သမိုင်းကွင်းဆက် ကွက်လပ် တစ်နေရာ (အပိုင်း ၄)
ဒါတွေကို ကြိုတင်လုပ်ဆောင်နေတဲ့အချိန်မှာ ကျောင်းသား“ထု”ထဲမှာရှိနေတဲ့ ရန်သူ့အထောက်အပံ့ခံ မွေးစားကျောင်းသားသတင်းပေးတွေကို ရဲဘော်တွေအနေနဲ့ သိပ်ဂရုမထားခဲ့ပါဘူး။ ကိုယ့်အကြံ၊ ကိုယ့်မာန်နဲ့ နောက်လှည့်မပြန်ဘူးဆိုတဲ့ “နောင်ရိုးစိတ်ဓါတ်” က တပ်ဦးရဲဘော်အားလုံးလိုလိုမှာ လွှမ်းမိုးခဲ့ပါတယ်။ ဒီအချိန်မှာ ဂျူလိုင်(၃)ရက်၊ စက်မှုတက္ကသိုလ်အထိမ်းအမှတ်ပွဲ အစီအစဉ်ကို ရန်သူကကြိုသိပြီး အင်အားအလုံးအရင်းနဲ့ စောင့်ကြပ်ပိတ်ဆို့ နှိမ်နင်းဖြိုခွဲဖို့ အသင့်ပြင်ထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အသင့်ပြင်ထားတာကို နောက်မဆုတ်ချင်ကြတော့တဲ့ တပ်ဦးရဲဘော်တွေဟာ (၃)ရက်နေ့အစား (၅)ရက်နေ့ကိုရွှေ့ပြီး မဖြစ်မနေလုပ်ဖို့ ထပ်ဆုံးဖြတ်ခဲ့ပါတယ်။ (၅)ရက်နေ့မှာလည်း မဆလစစ်အုပ်စု ထောက်လှမ်းရေးတွေနဲ့ သူတို့ရဲ့ သတင်းပေးကျောင်းသား၊ ဆရာတချို့ဟာ “ဖြိုခွဲရန်အသင့်” အနေအထားနဲ့ စောင့်ကြိုနေကြပြန်ပါတယ်။
အဲဒီနေ့ မနက် (၈)နာရီကျော်ကျော်လောက်မှာ တာဝန်ကျတပ်ဦးရဲဘော်ကျောင်းသားနှစ်ဦးဟာ စက်မှုတက္ကသိုလ် ပင်မအဆောက်အအုံအ၀င်အောက်မှာ စီစဉ်ထားတဲ့အတိုင်း သမဂ္ဂခွပ်ဒေါင်းအလံလွှင့်ထူ၊ ကြွေးကြော်သံတိုင်ပြီး တဖွဲဖွဲရောက်လာတဲ့ ကျောင်းသားတွေကြားမှာ လှုပ်ရှားမှုကို လှုံ့ဆော်ဖောက်ခွဲခဲ့ပါတယ်။ တချိန်တည်းမှာ ကျောင်းသန့်ရှင်းရေးအလုပ်သမား အသွင်ယူ စောင့်ဆိုင်းနေတဲ့ စစ်အုပ်စုထောက်လှမ်းရေးတချို့နဲ့ လမ်းစဉ်လူငယ်ဥက္ကဌ ဆရာဦးစိုးလွင်တို့ဟာ စနက်တံဖောက်ခွဲလိုက်တဲ့ ခေါင်းဆောင်ကျောင်းသား ရဲဘော်ကို လက်သီးနဲ့ပြေးထိုးပြီး ဝိုင်းဝန်းဖမ်းဆီးလိုက်ကြတယ်။ မိမိအင်အား အရံကျောင်းသားရဲဘော်တွေရဲ့ ဝိုင်းဝန်းအော်ဟစ် ကန့်ကွက်ကြတဲ့ကြားက ခေါင်းဆောင်ကျောင်းသားရဲဘော်ကို ပါမောက္ခချုပ်အခန်းထဲ အတင်းအကြပ် ဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်သွားပြီး ပိတ်လှောင်ထားလိုက်ပါတော့တယ်။ နှစ်ကြီးကျောင်းသား တချို့ဟာ ရုတ်တရက်ဖြစ်ပွားခဲ့တဲ့ ဖောက်ခွဲမှုနဲ့ ဝိုင်းဝန်းဖမ်းဆီးမှုကို အငိုက်မိသူမိ၊ စာမေးပွဲနားနီးချိန်မို့ မိမိအတန်းတက်ရေးကိုသာ အာရုံထားသူထားနဲ့ တဖွဲဖွဲ နည်းနည်းချင်းရောက်လာတဲ့ ကျဲကျဲပါးပါး ကျောင်းသား“ထု”ကြားမှာ လှုပ်ရှားမှုရဲ့ စနက်တံဟာ အောင်မြင်စွာ မပေါက်ကွဲခဲ့ပါဘူး။ အခြေအနေကို အကဲခတ်မိတဲ့ နောက်ခေါင်းဆောင်ကျောင်းသားရဲဘော်တဦးကတော့ ထောက်လှမ်းရေးရဲ့ ဖမ်းဆီးချုပ်နှောင်မှုကို မခံဘဲ ရုန်းထွက်လွတ်မြောက်သွားပါတယ်။ မကြာခင်မှာပဲ တပ်ဦးအရံကျောင်းသားရဲဘော်တွေဟာလည်း နာကျည်းခံပြင်းစွာနဲ့ တိုက်ပွဲခွင်ထဲကနေ ဆုတ်ခွာခဲ့ကြရပါတယ်။ ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်မှာ အသင့်ပြင်စောင့်ဆိုင်းနေကြတဲ့ တပ်ဦးကျောင်းသားရဲဘော်တွေနဲ့ မဟာမိတ်ကျောင်းသားရဲဘော်တွေကတော့ မကြာခင်မှာပဲ ရန်ကုန်စက်မှုတက္ကသိုလ် ဖောက်ခွဲမှု ဖြိုခွင်းခံရတာကိုသိပြီး ကြွေးကြော်သံ၊ ဆောင်ပုဒ်ပိုစတာတချို့ကို ကျောင်းနံရံတွေမှာ ကပ်၊ အဓိပတိလမ်းမပေါ်မှာ ဖယောင်းမင်တံနဲ့ရေး၊ လှုံ့ဆော်စာရွက်တချို့ကို ရသလောက်ဖြန့်ကာ လူစုခွဲခဲ့ကြရပါတယ်။ တက္ကသိုလ်အာဏာပိုင်တွေနဲ့ စစ်အစိုးရထောက်လှမ်းရေးတွေဟာ စာရွက်တွေကို လိုက်လံသိမ်းဆည်း၊ နံရံကပ်ပိုစတာတွေကို ခွာချ၊ နံရံရေးဖယောင်းသားတွေကို ဒီအတိုင်းဖျက်မရလို့ အင်္ဂတေသားပါ ခွာချ၊ အဓိပတိလမ်းမပေါ်က ဖယောင်းစာသားတွေကို မရမကလိုက်ဖျက်ပြီး လှုပ်ရှားမှုရဲ့ လက်စလက်နတွေကို အမြန်ဆုံးဖျောက်ဖျက်ခဲ့ကြပါတယ်။ လတ်တလောတိုက်ပွဲခွင်အတွင်းမှာ မိမိဘက်က ကျောင်းသားခေါင်းဆောင် ရဲဘော်တဦး လက်ရဖမ်းဆီးခံခဲ့ရ၊ လှုပ်ရှားမှုမအောင်မြင်တာကလွဲပြီး အကျအဆုံး နည်းပါးခဲ့ပေမဲ့ နောက်ဆက်တွဲလိုက်လံဖမ်းဆီးမှုတွေဟာ အဲဒီနောက်ပိုင်းမှာ စတင်ခဲ့ပါတော့တယ်။
တကယ်တော့ ကျောင်းသားထုအင်အား ထူထပ်များပြားတဲ့ အနေအထားမျိုးမှာ ရန်သူဟာ အခုလိုလက်ရဲဇက်ရဲ ဝိုင်းဝန်းထိုးကြိတ် ဖမ်းဆီးတာမျိုး မလုပ်ရဲပါဘူး။ လုပ်ခဲ့ရင်လည်း ကျောင်းသားချင်းစာနာစိတ်နဲ့ ဝိုင်းရံအော်ဟစ်ခြောက်လှန့် လုယူကယ်ဆယ်လေ့ရှိတာပါ။ ဒါပေမယ့် ရန်သူ့အင်အားအလုံးအရင်းကြားမှာ မိမိအင်အား ကျဲပါးတဲ့အခင်းအကျင်းကြောင့် ခေါင်းဆောင်ကျောင်းသားရဲဘော်ဟာ ကြက်ကလေး၊ ငှက်ကလေး အဖမ်းခံလိုက်ရသလို ရန်သူ့လက်ထဲကိုပါသွားခဲ့ရပါတယ်။
အဲဒီဖြစ်ရပ်နောက်မှာ သတင်းပေးကျောင်းသား ဆရာတွေ၊ စစ်အစိုးထောက်လှမ်းရေးတွေရဲ့စနက်နဲ့ တပ်ဦးကျောင်းသားရဲဘော်အားလုံးနီးပါး အဖမ်းခံခဲ့ကြရပါတယ်။ နောက်ပိုင်းမှာတော့ စစ်အစိုးရရဲ့ အကျဉ်းထောင်ငရဲခန်းနဲ့ မတရားရုံးတင် စစ်ဆေးအရေးယူမှုတွေကို ခံကြရပါတော့တယ်။
အပိုင်း ၅ ဆက်ရန်
Comments
Post a Comment