သမိုင်းကွင်းဆက် ကွက်လပ်တနေရာ (အပိုင်း ၁)


သမိုင်းကွင်းဆက် ကွက်လပ်တနေရာ
_______

◾️ မင်းဦးကင်း
(The Call ခွန်းဆင့်သံ ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၀၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ)

[၁၉၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးမတိုင်မီ စစ်အာဏာရှင်စနစ် အားကောင်းနေတဲ့ကာလ ၁၉၇၇-၇၈ ခုနှစ်များက ပြည်သူလူထုအကြား သိပ်မထင်ရှားတဲ့ ကျောင်းသားလှုပ်ရှားမှု သမိုင်းကွင်းဆက်တခုအကြောင်း သိစေလိုတဲ့ ဆန္ဒနဲ့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ -- အယ်ဒီတာအဖွဲ့ ]

ခေတ်သစ်မြန်မာ့နိုင်ငံရေးမှာ ကျောင်းသားလှုပ်ရှားမှုတွေဟာ အရေးကြီးတဲ့အခန်းက ပါဝင်ခဲ့တယ် ဆိုတဲ့အချက်ကို ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဒီပါဝင်မှုဟာ ကျောင်းသားမျိုးဆက် အဆက်ဆက် နဲ့ အစဉ်တစိုက် ပါ၀င်မှုဖြစ်တယ်ဆိုတာကိုလည်း ငြင်းကြမှာမဟုတ်ဘူးလို့ ထင်ပါတယ်။
 
ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အစောဆုံးနဲ့အထင်ရှားဆုံးဖြစ်ပြီး အမျိုးသားနေ့အဖြစ်တောင် သတ်မှတ်မော်ကွန်းထိုးခဲ့ရတဲ့ ၁၉၂၀ ပထမကျောင်းသားသပိတ်ကစလို့ ၁၉၃၆ ဒုတိယကျောင်းသားသပိတ်၊ ၁၉၃၈ မှာ ၁၃၀၀ ပြည့် ရေနံမြေအလုပ်သမားသပိတ်နဲ့အတူ ဖြစ်ပေါ်ခဲ့တဲ့ တတိယကျောင်းသားသပိတ်တွေကနေ ၁၉၅၃ အောက်တိုဘာကျောင်းသားလှုပ်ရှားမှု၊ ၁၉၆၂ ဂျူလိုင်(၇)ရက် ကျောင်းသားအရေးတော်ပုံ၊ ၁၉၆၉ ကျွန်းဆွယ်အားကစားပွဲကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၀ တက္ကသိုလ်ရွှေရတု ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ဦးသန့်အရေး ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၅ အလုပ်သမားသပိတ်နှစ်ပတ်လည် ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၆ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရာပြည့် ကျောင်းသားလှုပ်ရှားမှု၊ ၁၉၈၈ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၉၁ ဒီဇင်ဘာ နိုဘယ်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၉၉ ကိုးလေးလုံး မြေအောက်ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၁၅ အမျိုးသားပညာရေးသပိတ် ကျောင်းသားလှုပ်ရှားမှုတွေကတဆင့် ဒီနေ့ ကျောင်းသားလှုပ်ရှားမှု အဆက်ဆက်ဟာ ခေတ်သစ်မြန်မာ့နိုင်ငံရေးမှာ ပြည်သူ့ဘက်က မားမားမတ်မတ်ရပ်ခဲ့တဲ့ ကျောင်းသားတွေရဲ့ အထင်ကရ သမိုင်းမှတ်တိုင်တွေပါပဲ။
 
"ဒီမှတ်တိုင်တွေဟာ ပြည်သူတွေကြားမှာ မြင်သာတဲ့လှုပ်ရှားမှုတွေဖြစ်ပေမဲ့ တချို့အချိန်၊ တချို့နေရာတွေမှာ မမြင်သာတဲ့၊ အမှတ်မထင်ဖြစ်နေတဲ့ ကျောင်းသားလှုပ်ရှားမှု ကွင်းဆက်ကလေးတွေလည်း ရှိနေနိုင်ပါတယ်။ တကယ်တော့ ကျောင်းသားလှုပ်ရှားမှုသမိုင်းဟာ ပြတ်တောက်ရပ်ဆိုင်းသွားခဲ့တာမရှိဘဲ အချိန်နဲ့အမျှ၊ နေရာနဲ့အမျှ အဆက်မပြတ်စီးဆင်းလာခဲ့တဲ့ ရေအလျဉ်သာ ဖြစ်ပါတယ်။ ငြင်ငြင်သာသာ စီးလိုက်၊ လှိုင်းတံပိုး ထန်လိုက်နဲ့ စီးဆင်းလာခဲ့တဲ့ ဒီရေအလျဉ်ကြောင့်သာ ကျောင်းသားလှုပ်ရှားမှုသမိုင်းဟာ ဒီနေ့အထိ မြန်မာပြည်သူလူထုရင်ထဲနဲ့ မြန်မာ့နိုင်ငံရေးသမိုင်းစဉ်မှာ လန်းဆန်းလတ်ဆတ်နေတာပါ။ ဆိုခဲ့သလို မမြင်သာတဲ့၊ အမှတ်မထင်ဖြစ်နေတဲ့ ကျောင်းသားလှုပ်ရှားမှုသမိုင်း ကွင်းဆက်ကလေးတခုကို အလျဉ်းသင့်လို့ ဖော်ထုတ်တင်ပြချင်ပါတယ်။ အဲဒီကွင်းဆက်ကလေးကတော့ ၁၉၇၇-၁၉၇၈ သမိုင်းကွင်းဆက်ကလေးပါ။
 
အားလုံးသိကြတဲ့အတိုင်းပဲ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ (၇၄-၇၅-၇၆) ကျောင်းသားလှုပ်ရှားမှုတွေဟာ လှိုင်းတံပိုးကြီးတွေ ဖြစ်ပါတယ်။ မြန်မာ့သမိုင်းကို ဆယ်စုနှစ်များစွာ ရိုင်းအောင်လုပ်ခဲ့တဲ့ အခုလည်းလုပ်နေဆဲဖြစ်တဲ့ စစ်အုပ်စုဟာ အဲဒီနှစ်ကာလတွေမှာ မိုးအကောင်းဆုံး ရွာခဲ့တာပေါ့။ အဲဒီ ပြည်ဖျက်မိုးကို ကြံ့ခံအံတုခဲ့ကြတဲ့ မြန်မာပြည်သူလူထုရဲ့ ခုခံဆန့်ကျင်မှုတွေကြားမှာ အလုပ်သမားထုအပါအ၀င်ကျောင်းသားထုရဲ့လှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်တွေကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်လည်း စစ်အုပ်စုဗီဇနဲ့ ဒီလှုပ်ရှားမှုတွေကို သွေးထွက်သံယို ပက်ပက်စက်စက် ဖြိုခွဲနှိမ်နင်းခဲ့တာပါ။
 
၇၆ မှိုင်းရာပြည့်လှုပ်ရှားမှု ဖြိုခွဲခံရပြီးမှာ ကျောင်းသားအတော်များများဟာ ထောင်ထဲရောက်သူရောက်၊ တောထဲရောက်သူရောက်နဲ့ တက္ကသိုလ်တွေမှာ ကျန်ရစ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်မှုဟာလည်း တစစီ ပြန့်ကျဲပြီး စစ်အာဏာလက်မဲကြီးအောက်မှာ ယာယီအားဖြင့် မလူးသာမလွန့်သာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ခွပ်ဒေါင်းတို့အားမာန် လှေခွက်ချည့်ကျန်ပစေ အလံမလှဲတဲ့ ကျောင်းသားတွေဟာ စစ်အာဏာအရိပ်ထဲမှာ သိုသိုသိပ်သိပ် လှုပ်ရှားအားယူခဲ့ကြပါတယ်။
 
၁၉၇၆ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ဗမာပြည်တနံတလျားက တစစီဖြစ်ကျန်ရစ်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်မှုကို ကောက်သင်းကောက် ပြန်လည်စုစည်းခဲ့ကြ၊ တိုက်ပွဲကြီးသုံးခုကို သုံးနှစ်ဆက်တိုက် ဆင်နွှဲခဲ့ရလို့ အဖိတ်အစင်များစွာနဲ့ တိုက်ပွဲပန်းနေကြတဲ့ ကျောင်းသားထုကြားမှာ ပြန်လည်ဆော်ဩကြ၊ ၇၄-၇၅-၇၆ တိုက်ပွဲကြီးသုံးပွဲရဲ့ ရလဒ်တွေကို ပြန်လည်သုံးသပ်ကြ၊ ရှေ့တိုက်ပွဲစဉ်အတွက် ပြင်ဆင်အားမွေးကြနဲ့ အမှောင်ထဲက ပိုးစုန်းကြူးနီတွေလိုပါပဲ။ ဒါပေမဲ့ တိုက်ပွဲသဏ္ဍာန်ဆိုတာ ရန်သူက အဓိကပြဋ္ဌာန်းတာမို့ စစ်အုပ်ရဲ့ အကြားအလပ်မရှိတဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်မှာ သူတို့ဟာ မြေအောက်သဏ္ဍာန်နဲ့သာ စုစည်းလှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။

အပိုင်း ၂ ဆက်ရန်

Comments