ကိုကိုးကျွန်းက ခွာခဲ့တာ အနှစ်လေးဆယ် ပြည့်ပြီ
ကိုကိုးကျွန်းက ခွာခဲ့တာ အနှစ်လေးဆယ် ပြည့်ပြီ
ရေးသူ - ရဲဘော်ဖိုးသံချောင်း
ဒီနှစ် ဇူလိုင်၃၁ရက်ဆိုရင် ကိုကိုးကျွန်းပေါ်က (၅၃)ရက် အစာငတ်ခံတိုက်ပွဲကြီးဟာ အနှစ်၄ဝတိတိ ပြည့်ပါပြီ။
ဒီလိုအခါမှာ ညံ့ဖျင်းလှတဲ့ ကိုယ့်မှတ်ဉာဏ်ထဲက ကိန်းဂဏန်း တချို့ကို ပြန်စီနေမိပါတယ်။ ကိုကိုးကျွန်းကို ပို့လိုက်တာက ၁၉၆၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်။ ပြန်ပို့တာက ၁၉၇၁ခုနှစ်၊ နိုဝင်ဘာလထဲမှာ (ရက်အတိအကျမမှတ်မိတော့)၊ စုစုပေါင်း ၂နှစ်နဲ့ ၉လ။ တနည်း ၃၃လ၊ ရက်ပေါင်း၁ဝဝဝလောက်ပါ။
ညကြီးသန်းခေါင် အင်းစိန်ထောင်ထဲကထုတ်၊ နံဘေးမှန်တွေကို စက္ကူဖြူတွေ ကပ်ထားတဲ့ ဟီးနိုး ဘတ်စ်စကားကြီးတွေနဲ့ ဗိုလ်တထောင်ဆိပ်ကမ်းကိုပို့၊ ဂျီသရီး သေနတ်တွေ ချိန်ရွယ်ထားတဲ့ မဆလ စစ်သားတွေ အကြား၊ ထိန်လင်းနေတဲ့ မီးမောင်းကြီးတွေ အောက်မှာ ပြည်တော်အေး သင်္ဘောပေါ်တက်၊ နာရီပေါင်း ၃ဝကျော်လောက် ပင်လယ်ကို ဖြတ်-
"အဲဒါ ကိုကိုးကျွန်းပဲ၊ လာကြည့်ကြ။ ကိုကိုးကျွန်းကို မြင်နေရပြီ" လို့ ပြည်တော်အေး သင်္ဘောဝမ်းဗိုက်ရဲ့ အပေါက်ဝိုင်းလေးထဲကို ကြည့်နေသူတဦးက လှမ်းခေါ်လိုက်တော့ သူများနည်းတူ ကျနော်လည်း ပြေးသွားပြီး ခေါင်းပြူကြည့်ခဲ့ပါတယ်။ သဲသောင်က ဖွေးဖွေး၊ အုန်းပင်လေးတွေက အစီအရီ၊ ကိုင်းတာကကိုင်း၊ မတ်တာက မတ်နဲ့။ လှိုင်းကလေးတွေ ပြေးတက်နေတာကိုလည်း အထင်းသား မြင်ရပါတယ်။ လှလိုက်တဲ့ ကျွန်းတကျွန်းပဲလို့ ခေါင်းထဲမှာ ပေါ်လာမိခဲ့တာကို ဝန်ခံရမှာပါ။ ပထမအမြင်၊ အပေါ်ယံ စဉ်းစားချက်ပါ။ နောက်ကျတော့ မုန်တိုင်းတွေကိုလည်း ဖြတ်သန်းရ၊ အုန်းပင်ပေါ်က လိမ့်ကျလို့ သေဆုံးတာလည်း ကြုံရ၊ လှိုင်းပုတ်ချ သွားလိုက်တာ အလောင်းတောင် ပြန်ရှာမရတာလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အစာငတ်ခံ တိုက်ပွဲဝင်တဲ့ လူတွေ တဦးပြီး တဦး၊ တမြှင်းမြှင်း သေဆုံးနေတာကို သွေးအေးအေးနဲ့ လက်ပိုက်ကြည့်နေတာတွေလည်း တွေ့ရပါတယ်။
အလှနဲ့ ရက်စက်မှု ပြွမ်းတီးနေတဲ့ ကိုကိုးကျွန်းလေ။
ကျွန်းကို ပို့လိုက်တုန်းက နိုင်ငံရေးအကျဉ်းသား အရေအတွက်က စုစုပေါင်း ၂၃၃ ယောက်။ ပြန်ပို့တော့ သင်္ဘောပေါ်မှာ ပါလာတဲ့ နိုင်ငံရေး အကျဉ်းသားအရေ အတွက်က ၂၁၃ ယောက်။ ၁ဝ% လောက် လျော့သွားတယ်။ ၂ နှစ်ကျော် ကာလလေးအတွင်း လျော့သွားတာ။ လျော့သွားတဲ့ အထဲမှာ တိုက်ပွဲကြောင့် ကျဆုံးသွားသူက ၁ဝ ယောက်။ ဖျားနာလို့၊ ကိုယ်ထူကိုယ်ထ စနစ်အရ အစားအသောက် ရှာဖွေရင်း သေဆုံးသူက သုံးယောက်၊ စုစုပေါင်း သေဆုံးသူ ၁၃ ယောက်။ ကိုကိုးကျွန်းပေါ်မှာ နှစ်လခွဲကို နိုင်ငံရေး အကျဉ်းသား တယောက်နှုန်း ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးကြောင့် ပြည်မထောင်ကို ဆေးကုဖို့ ပြန်ပို့လိုက် ရတာက ၇ ယောက်ပါ။
ကျွန်းပေါ်မှာ ငပိပုပ်တိုက်ပွဲ- ၅ ရက်၊ ရက်လေးဆယ်တိုက်ပွဲ- ၄ဝ ရက်၊ ရဲနီဘိုကြူနဲ့ ရဲနီနယ်လင်းတို့ ကျဆုံးခဲ့တဲ့ ရဲနီများရဲ့ (၄၆) ရက် တိုက်ပွဲ၊ အာဇာနည် ၈ ဦး ကျဆုံးခဲ့တဲ့(၅၃) ရက် တိုက်ပွဲ၊ အစာငတ်ခံ တိုက်ပွဲကြီးငယ် စုစုပေါင်း ၄ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ရက်ပေါင်း ၁၄၄ ရက် ရှိခဲ့ပါတယ်။ ကျွန်းပေါ်မှာ နေခဲ့ရတဲ့ ရက်ပေါင်းက ၁ဝဝဝ လောက်ရှိတာ ဆိုတော့ ကိုကိုးကျွန်း အကျဉ်းစခန်း သက်တမ်းမှာ ၁၄% လောက် ဟာ အစာငတ်ခံတိုက်ပွဲ ဖြစ်ပေါ်နေတယ်လို့ ဆိုနိုင်ပါတယ်။
ဒါ့အပြင် အဖွဲ့အစည်း အသီးသီးဟာ အခါကြီး ရက်ကြီးတိုင်းမှာ အခမ်းအနားတွေကလည်း ကျင်းပ ပါတယ်။ မှတ်မိသလောက်ဆိုရင် ရောက်သွားတဲ့ နှစ်မှာ သင်္ကြန်ပွဲတော်ကို အဆိုအကပွဲတွေနဲ့ တခမ်းတနား ကျင်းပခဲ့ပါတယ်။ နောက်ပြီး ပါတီနေ့ (သြဂုတ်လ ၁၅ရက်)၊ လက်နက်ကိုင်တော်လှန်ရေးနေ့ (မတ်လ ၂၈ရက်နေ့)၊ ပြည်သူ့တပ်မတော်နေ့ (စက်တင်ဘာ၁ရက်) ကမ္ဘာ့အလုပ်သမားနေ့ (မေလ ၁ရက်)၊ ၇ရက် ဇူလိုင်၊ စစ်တွေ ဆန်လုပွဲ၊ မဟာအောက်တိုဘာ တော်လှန်ရေးနေ့ (နိုဝင်ဘာ ၇ရက်) စတာတွေကို ပုံမှန်လို ကျင်းပကြပါတယ်။ ပါတီရဲ့ နေ့ထူးနေ့မြတ်တွေမှာဆိုရင် ထူးခြားတဲ့ အစားအသောက်နဲ့ အားကစားပွဲတွေ၊ စစ်တုရင်-ကျား ပြိုင်ပွဲတွေပါ ကျင်းပပါတယ်။ ဒါ့အပြင် အစာငတ်ခံ တိုက်ပွဲမှာ ဖြစ်စေ၊ အခြား အကြောင်းကြောင့်ဖြစ်စေ၊ ကျဆုံးသွားသူ တဦးချင်းကို ရည်စူးပြီးဂုဏ်ပြု၊ သန္နိဋ္ဌာန်ချပွဲတွေလည်း ကျင်းပခဲ့ကြပါတယ်။ ဒီလို ဂီတသံ၊ ကြွေးကြော်သံတွေနဲ့ တခြိမ်းခြိမ်း ကျင်းပတဲ့ အခမ်းအနားတွေနဲ့ အားလုံးရဲ့ စိတ်ဓာတ်တွေကို ထိန်းထားပြီး အချိန်မရွေး တိုက်ပွဲဝင် နိုင်တဲ့ အခြေအနေကို ဖန်တီးနိုင်ခဲ့ပါတယ်။
ဒါတွေနဲ့ တဆက်ထဲ ကိုကိုးကျွန်းပြန်တွေ လက်နက်ကိုင် တော်လှန်ရေးထဲ ဝင်ရောက်သွားတဲ့ လူစာရင်းကို ပြန်စဉ်းစားလိုက်မိပါတယ်။ ပထမဆုံး မှတ်တမ်းထိုးရ မှာကတော့ ကိုကိုးကျွန်းကနေ လှေနဲ့ ထွက်ပြေးပြီး လက်နက်ကိုင် တော်လှန်ရေးထဲ ရောက်သွားတဲ့ မုန်းဒေသက ကျောင်းဆရာ ဦးအောင်ဝေနဲ့ အခု ကေအင်န်ယူမှာ ရောက်နေတဲ့ မန်းငြိမ်းမောင်တို့ ဖြစ်ပါတယ်။ နောက်တော့ ပဲခူးရိုးမ၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ အရှေ့မြောက် စစ်ဒေသတို့ကို တောခိုသူတွေ ဆက်တိုက် ပေါ်လာပါတယ်။ အားလုံး ပေါင်းလိုက်ရင် ကျနော် မှတ်မိတာချည်း ၁၈ ယောက် ရှိပါတယ်။ ဒီအထဲက အများစုက ကျဆုံးသွားပါပြီ။ မှတ်လောက် သားလောက်လည်းဖြစ်၊ ချန်လည်း ချန်မထား သင့်တဲ့ စိတ်ထိခိုက်ဖွယ်ရာ ကောင်းတဲ့ အချက်တခု ကတော့ ကိုကိုးကျွန်းပေါ်တုန်းက ကျနော်တို့ပါတီက ရဲဘော်တွေနဲ့
အလွန်ရင်းနှီး၊ ကျနော်တို့ ရဲဘော်တွေ ကျဆုံးတော့ ဝမ်းပမ်းတနည်း ငိုကြွေးခဲ့ကြတဲ့၊ ကျနော်တို့ တိုက်ပွဲတွေကို အလွန် တက်တက် ကြွကြွ ထောက်ခံခဲ့တဲ့ မလညပ ခေါ် မြန်မာနိုင်ငံ အလုပ်သမားပါတီက ရခိုင် ရဲဘော်နှစ်ဦးဖြစ်တဲ့ ကိုရန်ရွှေနဲ့ ကိုသိန်းမြ တို့ဟာ ကျနော်တို့ ရဲဘော်များနဲ့ အတူ ရခိုင်ပြည်နယ်ထဲရှိ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင် တိုက်ပွဲထဲကို ပါဝင်သွားကြပြီး အဲဒီမှာပဲ ကျဆုံးသွားကြတာ ဖြစ်ပါတယ်။
၁၉၇၁ ခုနှစ်မှာ ကိုကိုးကျွန်းက ပြန်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ အများစုကြီးဟာ ကိုယ်တိုင်က နိုင်ငံရေးကို ဆက်လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သူဖြစ်စေ၊ ကိုကိုးကျွန်းပေါ်မှာ စိုက်ထူခဲ့တဲ့ အာဇာနည်များရဲ့ စိတ်ဓာတ်အပေါ် သစ္စာရှိမြဲရှိကြတာ တွေ့ရပါတယ်။ သူတို့ အထဲက ထောင်ထဲပြန်ရောက် ကြတာတွေ မနည်းသလို ဦးခင်မောင်မြင့်၊ ကိုနီအောင်မေသုတို့လို ထောင်ထဲမှာ ကွယ်လွန်သွားပြီး ပြည်သူက လေးစားရတဲ့ အာဇာနည်တွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ဒါ့အပြင် လေထီးဗိုလ်အုန်းမောင်။ ဆရာရာဂျန်။ (ဆရာ) ဗန်းမော်တင်အောင်၊ (ဆရာ) မြသန်းတင့်တို့လို ကွယ်လွန်ချိန်မှာ ပြည်သူလူထု အထောင်အသောင်းက သူတို့ရဲ့ လေးစားမှုကို ဖော်ပြခြင်းခံရတဲ့ လူတွေလည်း ရှိပါသေးတယ်။
မဆလ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တိုက်ပွဲဝင်ရာမှာ မော်ကွန်းဝင် မီးရှူးတန်ဆောင်တခု ဖြစ်ခဲ့တဲ့ (၅၃) ရက်တိုက်ပွဲမှာ ကျဆုံးသွားသူတွေကို ပြန်ကြည့်လိုက်ရင် အစိုးရဝန်ထမ်း၊ အလုပ်သမား၊ ကျောင်းသား၊ စစ်သား (လေတပ်က) စသဖြင့် အလွှာစုံ လှပါတယ်။ ကဗျာဆရာတောင် ပါသေးတော့ တမင်များ ရွေးခြယ်ထားသလား အောက်မေ့ရပါတယ်။ ဗမာပြည်သား အားလုံးကို ကိုယ်စားပြုတယ်လို့ ဆိုနိုင်ပါတယ်။
တကယ်က ကိုကိုးကျွန်းကို နိုင်ငံရေး အကျဉ်းသားတွေ ပို့လိုက်တယ်လို့ ပြောနေရပေမဲ့ ဒီအထဲမှာ နိုင်ငံရေးနဲ့ ဘာမှမဆိုင်၊ ဒေသဆိုင်ရာ အာဏာပိုင်က အမြင်ကပ်လို့ ကျွန်းပို့ခံရသူ အနည်းအကျဉ်းလည်း ပါပါတယ်။ မော်လမြိုင်က ရုပ်ရှင်ပိုစတာဆွဲတဲ့ တရုတ်လူငယ်လေး၊ မန္တလေးက ကုလား ဆရာဝန်ကြီး ဒေါက်တာကူးမားတို့လို လူတွေဟာ တကယ့်ကို အသလွတ် အဖမ်းခံရ၊ တကျွန်း အပို့ခံရတာပါ။ တအိမ်ထဲနေတဲ့ ဦးလေးကို လာဖမ်းလို့ စပ်စုမိတဲ့ ၁၄ နှစ်သားလေးကို ဖမ်းလာပြီး ပြန်မလွှတ်ပဲ ၁၇-၁၈ နှစ် အရွယ်မှာ ကျွန်း ပို့ပစ်လိုက်တာလည်း ပါလာပါတယ်။ ဒီလိုနဲ့ ကျွန်းပေါ်မှာ အသက်အကြီးဆုံးက ၆ဝ၊ အသက်အငယ်ဆုံးက ၁၇ နှစ် ဖြစ်သွားပါတယ်။ အစာငတ်ခံ တိုက်ပွဲတွေမှာ ကျဆုံးသူများထဲမှာတော့ အသက်အကြီးဆုံး ကိုစိန်ချင်းက ၃၇ နှစ် လောက်ဖြစ်ပြီး အသက်အငယ်ဆုံး ကိုမောင်မောင်စိုးက ၂၅ နှစ် ဖြစ်ပါတယ်။
မဆလ အစိုးရဘက်က စာရင်းချုပ်ရရင်တော့ ဒီကျွန်းပေါ်မှာ အကျဉ်းစခန်း သုံးခုဖွင့်ဖို့ စီစဉ်ထားရာမှာ တခုသာ ဖွင့်နိုင်ခဲ့ပြီး ကျန်တာတွေ မဖွင့်ဝံ့တော့ဘူး။ ဒါကြောင့် သူတို့ရဲ့ နိုင်ငံရေး အကျဉ်းသားတွေကို တကျွန်းမှာ သေတပန်သက်တဆုံး လုပ်ကိုင်စား သောက်စေရေး စီမံကိန်းဟာ အစမှာ ၃၃.၃% အောင်မြင်တယ်။ နောင်မှာ စခန်း အားလုံးကို ဖျက်သိမ်းလိုက်ရတော့ နိုင်ငံရေးအရ သာမက စီးပွားရေးအရပါ လုံးဝ အရှုံးပေါ်သွားတယ်။ နိုင်ငံရေး ရပ်တည်ချက် ခိုင်မာတဲ့၊ သူတို့ကို အပြတ်ဆန့်ကျင်တိုက်ပွဲဝင်တဲ့လူ ၁ဝ ဦး ကို အစာငတ်ခံ တိုက်ပွဲတွေမှာ အသေသတ်နိုင်လိုက်တယ်။ ဒီဘက်မှာတော့ ရာခိုင်နှုန်း၁ဝဝ အောင်မြင်တယ်လို့ ဆိုရမလားပဲ။ ဒါပေမဲ့ အသက်ရှင်လျက် ထောင်က ထွက်သွားသူတွေရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်နိုင်မှုမှာတော့ ၁ဝ% အောင်မြင်တယ်လို့တောင် မဆိုနိုင်ပါဘူး။
ဒါပေမဲ့ ပြည်သူ လူထုဘက်က ကြည့်ရင်တော့ ဒီ ကိုကိုးကျွန်းက ထွန်းပြောင်တဲ့ တိုက်ပွဲတွေ အကြောင်း သိရပြီးနောက် စစ်အာဏာရှင်စနစ် အပေါ် ပိုနာကျည်းလာသူ၊ ပြန်လည် တိုက်ပွဲဝင်သူတွေဟာ ရာခိုင်နှုန်း ထောင်နဲ့ သောင်းနဲ့ တိုးလာတယ်လို့ ဆိုရပါမယ်။
ကိုကိုးကျွန်း အာဇာနည်များရဲ့ စွန့်လွှတ်တိုက်ပွဲဝင် စိတ်ဓာတ် အဓွန့်ရှည်ပါစေ။
ရဲဘော်ဖိုးသံချောင်း [မာယာစာဖတ်ပရိသတ်အတွက် အရေးတော်ပုံဂျာနယ်၊ အတွဲ(၁)၊ အမှတ် (၅)၊ ၂၀၁၁ ခုနှစ် မှ ကူးယူ ဖော်ပြပေးပါတယ်။]
Comments
Post a Comment