လှောင်အိမ်ကို စွဲလမ်းတမ်းတတဲ့ ငှက်ပျိုမအတွေးအခေါ်ကို ပြတ်ပြတ်သားသားဆန့်ကျင်ကြ။ 

လှဝင်း 




တော်လှန်ရေးသမားတွေမှာ သေနင်္ဂဗျူဟာနဲ့ နည်းပရိယာယ် ရှိတယ်။

 ရန်သူ (စစ်ကောင်စီ)နဲ့ ပတ်သက်ရင် သေနင်္ဂဗျူဟာအရ သဘောထားနဲ့ နည်းပရိယာယ်အရသဘောထား တို့ မတူကြဘူး။

 သေနင်္ဂဗျူဟာအရ ရန်သူကို အထင်မကြီးဘူး။ အမေရိကန်နယ်ချဲ့ဟာ စက္ကူကျား၊ မင်းအောင်လှိုင် စစ်ကောင်စီဟာ ဝါးဆစ်ကျားရုပ်လို့ ဒါကြောင့် ပြောတာ။ ဒါပေမဲ့ နည်းပရိယာယ်အရတော့ ရန်သူဟာ တကယ့်ကျားပဲ။ သူ့အစွယ်တွေ သူ့ခြေသည်းလက်သည်းတွေ တိုက်ခိုက်နိုင်စွမ်းရှိတာကို အသိအမှတ်ပြုတယ်။ 


မျက်မှောက်တော်လှန်ရေးအတွင်း ရန်သူနဲ့ပတ်သက်တဲ့ သေနင်္ဂဗျူဟာပိုင်းမှာ တချို့အင်အားစုတွေနဲ့ တချို့လူတွေဟာ ရန်သူအပေါ် အထင်ကြီးနေတုန်းပဲ။ ဒါဟာ ရန်သူနဲ့ ပတ်သက်တဲ့ သေနင်္ဂဗျူဟာ အမှားပဲ။ ရန်သူကို ဆုတ်ယုတ်ပျက်စီးမှုဘက်ကို ရှေးရှုရွေ့ရှားနေတယ်ဆိုတဲ့ သဘောထား မစိုက်ထူနိုင်သေးတာ တွေ့နေရတယ်။ ဒီတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးစိတ်ဓာတ် ဘယ်မှာ ကြံ့ခိုင်တောင့်တင်းနိုင်တော့မလဲ။ 


ရန်သူကို ဆွေးမြေ့ပုပ်သိုးပြီး ကြွေကျတော့မယ်လို့ မမြင်တဲ့အတွက် တော်လှန်ရေးလို့ နာမည်ခံထားတာတောင် ရန်သူနဲ့ ရင်ကြားစေ့ရေးလမ်းကို ရွေးလမ်းတခုအဖြစ် လက်ထဲမှာ ဖွက်ကိုင်ထားတဲ့အင်အားတွေ ရှိတယ်။ တချို့လည်း ရန်သူနဲ့နားလည်မှုယူ လက်မှတ်ရေးထိုးထားတာတွေ ရှိတယ်။ တချို့လည်း ရန်သူလုပ်တဲ့ ရွေးကောက်ပွဲအတွက် ရန်သူပြင်သလို သူတို့လည်း ကြိတ်ပြင်နေတာတွေ ရှိတယ်။ ဒီအင်အားတွေ ဒီလူတွေဟာ စစ်ကောင်စီနဲ့ ရင်ကြားစေ့တဲ့ ဆုတ်ယုတ်တဲ့လမ်းကို နောက်ကြောင်းပြန်လှည့်မယ့်အန္တရာယ် အချိန်မရွေး ရှိနေတယ်။ ရန်သူက အခွင့်အရေးနည်းနည်းပေးရင် တော်လှန်ရေးကို ဖျက်သိမ်းပြီး ၂၀၀၈ ရွေးကောက်ပွဲလမ်းကြောင်း၊ ၂၀၀၈ အောက်က လွှတ်တော်လမ်းကြောင်းကို ပြန်လျှောက်ဖို့ အိပ်မက် မက်နေသူတွေ ရှိတယ်။


ဒီလူတွေကြောင့် ၂၀၂၁ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကြီး ချုပ်ငြိမ်းသွားမှာ မဟုတ်ဘူး။ 


တော်လှန်ရေးရဲ့ စစ်မှန်တဲ့ အင်အားတွေ ပိုမိုကျစ်လျစ် စုစည်းမိသွားတာပဲ ဖြစ်လိမ့်မယ်။ 


ဒါပေမဲ့ ရန်သူ့လှောင်အိမ်တွင်းက လွတ်မြောက်လာပြီး လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ရနေတာတောင် လှောင်အိမ်ကို စွဲလမ်းတမ်းတနေတဲ့ ငှက်ပျိုမဥပမာလို လှောင်အိမ်ကိုချစ်၊လှောင်အိမ်ကို စွဲလမ်းတမ်းတတဲ့ အတွေးအခေါ်(ရန်သူ့နဲ့ ရင်ချင်းဆက်ချင်တဲ့အတွေးအခေါ်၊ ၂၀၀၈ ရွေးကောက်ပွဲလမ်းကြောင်းနဲ့ ၂၀၀၈ ခြေဥအောက်က လွှတ်တော်တွင်း ဝင်ရေးအတွေးအခေါ်၊ တော်လှန်ရေးဖျက်သိမ်းပြီး စစ်ကောင်စီကို ခွေးကတက်ကနေ အလုပ်အကျွေးပြုရင်း ကိုယ်ကျိုးစီးပွားလိုက်စားချင်တဲ့အတွေးအခေါ်တွေ) ဟာ တော်လှန်ရေးအတွက် အကျိုးမရှိဘူး။ ဒါကြောင့် ဒီအတွေးအခေါ်မျိုးတွေကို ဆန့်ကျင်ရမှာပဲ။ 


မျက်မှောက် ကမ္ဘာမှာ အရင်းရှင်စီးပွားပျက်ကပ် တကြော့ပြန်လာတဲ့ဘက် ရွေ့လျားလာနေတယ်။ ထိပ်သီး အရင်းရှင်နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ရဲ့ စီးပွားရေးအကျပ်အတည်းကတော့ အခြေခံအားဖြင့် ငွေဖောင်းပွမှုက စတာပဲ။ ဒါကို ဆေးမြီးတိုနဲ့ ကုနေကြတယ်။ ဒေါ်လာငွေရဲ့ ဘဏ်တိုးနှုန်းကို သုညနီးပါး ချထားရာက တအားပြန်မြှင့်လိုက်တော့ အမေရိကန်ဒေါ်လာဟာ သူ့ပြည်တွင်းမှာ ဖောင်းပွပြီး ပြည်ပမှာ မာလာတယ်။ ဒေါ်လာဈေးမြင့်လာသလို ယူရိုငွေလည်း လိုက်မြင့်လာရတယ်။ ဒီလို ဆေးမြီးတို ကုစားမှုဟာ ရေရှည်ခံမှာ မဟုတ်ဘူး။ စီးပွားပျက်မှုဟာ ပိုဆိုးတဲ့ဘက်ဆီ ဦးတည်လာမှာပဲ။


 ဒီလို ကမ္ဘာ့နယ့်ချဲ့နဲ့ အရင်းရှင်နိုင်ငံကြီးတွေရဲ့ စီးပွားအကျပ်အတည်းဟာ ဗမာပြည်က မင်းအောင်လှိုင်စစ်ကောင်စီရဲ့ ဘက်စုံအကျပ်အတည်းကို မီးလောင်ရာလေပင့်သလို ရိုက်ခတ်လာတာမို့ မင်းအောင်လှိုင် စစ်ကောင်စီရဲ့အခြေအနေဟာ ဆိုးသထက် ပိုဆိုးလာနေပါတယ်။ စီးပွားရေးဘက်မှာ စကစဟာ ဗဟိုဘဏ် ကန့်သတ်ချက်တွေ ထုတ်ပြီး မငြိမ်မသက် ဒေါ်လာရေစီးကြောင်းမှာ ယက်ကန်ယက်ကန် ရုန်းကန်ဖို့ ကြိုးစားနေတယ်။ သူတို့မှာ ဒေါ်လာငွေ အကျပ်အတည်း ရှိနေတာ ထင်ရှားတယ်။ စစ်အရာရှိ (၆) ဦးကို ဗဟိုဘဏ်ထဲ ဒရောသောပါး ထိုးထဲ့လာတာကလည်း ရုပ်ပျက်ဆင်းပျက်နိုင်လှတယ်။ မင်းအောင်လှိုင်စစ်ကောင်စီဟာ ကျပ်ငွေ ကလည်း ဘယ်လောက် ဖောင်းပွနေသလဲ၊ ခန့်မှန်းဖို့တောင် ခက်နေတယ်။ 


အခုအခြေအနေမှာ အလုပ်သမားတွေနဲ့ လယ်သမားတွေ ကြားထဲမှာလည်း စီးပွားရေးအကျပ်အတည်းတွေ သိသိသာသာ ဖြစ်ပေါ်လာနေတာ ရှိတယ်။ ပြည်သူ့စီးပွားရေးအကျပ်အတည်းက မင်းအောင်လှိုင်စစ်ကောင်စီအပေါ် ပိုမိုပြင်းထန်တဲ့ ဘက်စုံတိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေဆီ ဦးတည်လာနိုင်တယ်။


 စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက ခုအချိန်အထိ တိုင်းပြည်တွင်း အာဏာသက်ရောက်မှု အကျပ်အတည်း၊ အုပ်ချုပ်ရေးအကျပ်အတည်း၊ နိုင်ငံရေးအကျပ်အတည်း၊ စစ်ရေးအကျပ်အတည်း၊ သံတမန်ရေးအကျပ်အတည်း စတဲ့အကျပ်အတည်း ပေါင်းစုံရင်ဆိုင်နေရချိန်မှာ အခု ဘဏ္ဍာစီးပွားအကျပ်အတည်းက ထိချက်ကောင်းကောင်းနဲ့သူတို့အရှိုက်ကို ပြင်းပြင်းထန်ထန် ထိုးထည့်လိုက်တာမို့ မျော့နေအောင် ခံလိုက်ရတယ်။ သူတို့ ဒီတချီ စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ရတာဟာ သူတို့ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ အာဏာထူထောင်ရေး စတဲ့ ဘက်ပေါင်းစုံအကျပ်အတည်းတွေကို ပိုမိုဆိုးရွားတဲ့ အခြေအနေဆီ ထပ်မံတွန်းပို့လိမ့်ဦးမယ်။ ဒီအထဲ အိုင်စီဂျေ မှာ လျှောက်လဲချက်တင်ရာမှာလည်း ရှုံးခြေပြနေတယ်။ ကိုဂျင်မီတို့ (၄) ဦးအပေါ် ကြိုးမိန့်စီရင်ချက်ကို တက်သုတ်နှင်ပြီး အကြောက်တရားနဲ့ ပြည်သူတွေကို ခြောက်လှန့်မှု မိုက်မိုက်ကန်းကန်း လုပ်လာတယ်။ ဒါက တန်ပြန်သက်ရောက်မှုအဖြစ် ပြည်သူတွေက စစ်အုပ်စုအပေါ် နာကြည်းသထက် နာကြည်း၊ မုန်းတီးသထက် မုန်းတီးပြီး စစ်ကောင်စီအမြစ်ပြတ်ချေမှုန်းရေးစိတ်ဓာတ်ကို ပိုမိုခိုင်မာလာစေလိမ့်မယ်။ 


အခက်အခဲ အကျပ်အတည်းတွေ ရှိနေတာ ဖြစ်ပေမယ့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ လင်းရောင်ခြည်ကို မြင်နိုင်စွမ်းရှိကြရမယ်။ လွတ်မြောက်ရေးရဲ့ တောက်ပတဲ့ အနာဂတ်ကို မြင်နိုင်စွမ်းရှိကြရမယ်။


 ဒါနဲ့အတူ ရန်သူဟာ ကျရှုံးပျက်သုဉ်းမှုဆီ ဦးတည်လျှောက်လှမ်းနေတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိထားကြရမယ်။ သေနင်္ဂဗျူဟာအရ မင်းအောင်လှိုင် ဖက်ဆစ်စစ်ကောင်စီဟာ ရွှံ့စေးနဲ့လုပ်ထားတဲ့ ရွှံ့ကျားရုပ်လို့ မြင်ကြရလိမ့်မယ်။ 


ချုပ်ပြောရင်တော့ ရန်သူဟာ အကျပ်အတည်း ကြီးတယ်။ ပျက်သုဉ်းမယ့်ဘက်ဆီး ဦးတည်ရွေ့လျားနေတယ်။ သူ့အခြေအနေ မြင်အောင် ကြည့်ကြ။ ရန်သူကို အထင်ကြီးမနေကြနဲ့။ ရန်သူကို အမြစ်ဖြတ်ချေမှုန်းရေးအတွေးအခေါ်ကို ခိုင်မာတောင့်တင်းအောင် တည်ဆောက်ထားရင် ရန်သူကို နိုင်လိမ့်မယ်။ ရန်သူ ဗုန်းဗုန်းလဲ ကျရှုံးပျက်သုဉ်းတဲ့အခြေအနေ ပေါ်လာနိုင်တယ်ဆိုတာပဲ။ 


ရန်သူနဲ့ စစ်မြေပြင်မှာ (နည်းပရိယာယ်အရ) ရင်ဆိုင်တဲ့အခါကျရင်တော့ တော်လှန်ရေးသမားတွေက (ရန်သူအပေါ် ပေါ့ဆတဲ့ အမှား တချို့တလေ ရှိပေမယ့်) သူ့အပေါ် အလေးထားပြီး သူ့စစ်အင်အားကို ဘက်စုံခွဲခြမ်းသုံးသပ် အလေးအနက် တွက်ချက်ပြီးမှ ဘက်ပေါင်းစုံက အကောင်းဆုံးပြင်ဆင်ကာ တိုက်ခိုက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ 


အညွန့်တလူလူနဲ့ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုး၊ တိုးတက်သထက် တိုးတက်တဲ့ဘက်ကို ရှေးရှုရွေ့လျားနေတဲ့ တော်လှန်ရေးအင်အားစုတွေဟာ မိမိအင်အားကို အားကုန်ထုတ်သုံးတဲ့ အနေအထားမျိုးမဟုတ်သေးပါဘူး။ တောက်မယ့်မီးခဲတွေဟာ တရဲရဲနဲ့ အားယူနေဆဲပါ။

Crd to democracythit

Comments