●── တရားသေသမား နှင့် မုချဝါဒီ ───●


●── တရားသေသမား နှင့် မုချဝါဒီ ───●

လူ့အဖွဲ့အစည်းထဲမှာ တည်ရှိတဲ့ အကြောင်းခြင်းရာတွေကို ပုံဖော်ရှင်းလင်းတင်ပြတဲ့အခါမှာ၊ တစ်မျိုးတည်း၊ တစ်ထောင့်တည်း၊ နည်းနာတစ်ခုတည်း၊ ချည်းကပ်မှုပုံစံ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လူ့အဖွဲ့အစည်းရဲ့ သဘောဟာ၊ ရှုပ်ထွေးတယ်၊ ကျယ်ပြန့်တယ်။ နက်နဲတယ်။ စုံစုံလင်လင် များများပြားပြား ရှိတယ်။ ထိုနည်း လည်းကောင်း ထွေထွေထူးထူးလည်း ရှိတယ်။ 

အထူးသဖြင့် လူမှုဓလေ့နဲ့ လူမှုယဉ်ကျေးမှု ထုံးတမ်းတွေရဲ့ သိမ် မွေ့တဲ့အပိုင်းတွေ ပါလာတာဖြစ်ခြင်းကြောင့်၊ မြင်ရ ဆုပ်ကိုင်ပြလို့ ရတာမျိုးတွေ မဟုတ်ဘူး။ intangible တွေများတယ်လို့ ဆိုနိုင်တယ်။ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးဓလေ့တွေကို ဖမ်းဆုပ်မိမှ ကောက်ချက်ချနိုင်တာမျိုး လုပ်နိုင်ပါလိမ့်မယ်။ ပေါ်ပေါ်ထင်ထင် မဟုတ်တာတွေ၊ ပြတ်ပြတ်သားသား မရှိတာတွေကို ရိပ်ဖမ်းသံဖမ်း လောက်နဲ့ ယေဘုယျချပြီး ကြည့်လို့ မရနိုင်ပါဘူး။ အတွင်းသဘောကို နားလည် နှိုက်ထုတ်နိုင်မှသာ ဖြစ်ပါလိမ့် မယ်။ 

လူ့အဖွဲ့အစည်းထဲမှာ အကြုံးဝင်တဲ့ နိုင်ငံရေးရဲ့သဘောကလည်း ထိုနည်းလည်းကောင်းဖြစ်တယ်။ လူမှုရေး ကိုယ်၌က ကျယ်ပြန့်တဲ့သဘောရှိတယ်၊ နက်နဲတဲ့သဘောရှိတယ်၊ များပြားတဲ့သဘောရှိတယ်၊ ရှုပ်ထွေးတဲ့ သဘောရှိတယ်။ ဧကန်တရားတွေဆိုတာ လူမှုနယ်ပယ်မှာ ပြောဆိုရ ခက်တယ်။ ဒီနေရာမှာ ဒီအဖြေဟာ မှန်ချင် မှန်ပေမယ့်၊ တခြားနေရာမှာ ဒီအဖြေက မမှန်တာမျိုး ရှိတယ်။ ဒီအချိန်မှာ ဒီအဖြေက မှန်ကောင်းမှန်နေပေမယ့်၊ အချိန်ကာလပြောင်းလဲသွားရင် မမှန်ကန်နိုင်တာမျိုးတွေ ရှိတယ်။ ဒါ့ကြောင့် ဧကန်သဘောမဟုတ်ဘူး၊ အနေကန် သဘောလို့ နားလည်နိုင်တယ်။ 

■ လှေနံဓားထစ် အယူဝါဒ ■

ဧကန်သဘောကို ဆုပ်ကိုင်သူတွေထဲမှာ တရားသေသမားတွေဟာ အများဆုံးပါဝင်တယ်။ တရားသေသမား၊ တရားသေဆုပ်ကိုင်သူကို ဧကဝါဒီတွေလို့ အနက်ဖွင့်ပါတယ်။ ဧကဝါဒ ဆိုတာကို တစ်ခုတည်း တရားသေ - လှေနံဓားထစ် အယူအဆလို့ ပြောနိုင်ပါတယ်။ 

တရားသေသမားတွေရဲ့ အခြေခံစကားလုံးမှာ “မုချ” ဆိုတဲ့ စကားလုံးကို တွေ့ရတယ်။ မုချအောင်ရမယ်၊ မုချ ဖြစ်ရမယ် ဆိုတာမျိုးတွေ ခပ်များများတွေ့ရတယ်။ အချိန်နဲ့ အမျှ ပြောင်းလဲလာတဲ့ လူ့အဖွဲ့အစည်းတွေမှာ၊ မုချသမားတွေဟာ နေရာ မရတော့ဘူး။ မတိုးဝင်နိုင်တော့ဘူး။ သို့သော်လည်း တရားသေသမားတွေဟာ မုချဝါဒ၊ ဧကဝါဒကို ဆုပ်ကိုင် ငြင်းဆန်နေမြဲဖြစ်တာတွေ့ရတယ်။ 

လူမှုနိုင်ငံရေးရဲ့သဘောဟာ ရှုပ်ထွေးနဲ့ အကြောင်းခြင်းရာ နှစ်ခုကို ပေါင်းစပ်ထားတဲ့ သဘောဖြစ်ပါတယ်။ ဒါ့ကြောင့် လူမှုနိုင်ငံရေးနယ်က အခြင်းအရာတွေကို လေ့လာတဲ့အခါမှာ ဧကဝါဒီသမားတွေ၊ မုချသမားတွေဟာ အခက်အခဲ တွေ့ရလေ့ရှိတယ်။ 

လူမှုနိုင်ငံရေးဓလေ့နဲ့ ဆက်နွှယ်တဲ့ ပြဿနာတွေကို ချဉ်းကပ်ရာမှာလည်း - ဧကဝါဒီသမားတွေနဲ့ မုချဝါဒသမားတွေဟာ လှေကြီးထိုးရိုးရိုးနဲ့ လှေနံဓားထစ် အဖြေထုတ်ကြတာများတယ်။ အဲသည့်အခါ ပြဿနာတွေဟာ အဖြေမရဘဲ၊ “တစ်”ခံနေတတ်တယ်။ ဝဲလည်လိုက်နေတတ်တယ်။ မျောနေတတ် တယ်။ 

မုချဝါဒီတွေနဲ့ ဧကဝါဒသမားတွေဟာ - ဒိုင်ယာလက်တစ်နည်းလောက်နဲ့ ပြီးစီး စခန်းသိမ်းကြတာများ တယ်။ သူတို့ဟာ ဖောက်ထွက်တွေးခေါ်ခြင်းနဲ့ မယဉ်ပါးကြဘူး။ စဉ်းစားနည်းနိဿယတွေကို တစ်ခုတည်း အပေါ်မှာပဲ ကျောက်ချကျင့်သုံးတာတွေ့ရတယ်။ 

■ လူသစ်တွေက အမှားဟောင်းတွေ လုပ် ■ ■■

တရားသေသမားနဲ့ မုချဝါဒီတို့ဟာ ပန်းတိုင် - မဟာဗျူဟာ နဲ့ နည်းဗျူဟာ ပိုင်းတွေကို‌ ရောထွေးပြီး တစ်ပေါင်း တည်း လုပ်ပစ်တတ်ကြတယ်။ ပန်းတိုင်ကလည်း မဟာဗျူဟာ၊ မဟာဗျူဟာ သည်ပင် နည်းဗျူဟာ။ နည်းဗျူဟာ သည်ပင် ပန်းတိုင်းလို့ သတ်မှတ်ပြီး၊ တစ်ဖက်ပိတ်လမ်းအန္တရာယ်ထဲ ထိုးကျသွားတော့တာပါပဲ။ မုချ သမားတွေနဲ့ ဧကဝါဒီတွေ များပြားလွန်းတဲ့ လူ့အဖွဲ့အစည်းမှာ၊ - political deadlock နဲ့ အမြဲလိုလို ကြုံရလေ့ရှိ တယ်။ ဒါ့ကြောင့်လည်း ဆစ်ဂမန်ဖရွှိုက်ရဲ့ အဆိုမှာ - “သမိုင်းဆိုတာ လူသစ်တွေက အမှားဟောင်းတွေကို လုပ်တာ” လို့ ပြောတာဖြစ်မယ်။ 

မုချသမားတွေနဲ့ ဧကဝါဒီသမားတွေက လေ့လာသင်ယူခြင်းအခံဓလေ့မှာ ဖွင့်ထားလေ့ မရှိဘူး။ ပိတ်ထားတတ် တယ်။ ကိုယ့်ကိုယ်ကို သော့ခတ်ပစ်လိုက်ခြင်းကို တရားသေသမားတွေက လုပ်တတ်တယ်။ ကိုယ့်အတွေးအခေါ် ကို သော့ခတ်ပစ်လိုက်တာ၊ ကိုယ့်လမ်းကို ကိုယ်ပိတ်ပစ်လိုက်တာမျိုး လုပ်လေ့ရှိတယ်။ ဒီတော့ ကျင်းထဲကျပ်ထဲ ရောက်တော့တာပဲ။ ကျင်းထဲကျပ်ထဲမှာ လူးသာလွန့်သာ မရှိတော့တဲ့အခါ၊ အစွန်းရောက်အပြုအမူနဲ့ အဖြေရှာဖို့ ကြိုးစားတော့တာပဲ။ ဒီလိုနဲ့ ဝဲလည်လိုက်နေတာ များတယ်။ 

■ …မှတစ်ပါး အခြား မရှိ ■ 

လေ့လာဆည်းပူးခြင်း အထုံဓလေ့မှာ၊ “ယခု ငါဆွဲကိုင်ထားတဲ့ အယူအဆ” ကလွဲလို့၊ တခြားမရှိဘူးဆိုတာမျိုး လက်ခံယူဆထားလေ့ရှိတယ်။ ထိုနည်းလည်းကောင်းပဲ – 

●─ “၎င်းနည်းလမ်းသည်သာ တစ်ခုတည်းသော နည်းလမ်း” 
●─ “ဤနည်းလမ်းမှတစ်ပါး တခြားသောလမ်းစဉ်ဟူသည် မရှိ” 
ဆိုတာမျိုးတွေ လုပ်လေ့ရှိတယ်။ 

လူမှုသိပ္ပံနဲ့ နိုင်ငံရေးသိပ္ပံနယ်တို့ ပေါင်းစပ်ရောကြိုဖြစ်တည်နေတဲ့ လူမှုနိုင်ငံရေးနယ်က ပြဿနာတွေကို ချဉ်းကပ် အဖြေထုတ်ရာမှာ - ဧကဝါဒသမားတွေနဲ့ မုချဝါဒီတွေဟာ ဉာဏ်စဉ်မမှီဘူးလို့ ပြောနိုင်တယ်။ ဉာဏ်စဉ်မမှီတဲ့အခါ အတွေးအခေါ်အရ လူလားမမြောက်ဘူး။

အတွေးအခေါ်အရ လူလားမမြောက်တဲ့အခါ၊ သူငယ်နာမစင်တဲ့လူကြီးတွေအဖြစ် မဲမဲမြင်ရာ ပတ်ဟောင်တဲ့အဆင့်မျိုးအထိ လျော့ကျသွားတယ်ဆိုတာ၊ သတိသမ္ပတ္တိနဲ့ မပြည့်စုံရှာတဲ့ ၎င်းတို့က မသိရှာပါဘူး။ 

မင်းသေ့ 
ညနေ ၄း၅၂ 
၂၉ ၊ ဇူလိုင်၊ ၂၀၂၂။ 

www.minthayt.com

Comments