ဘာကြောင့်ဖြစ်ဖြစ် နောက်မဆုတ်နဲ့ ရှေ့ဆ‌က်

------------------------------------------------------------




ဒီမနက် ကိုဂျင်မီနဲ့ K (ဇေယျာသော်) တို့ သတင်းကြားတော့ တွေးမိတာတွေကို ပြောချင်လာတယ်။


ရန်သူ့လက်ထဲကျသွားပြီဆိုကတည်းက အကောင်းအတိုင်း ပြန်ရဖို့မလွယ်တော့ဘူးဆိုတာ သိပြီးသားပါ။ဒါကြောင့် ဒီသေဒဏ်စီရင်ချက်အပေါ် ထွေလီကာလီ မသုံးသပ်တော့ပါဘူး။


ဒီလို တရားလက်လွတ်သတ်တာဖြတ်တာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လက်ယဉ်နေတာမျိုးဆိုတော့ အခုကိစ္စက သူတို့လုပ်ရပ်ကို ကျနော်တို့အနေနဲ့ ပိုထင်သာမြင်သာရှိသွားတယ်လို့ပဲ ယူဆပါတယ်။


လူမျိုးစုတွေကိုတောင် လူမျိုးတုန်းတဲ့အထိ သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီဖြစ်သလို တနိုင်ငံလုံးက အရွယ်သုံးပါးမရွေး လက်ရဲဇက်ရဲ သတ်ဖြတ်နေတာ မနေ့တနေ့ကမှမဟုတ်တော့ဘဲ။စစ်ကိုင်းဘက်မှာဆို အမျိုးသမီးတွေကို သတ်ပြီး အလောင်းကိုပါ မုဒိန်းကျင့်ခဲ့တဲ့အဆင့်ထိ ယုတ်မာမှုက ကမ်းကုန်ခဲ့ပြီလေ။


အခုဆွေးနွေးချင်တာက ကျန်တဲ့ပြည်သူတွေကိုပဲ။


(၁) ရန်-ငါ စည်းပြတ်ကိုပြတ်ရတော့မယ်


နွေဦးတော်လှန်ရေးတပ်သားတွေ သင်တန်းဆင်းပွဲမှာ ကြွေးကြော်ကြတာ "အရေးတော်ပုံ အောင်ရမည်၊အောင်ရမည်၊အောင်ကို အောင်ရမည်"ဆိုတဲ့ ကြွေးကြော်သံ။


အရေးတော်ပုံ အောင်ကို အောင်ရမည်ဆိုရင် ပထမဆုံးအဆင့်အနေနဲ့ စစ်တပ်နဲ့ ပြည်သူကြားမှာ အရင်ဆုံး ရန်-ငါ စည်း ပြတ်ကိုပြတ်ရမယ်လို့ တွေးမိတယ်။


ရန်-ငါ ပြတ်ခြင်းသဘောတရားဟာ နိုင်ငံရေးအရ၊စစ်ရေးအရ ရန်သူရဲ့ အစီအစဉ်တွေကို တခုမှ လက်မခံဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်တာမျိုးဖြစ်နေရမယ်လို့ ဆိုလိုချင်တာပါ။


ရန်သူက ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်တာကို သွားတက်တာမျိုး၊သွားတက်သင့်တယ်လို့ သဘောထားပေးတာမျိုး၊သွားသင့်တယ်လို့ စိတ်ကူးယဉ်တာမျိုး စတဲ့ ကိုယ်၊နှုတ်၊နှလုံး ကံသုံးပါးအပြုအမူတွေကအစ ရန်သူ့ဘက် ရပ်တာမျိုးဟာ ရန်-ငါ မပြတ်တဲ့ အခြေခံကလာပါတယ်။


ရွှေဝါရောင်တော်‌လှန်ရေးတုန်းကလည်း "ရန်-ငါ မပြတ်‌လို့ သံဃာပါသတ်ခဲ့ကြ"ပြီးပြီမဟုတ်လား။အာဆီယံကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပေးတွေ့မယ်ဆိုတဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ လှိမ့်လုံးအောက်မှာ ထပ်မမျောကြစေဖို့လည်း သတိထားရပါမယ်။အကယ်၍ ပေးတွေ့ပြီး အာဆီယံမူငါးချက်ကို အကောင်အထည်ဖော်ပါမယ်ဆိုရင် ထုံးစံအတိုင်း ရင်ကြားစေ့ရေးတံခါးပေါက်ကို ပြန်ခေါက်ကြမယ်ဆိုပါစို့။ဒီလိုလုပ်တဲ့သူတွေဟာ စစ်အုပ်စုနဲ့ထပ်တူ သမိုင်းတရားခံတွေဖြစ်တယ်လို့ သတ်မှတ်ရပါလိမ့်မယ်။


(၂) တော်လှန်ရေးအင်အားစုများသွေးစည်းညီညွတ်ရေး


တော်လှန်ရေးအင်အားစုများကြား သွေးစည်းညီညွတ်ရေးကို မူဝါဒသုံးချက်နဲ့ အဆင့်သုံးဆင့်ပေါ်မှာ တည်ဆောက်ကြဖို့လိုပါတယ်။


မူဝါဒသုံးချက်ကတော့


(၁)ဖက်ဆစ်စစ်တပ်ကိုအမြစ်ပြတ်အောင်တော်လှန်ရေး(ဝါ) စစ်သုံးစစ်တိုက်ဖျက်ရေး

(၂)စစ်အုပ်စုနဲ့ ရင်ကြားမစေ့ရေး(ဝါ) ‌မစေ့စပ်ရေး

(၃)လွတ်လပ်မှု၊တရားမျှတမှု၊တန်းတူညီမျှမှု၊သွေးစည်းညီညွတ်မှုစတဲ့ စံတန်ဖိုးများကို လက်ခံကိုင်စွဲရေး


အဆင့်သုံးဆင့်ကတော့


(၁)မိတ်ဖက်အဆင့်ဆက်ဆံရေး

(၂)မဟာမိတ်အဆင့် နီးကပ်စွာဆက်ဆံရေး

(၄)တပ်ပေါင်းစုအဆင့် အတူတကွပူးပေါင်းရေး 


စစ်အုပ်စုကို အစုလိုက်၊အဖွဲ့လိုက် ဟိုနားတကွင်း ဒီနားတကွက် တိုက်ရုံနဲ့တင်မလုံလောက်တော့ဘူး။တပ်ပေါင်းစုအနေနဲ့ စည်းရုံး၊လှုံ့ဆော်၊ဝါဒဖြန့်၊လူထုကိုလက်နက်တပ်ဆင်၊တိုက်ပွဲဝင်ဖို့ လိုအပ်နေတယ်။အပေါ်က မူသုံးချက်နဲ့ အဆင့်သုံးဆင့်ကို လမ်းစဉ်ချပြီး လာမယ့်နှစ်မကုန်ခင်မှာ အကောင်အထည်ဖော်ဖို့လိုပါလိမ့်မယ်။


(၃) ပြည်သူတရပ်လုံးက တော်လှန်ရေးထဲ ပါဝင်လာရေး


ပြည်သူတရပ်လုံး တော်လှန်ရေးထဲပါဝင်လာရေးဟာ အခုလက်ရှိပြောနေတဲ့ ပေါ်ပြူလာလှုပ်ရှားမှုဖြစ်တဲ့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုနဲ့ သဏ္ဍာန်အရရော၊အနှစ်သာရအရပါ မတူတဲ့ တောင်းဆိုမှုဖြစ်ပါတယ်။


အာဏာဖီဆန်ရေးဟာ "မ လေးလုံး"ပေါ်လစီပေါ်မှာပဲ အခြေခံတာပါ။ စစ်အာဏာရှင်နဲ့ ရန်-ငါပြတ်တဲ့သူတိုင်း မ လေးလုံးကို လုပ်နိုင်ပါလိမ့်မယ်။ စစ်တပ်က ခိုင်းရင် မလုပ်ဘူး၊ ပေးရင် မယူဘူး၊ တောင်းရင် မပေးဘူး၊ခေါ်ရင် မသွားဘူး ဆိုတာမျိုးတွေဖြစ်ပါတယ်။ဒါတွေဟာ အနောက်တိုင်းအစဉ်အလာ လစ်ဘရယ်အယူအဆကမြစ်ဖျားခံဆင်းသက်လာတဲ့ ဂျင်းရှပ်တို့လို အကြမ်းမဖက်လှုပ်ရှားမှုသဘောတရားရေးရာ ဆရာတွေ ဟောကြားတဲ့ non-participate အဆင့်မှာပဲရှိသေးတာဖြစ်ပါတယ်။လုပ်တာမဟုတ်ဘဲ မလုပ်တာကို အခြေခံတဲ့အတွက် active အရွေ့သဘောမဆောင်ဘဲ passive အငြိမ်သဘောပဲဆောင်ပါသေးတယ်။


ပြည်သူတရပ်လုံးတော်လှန်ရေးထဲပါဝင်လာရေးဟာ လက်ရှိတော်လှန်ရေးကို အထောက်အကူပြုနေတဲ့ supporting role of revolution ခေါ်တဲ့ ငွေစုစာချုပ်ဝယ်တာ၊လက်နက်ဖိုးပေးတာ၊တော်လှန်ရေးရန်ပုံငွေလှူတာတွေထက်လည်း တဆင့်ပိုတဲ့ တောင်းဆိုမှုဖြစ်ပါတယ်။ပြည်သူတရပ်လုံးဟာ တော်လှန်ရေးထဲ ကျရာအခန်းကနေ တက်တက်ကြွကြွပါဝင်ဖို့ ဖြစ်ပါတယ်။actively participate in revolution လုပ်ကြဖို့ တိုက်တွန်းတာဖြစ်ပါတယ်။


ဒီလိုပါဝင်တဲ့နေရာမှာ အခြေခံပုံစံနှစ်မျိုးနဲ့ပါဝင်လို့ရပါတယ်။မြေအောက်လှုပ်ရှားမှုနဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေပါ။နှစ်ခုစလုံးက တော်လှန်ရေးအလုပ်တွေပဲဖြစ်ပါတယ်။

မြေအောက်လှုပ်ရှားမှုသဏ္ဍာန်အရဆိုရင် မြေအောက်ကွန်ရက်တခုရဲ့ အစိတ်အပိုင်းယူနစ်တစ်ခုဖြစ်တဲ့ ကလပ်စည်းတခုအနေနဲ့ ပါဝင်ရေးဟာ အနိမ့်ဆုံးလုပ်ငန်းဖြစ်ပါတယ်။လူထုတိုက်ပွဲတွေမှာ ဦးဆောင်တဲ့နေရာကပါဝင်ရေးဟာ အမြင့်ဆုံးလုပ်ငန်းဖြစ်ပါတယ်။


လက်နက်ကိုင်လှုပ်ရှားမှုသဏ္ဍာန်အရဆိုရင် လက်နက်ကိုင်အဖွဲ့တခုခုမှာ ရဲဘော်တပ်သားအဖြစ် ပါဝင်ရေးဟာ အနိမ့်ဆုံးလုပ်ငန်းဖြစ်ပါတယ်။အဆုံးအဖြတ်တိုက်ပွဲတွေမှာ ရှေ့တန်းကဦးဆောင်တိုက်ပွဲဝင်ရေးဟာ အမြင့်ဆုံးလုပ်ငန်းဖြစ်ပါတယ်။


ပြည်သူတရပ်လုံးတော်လှန်ရေးမှာပါဝင်ရေးဟာ အတော်လေးကျယ်ပြန့်ပြီး လေးနက်တဲ့ အဓိပ္ပါယ်လည်းဆောင်ပါတယ်။ပြည်သူတဦးချင်းစီဟာ လူ့အဖွဲ့အစည်းထဲက သီးခြားယူနစ်တခုချင်းစီဖြစ်မနေတော့ဘဲ သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ ချိတ်ဆက်ထားတဲ့ တော်လှန်ရေးအစိတ်အပိုင်းတွေဖြစ်နေရေးကို ဦးတည်ပါတယ်။


အလွယ်ဆုံးပြောရရင်တော့ ကိုကျောင်းဆိုတဲ့ လူတယောက်ဟာ သူ့ဖာသာသူနေရင် သာမန်လူတယောက်ပဲဖြစ်ပါတယ်။နိစ္စဓူဝအသက်မွေးဝမ်းကျောင်း အလုပ်တွေလုပ်ကိုင်ရုံသက်သက်ပဲဖြစ်ပါလိမ့်မယ်။မြေအောက်ကွန်ရက်ထဲပါဝင်လာတဲ့အခါ ကိုကျောင်းဟာ မြေအောက်ရဲဘော်တယောက်ဖြစ်လာပြီး နာမည်ဝှက်နဲ့လှုပ်ရှားပါလိမ့်မယ်။သူဟာ မြေအောက်ကွန်ရက်ရဲ့ အ‌ခြေခံကလပ်စည်းတခုထဲမှာ ရဲဘော်သောင်း သို့မဟုတ် ရဲဘော်ကောင်း ဖြစ်ချင်ဖြစ်လာပါလိမ့်မယ်။သူ့ရဲ့ ကလပ်စည်းခေါင်းဆောင်က ပေးအပ်တဲ့တာဝန်အရ ရန်သူကို လျှို့ဝှက်စုံစမ်းပေးရတာမျိုး ဖြစ်ချင်ဖြစ်မယ်၊တော်လှန်ရေးအတွက် ရဲဘော်သစ်စည်းရုံးပေးရတာမျိုးဖြစ်ချင်ဖြစ်မယ်၊တော်လှန်ရေးတပ်သားတွေကို ထောက်ပို့တာဝန်ယူပေးရတာမျိုးဖြစ်ချင်ဖြစ်မယ် အစရှိသဖြင့်.....။


ပြည်သူတရပ်လုံး တော်လှန်ရေးထဲပါဝင်လာရေးကို အနှစ်ချုပ်ကြည့်ရရင်


(၁)အခုတော်လှန်ရေးရေချိန်မြှင့်ဖို့ မလှုပ်ရှားတဲ့ အငြိမ်ဆန့်ကျင်ရေးနဲ့မလုံလောက်တော့ဘူး။


(၂)လှုပ်ရှားသက်ဝင်နေပေမယ့် အနောက်က ပံ့ပိုးပေးရုံသက်သက်မက ပိုမိုတက်ကြွစွာ ပါဝင်ဖို့လည်း လိုအပ်လာပြီ။


(၃)တော်လှန်ရေးတာဝန်ကို မြေအောက်ပုံစံ သို့ လက်နက်ကိုင်တိုက်ပွဲပုံစံ အဆင်ပြေတဲ့နေရာမှာ တာဝန်ထမ်းဆောင်ဖို့ ပြည်သူတွေ ဆုံးဖြတ်ချက်ချရပါလိမ့်မယ်။


ဒီအခြေခံအကြောင်းတရားသုံးခုပေါ်မူတည်ပြီး လူထုတော်လှန်ရေးရေချိန်ကို တဆင့်ပြီး တဆင့် တင်သွားကြဖို့ တိုက်တွန်းလိုပါတယ်။


နောက်ဆုံးအနေနဲ့ ပြောချင်တာက မင်းအောင်လှိုင်က ဘယ်လမ်းခင်းခင်း မယိမ်းယိုင်ဖို့၊မတွေဝေဖို့ ပြတ်သားဖို့ လိုပါတယ်။ကိုဂျင်မီတို့ကို သတ်တဲ့လမ်းပဲဖြစ်ဖြစ်၊ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တဲ့လမ်းပဲဖြစ်ဖြစ် စစ်အာဏာရှင်ဟာ သူ့အကျိုးစီးပွားအတွက် သတ်တာ၊သူ့အကျိုးစီးပွားအတွက် လွှတ်တာပဲဖြစ်ပါတယ်။


ရှင်းရှင်းပြောရရင် သတ်တာလည်း သူ့အကျိုးစီးပွား၊လွှတ်တာလည်း သူ့အကျိုးစီးပွားပါ။ကျနော်တို့ပြည်သူတွေရဲ့ အကျိုးစီးပွားတစက်မှမရှိပါဘူး။ပြည်သူတွေက သတိထားရမှာဖြစ်ပါတယ်။ဘာကြောင့်ဖြစ်ဖြစ် နောက်မဆုတ်နဲ့ ရှေ့ဆက်တော်လှန်ရမှာ ကျနော်တို့ တာဝန်ပါပဲ။


- ကျော်ကိုကို -

၂၅.၇.၂၀၂၂


#ကိုဂျင်မီ #ဖြိုးဇေယျာသော် #thesocialdemocratpost #ဆိုရှယ်ဒီမိုကရက်စာစဉ်

Comments