်ညွှန့်ကို ထိသွားပြီး လဲကျသွားခဲ့တယ်။ လဲကျနေရာက ပြန်အထမှာ စစ်သားတယောက်က နဖူးကို ပစ်ခတ်လိုက်တာကြောင့် နေရာမှာပဲ ကျဆုံးခဲ့ရပါတယ်။ သူ ဦးစားပေး ကယ်တင်ခဲ့တဲ့ ရဲဘော်က လွတ်မြောက်ခဲ့ပြီး ကျန်ရဲဘော်တဦးကတော့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။


ရဲဘော်ညီမင်းသူဟာ ကျဆုံးချိန်မှာ အသက် (၁၈) နှစ်သာရှိသေးပြီး သူချစ်တဲ့ ဗကသအလံလွှင့်ထူထားရာ အိမ်နဲ့ သူချစ်တဲ့ ပြည်သူများရှိရာ မရမ်းကုန်းမြို့နယ်အတွင်းက ဆင်ခြေဖုံးရပ်ကွက်လေးမှာပဲ ဂုဏ်ရည်ပြောင်စွာ ကျဆုံးခဲ့ပါတယ်။ ဖက်ဆစ်စစ်တပ်ဟာ ဗကသရဲဘော် ကိုညီမင်းသူရဲ့ ရုပ်အလောင်းကိုတောင် ပြန်မပေးဘဲ တိတ်တဆိတ် ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။


ကိုညီမင်းသူတယောက် ဖက်ဆစ်စစ်တပ်ရဲ့ ရက်စက်မှုကြောင့် ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးသွားခဲ့ပေမယ့် သူချစ်မြတ်နိုးတဲ့ ဗကသများအဖွဲ့ချုပ်နဲ့ သူ့ကိုချစ်မြတ်နိုးတဲ့ ဗကသရဲဘော်တွေကတော့ ယနေ့ထိတိုင် ဗမာပြည်အနှံ့အပြားက မြို့ပြ၊ ကျေးလက်တွေရဲ့ လမ်းမကြီးတွေပေါ်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို အရှိန်အဟုန်နဲ့ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ဒါကိုသာ ကိုညီမင်းသူတယောက် ငြိမ်းအေးရာအရပ်ကနေ

ကြားသိမြင်တွေ့ခွင့်ရခဲ့ရင် ဗကသရဲဘော်တွေကို ဂုဏ်ယူအားပေးနေလိမ့်အုံးမယ် ထင်ပါတယ်။ ◾️


━ 

ဒီတပတ်အိုးဝေစာစောင်ကို ဖတ်ရှုချင်တယ်ဆိုရင်တော့ အောက်က လင့်ခ်မှာ ‌ဒေါင်းလုတ်ရယူ ဖတ်ရှုနိုင်ပါတယ်။

➥ https://bit.ly/3yDnpO8 


━ 

◾️ အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖတ်ရှုပြီး ရန်ပုံငွေလှူဒါန်းရန် - https://www.facebook.com/736805910427676/posts/812482512860015/?d=n

အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။


━ 

#Oway0206 #Oway #ABFSU #UYSU #လူမျိုးကြီးဝါဒ #တိုက်ဖျက်ကြ #ညီမင်းသူ #Nyiminthu #Whatshappeninginmyanmar

____

Comments