"စဝ်ဇန့်ယောင်ဟွေ(သို့) ပညာရှင်တော်လှန်ရေးသမား"
(သမိုင်းထဲကဒီနေ့)
သျှမ်းနိုင်ငံရေးနှင့် တော်လှန်ရေးသမိုင်းကို လေ့လာကြမည်ဆိုလျှင် မည်သို့မျှ ချန်ရစ်ထား၍မရမည့် တော်လှန်ရေးခေါင်းဆောင်၊နိုင်ငံရေးပညာရှင်တစ်ဦးဖြစ်တလဲ စဝ်ဇန်ယောင်ဟွေ (ခ) Eugene Theik ကွယ်လွန်ခဲ့သည်မှာ ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင် ၁၈ နှစ်ပြည်ခဲ့ပြီဖြစ်ပါသည်။
ပုဂ္ဂိုလ်ရေးဘဝ
စဝ်ဇန့်ကို မြန်မာပြည်၏ပထမဆုံးသမ္မတ စဝ်ရွှေသိုက် နှင့် သျှမ်းပြည်တပ်မတော်ကိုထူထောင်ခဲ့သူ မဟာဒေဝီ စဝ်နန်းဟိန်ခမ်းတို့မှ 1939 တွင် ညောင်ရွှေဟော်နန်း၌မွေးဖွားခဲ့သည်။မွေးချင်း ၆ဦးရှိပြီး အကိုအကြီးဆုံးဖြစ်သော စဝ်ဆေခန်ဖ နှင့် ညီဖြစ်သူစဝ်ဆေဟန်ခ (ခ) စဝ်ဟန်ယောင်ဟွေတို့မှာ သျှမ်းနိုင်ငံရေးနယ်ပယ်၌ ကျော်ကြားသူများဖြစ်ကြသည်။အခြားညီတစ်ဦးဖြစ်သူ စဝ်မီမီသိုက်မှာမူ 1962 အာဏာသိမ်းဖြစ်စဥ်တွင် နေဝင်းစစ်အစိုးရ၏လက်ချက်ဖြင့်သေဆုံးခဲ့ရသည်။
အမည်အရင်းမှာ စဝ်ဆေလိန်ဖဖြစ်ပြီး ငယ်မည် စဝ်ဇန့်ကိုအစွဲပြုကာ စဝ်ဇန်ယောင်ဟွေအဖြစ်ကျော်ကြားခဲ့သည်။ဇနီးမှာကျိုင်းတုံမြို့မှနန်းနုနုမြင့်ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားဘဝနှင့်နိုင်ငံရေး
စဝ်ဇန့် ရန်ကုန်တက္ကသိုလ်သို့စရောက်သည့် 1958-59နှစ်များသည် သျှမ်းလူငယ်၊သျှမ်းကျောင်းသားထုကြားတွင် အမျိုးသားနိုင်ငံရေး ရေချိန်မြင့်တက်နေသည့်ကာလဖြစ်ကာ ပထမဆုံး သျှမ်းတော်လှန်ရေးတပ်မတော် နွံဆစ်ဟန် ပေါ်ပေါက်လာပြီး သျှမ်းတက္ကသိုလ်ကျောင်းသား များ နွံဆစ်စန်သို့ တဖွဲဖွဲတောခိုသွားသည့်ကာလလဲဖြစ်သည်။
ထိုကာလတွင် စဝ်ဇန့်သည် ရန်ကုန်တက္ကသိုလ်တွင် သျှမ်းအမျိုးသားနိုင်ငံရေးတက်ကြွသူအဖြစ်ရပ်တည်ရင်း 1961 ခုနစ်တွင် လူမျိုးစုပေါင်းစုံကျောင်းသူးပေါင်းစုံနှင့်စုစည်းလက်တွဲကာ လူမျိုုးစုကျောင်းသားများအဖွဲ့ချုပ် (Nationalities Students United Front) ကို ထူထောင်ခဲ့သည်။
1962 ဆဲဗင်းဂျူလိုင် ဖြစ်စဥ်ကိုလည်းကိုယ်တွေ့ကြုံတွေ့ခဲ့ရသူတစ်ဦးဖြစ်သည်။
လက်နက်ကိုင်တော်လှန်ရေးသမားဘဝသို့
1962 7th July ဖြစ်စဥ်အပြီးတွင် စဝ်ဇန့်ယောင်ဟွေသည် ဘေးလွတ်ရာသို့ရှောင်တိမ်းရင်း 1963 ခုနစ် ဧပြီလတွင် နွံဆစ်ဟန်မှခွဲထွက်လာသော တက္ကသိုလ်ကျောင်းသားများဖြင့်ထူထောင်ထားသည့် SSIA (Shan State Independence Army) သို့ရောက်ရှိကာတောခိုခဲ့သည်။
1964 တွင် မိခင်ဖြစ်သူ Shan State Army ကိုထူထောင်ရာတွင်ပူးပေါင့်းကူညီခဲ့ပြီး SSA တပ်ရင်းအမှတ် ၁ ၏ခေါင်းဆောင်ဖြစ်လာခဲ့ပြီး နောင်ပိုင်းတွင် လက်အောက်၌ တပ်ရင်း ၂ခုရှိသော စစ်တိုင်းအမှတ်၁ ၏စစ်ဦးစီးအဖြစ်တာဝန်ယူခဲ့သည်။
1971 ခုနစ်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုတည်ထောင်ခဲ့သည်။
ချသမိုင်း၊ဝါဒအကွဲအပြဲကာလ
SSPP ကိုတည်ထောင်ပြီး မကြာမှီကာလတွင် SSA အတွင်း၌ ထိုအချိန်က အင်အားကြီးလာသော ဗကပတို့က လက်နက်ကူညီပြီး မဟာမိတ်အဖြစ်ပူးပေါင်းမည့်အရေးနှင့် ပတ်သက်၍ အဖွဲ့တွင်းအငြင့်းပွားမှုပြသနာများစတင်ပေါ်ပေါက်လာခဲ့သည်။
စဝ်ဇန့်အနေဖြင့်မူသျှမ်းပြည်၏လုံးဝလွတ်လပ်ရေးကို လက်ကိုင်ထားသူဖြစ်သကဲ့သို့ တပ်ဖွဲ့၏မူဝါဒလမ်းစဥ်မှာလဲဗကပနှင့်တူညီမှုမရှိသဖြင့် ပူးပေါင်းရေးကိုငြင်းဆိုခဲ့သည်။ထိုသို့လငြင်းဆိုခဲ့မှုကြောင့် သျှမ်းပြည်တပ်မတော်သည် စစ်ဘုရင်ဝါဒနှင့်ဗျူရိုကရက်ဝါဒတို့ကိုကိုင်ဆွဲကာနောက်ပြန်သွားနေကြောင်း ၊သျှမ်းပြည်တပ်မတော်ကိုဦးဆောင်သူမှာ ပဒေသရာဇ်စော်ဘွားမျိုးနွယ်များဖြစ်သည်ဟုဆိုကာ ဝေဖန်အပုပ်ချမှုများစွာကိုရင်ဆိုင်ခဲ့ရသည်။
ဗကပတို့၏ဖိအားနှင့်ကြုံတွေ့နေရသောလက်နက်အခက်အခဲပြသနာကိုဖြေရှင်းရန်အတွက် စဝ်ဇန့်နှင့်ထိုစဥ်က SSPP ဥက္ကဌ ခွန်ကြာနုတို့တိုင်ပင်ကာ 1972 ခုနစ်တွင်စတင်ကာ သျှမ်းပြည်မြောက်ပိုင်းမှသည် သျှမ်းပြည်တောင်ပိုင်းဆီသို့ တပ်များချီတက်ကာ အခြားထွက်ပေါက်အကူအညီများကိုရယူရန်ကြိုးပမ်းခဲ့သည်။
သို့သော်လည်းအခက်အခဲအမျိူးမျိုးနှင့်ကြုံခဲ့ရကာ 1975 တွင်စဝ်စံမိန်းဦးဆောင်သော တပ်ဖွဲ့တစ်ဖွဲ့သာ သျှမ်းပြည်တောင်ပိုင်းတို့ရောက်ရှိအခြေစိုက်နိုင်ခဲ့သည်။*1976 တွင်မူ SSPP အတွင်း ဗကပနှင့်ကွန်မြူနစ်လိုလားသူများ၏ အင်အားကြီးထွားလာခဲ့ပြီး စဝ်ဇန့်နှင့်ခွန်ကြာနုတို့ကို ၎င်းတို့၏ရာထူးမှနှုတ်ထွက်ရန် ဖိအားပေးခဲ့ကြသည်။
ရာထူးမှနှုတ်ထွက်ခဲ့ရပြီးနောက်စဝ်ဇန့်သည် ချင်းမိုင်တွင် ပြောင်းရွေ့နေထိုင်ခဲ့သည်။
တော်လှန်ရေးသမားဘဝမှပညာရှင်အဖြစ်သို့
သို့
1984 ခုနစ်တွင် သျှမ်းနိုင်ငံရေးသမိုင်းအတွက် အကျိုးအလွန်ရှိသော The Shan of Burma:Memories of Shan Exile စာအုပ်ကိုထုတ်ဝေခဲ့သည်။
1985 ခုနစ်တွင် ကနေဒါနိုင်ငံသို့မိသားစုနှင့်အတူပြောင်ူရွေ့နေထိုင်ခဲ့ပြီးနောက် ကနေဒါနိုင်ငံ British,ကိုလံဘီယာတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် Ph.D ဘွဲ့ကိုရရှိခဲ့သည်။
စဝ်ဇန့်သည် ကနေဒါတွင်နေထိုင်ရင်း သျှမ်းနိုင်ငံရေး၊ဖက်ဒရယ်အရေး၊မြန်မာနိုင်ငံအရေးနှင့်ပတ်သက်သော နိုင်ငံရေးစာတမ်းပေါင်းများစွာကိုလည်းရေးသားခဲ့သည်။
1990 ရွေးကောက်ပွဲနောက်ပိုင်းပေါ်ပေါက်လာခဲ့သော UNLD-LAတွင်လည်းအကြံပေးအဖြစ်ပါဝင်ခဲ့သည်။
သျှမ်းပြည်သူများအတွက်သာမက လူမျိုးစုတို့အတွက်ဖက်ဒရယ်အရေးကိစ္စများကိုပါ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူ စဝ်ဇန့်သည် 2004 ခုနစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ဦးနှောက်အကျိတ်ရောဂါဖြင့်ကွယ်လွန်ခဲ့သည်။
စဝ်ဇန့်ကဲ့သို့သော ပညာရှင်တော်လှန်ရေးသမားတစ်ဦးကို မိမိတို့အနေဖြင့်အမြဲတမ်းအမှတ်ရကာ စဝ်ဇန့်မပြီးပြတ်သေးသော သျှမ်းပြည်အရေးကိစ္စများကို ဆက်လက်ထမ်းဆောင်သွားမည်သာဖြစ်သည်။
Ref: The Shan of Burma:Memories of Shan Exile
Tai Students' Union
(သျှမ်းနိုင်ငံရေး၊တော်လှန်ရေး၊ယဥ်ကျေးမှုဖြစ်စဥ်များနှင့်ပတ်သက်သော ရက်အလိုက်အကြောင်းအရာများကို သမိုင်းထဲကဒီနေ့ ဟူသောခေါင်းစဥ်ဖြင့် ဆောင်းပါးများကို မိမိတို့ TSU မှလစဥ်ဖော်ပြသွားမည်ဖြစ်ပါသဖြင့် ဝေဖန်အကြံပြုပေးကျပါရန်ဖိတ်ခေါ်အပ်ပါသည်)

Comments
Post a Comment