ရှမ်းပြည်နယ်ရှိ လူမျိုးစု လက်နက်ကိုင်တပ်များ
ရှမ်းပြည်နယ်ရှိ လူမျိုးစုလက်နက်ကိုင်တပ်များ
ရှမ်းပြည်နယ်ထဲမှာ လက်နက်ကိုင်အဖွဲ့တွေတော်တော်များများရှိနေပါတယ်။ အဲတာကြောင့်လည်း ရှမ်းပြည်အရေးက အက်မတန်ရှုပ်ထွေးလှပါတယ်။ ဒီလိုရှုပ်ထွေးလှတဲ့ရှမ်းပြည်က လက်နက်ကိုင်များအကြောင်းတွေထဲက SSPP၊ RCSS နဲ့ UWSP တို့အကြောင်းကိုတော့ ရှေ့ဆောင်းပါးတွေမှာပြောခဲ့ပြီးပါပြီ။ ဒီစာမှာတော့ ရှမ်းပြည်နယ်ထဲမှာကျန်နေသေးတဲ့လက်နက်ကိုင်အဖွဲ့တွေအကြောင်းကို လက်လှမ်းမီသလောက် အကျဥ်းချုပ်ပြီးပြောသွားမှာပါ။
မိုင်းလား (NDAA)
National Democratic Alliance Army (NDAA) ဟာ ရှမ်းပြည်၊ မိုင်းလားဒေသမှာ အခြေစိုက်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရှိစဥ်က ပါတီရဲ့ ၈၁၅ စစ်ဒေသဖြစ်ခဲ့ပြီး အာခါလယ်သမားပြောက်ကျားတွေကို အခြေပြုပေါ်ပေါက်လာတာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ၈၁၅ စစ်ဒေသဟာ ၁၉၈၉ ဧပြီလ ၁၉ ရက်မှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီကခွဲထွက်ခဲ့ပြီး NDAA ဖြစ်လာပါတယ်။ NDAA ဆိုတာကစစ်တပ်ဖြစ်ပြီး သူရဲ့နိုင်ငံရေးအင်အားစုကတော့ Peace and Solidarity Committee (PSC) ဖြစ်ပါတယ်။ PSC ရဲ့ အတွင်းရေးမှူးအဖွဲ့က စစ်ရေးကော်မတီ၊ ဒေသန္တရအုပ်ချုပ်ရေးကော်မတီ၊ စီးပွားရေးကော်မတီ၊ တရားရေးကော်မတီနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီတို့ကိုဦးဆောင်ပါတယ်။ ဒါကြောင့် စစ်ရေးကော်မတီကနေတစ်ဆင့် PSC က လက်နက်ကိုင်တပ်ဖြစ်တဲ့ NDAA ကို ဦးဆောင်ထိန်းချုပ်တယ်လို့ဆိုနိုင်ပါတယ်။ လက်နက်ကိုင်တပ်နဲ့ ဒေသန္တရအုပ်ချုပ်ရေးအင်အားစုစုပေါင်းကတော့ ၆၀၀၀ လောက်ရှိနိုင်တယ်လို့သိရပါတယ်။ ဗကပကနေ ခွဲထွက်လာပြီးသိပ်မကြာလှတဲ့ ၁၉၈၉ ဇွန်လ ၃၀ ရက်မှာပဲ နဝတနဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီးတော့ ရှမ်းပြည်နယ် အထူးဒေသ-၄ အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ NDAA ထိန်းချုပ်နယ်မြေတွေက တရုတ်နဲ့ လာအိုနယ်စပ်တွေမှာရှိပြီး နန့်ပန်းဒေသ၊ မိုင်းလားဒေသ နဲ့ ဆီလူးဒေသတို့ပါဝင်ပါတယ်။ NDAA ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်သာချုပ်ဆိုထားပြီး NCA စာချုပ်မှာလက်မှတ်မထိုးထားပါဘူး။ မဟာမိတ်အနေနဲ့ကတော့ သူ့လိုပဲ ဗကပကနေခွဲထွက်လာတဲ့အဖွဲ့တွေဖြစ်တဲ့ UWSA(ဝ)၊ MNDAA (ကိုးကန့်) တို့နဲ့ နီးကပ်မှုရှိပါတယ်။ တရုတ်နယ်စပ်မှာအခြေစိုက်တဲ့အတွက် တရုတ်နဲ့ဆက်ဆံရေးကောင်သလို လာအို၊ထိုင်းတို့နဲ့လည်း စီးပွားရေးအဆက်အဆံရှိတယ်လို့သိရပါတယ်။
Comments
Post a Comment