၁၉၆၇ ခုနှစ် ရခိုင် ဆန်ပြဿနာ
August 13, 2022 by ဘုန်းမောင် | ဆောင်းပါး | အိုးဝေစာစောင်
ဩဂုတ်လ ၁၃ ရက်နေ့ဟာ ရခိုင်လူမျိုးတွေအတွက် အရေးပါတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅၃ နှစ်က ၁၉၆၇ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်မှာ ရခိုင်လူမျိုးတွေ စားစရာဆန်မရှိတော့တာ၊ ဆန်ဈေးအဆမတန် ကြီးမြင့်လာတာ၊ အစိုးရရဲ့ သမဝါယမဆိုင်တွေက ခွဲတမ်းလျော့ချပစ်တာ စတာတွေကြောင့် ဆန္ဒပြရင်းက တော်လှန်ရေးကောင်စီအစိုးရ အကြမ်းဖက်မှုကို မတရားခံခဲ့ကြရတာဖြစ်ပါတယ်။ ယနေ့အချိန်အထိလည်း ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံဒေသအသီးသီးမှာ နှစ်စဉ်နှစ်တိုင်း အဆိုပါ စစ်အစိုးရရဲ့ မတရား သတ်ဖြတ်ခံခဲ့ရတာတွေအပေါ် တရားမျှတမှု ပြန်လည်တောင်းဆိုတာ၊ အမိန့်ပေးပါဝင်ခဲ့သူတွေ တရားဝင် ဝင်ချတောင်းပန်ခိုင်းတာ စတာတွေကို တောင်းဆိုနေကြဆဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဟာ နှစ်စဉ် မိုးများတာကြောင့် မြေဩဇာကောင်းပြီး စိုက်ပျိုးသီးနှံဖြစ်ထွန်းပြီး စပါးအထွက်ကောင်းတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဆန်ရေစပါးပေါကြွယ်ဝသည့်အနေဖြင့် ဓညဝတီရခိုင်ပြည်လို့ ခေါ်ဆိုလေ့ရှိပါတယ်။ စစ်တွေဆိပ်ကမ်းမှာ ကျောက်ဖြူ၊ သံတွဲ၊ စစ်တွေမြို့များအပါအဝင် အခြားမြို့နယ် ၁၇ မြို့နယ်မှ စပါးများကို ဆန်ကြိတ်ပြီး ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေကို အိန္ဒိယ၊ သီရိလင်္ကာ၊ အင်္ဂလန်၊ အရှေ့ဂျာမနီ၊ အင်ဒိုနီးရှား၊ ဂျပန်၊ စင်္ကာပူ၊ ပါကစ္စတန်၊ မလေးရှား၊ ပြင်သစ်၊ အနောက်အာဖရိက နိုင်ငံများကို တင်ပို့ရောင်းချလေ့ရှိပါတယ်။
၁၉၅၃ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ ရခိုင်ပြည်နယ်မှာ ဆန်ထွက်တန်ချိန် ၁ သိန်းဝန်းကျင်ကနေ ၃ သောင်းဝန်းကျင်ကို တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး ၁၉၆၇ ခုနှစ်မှာ ၂ သောင်းခွဲအထိ ကျဆင်းလာတာတွေ့ရပါတယ်။ ထို့အပြင် ၁၉၆၆ - ၆၇ ခုနှစ်တွေမှာ ရခိုင်ပြည်နယ်အတွင်း ရာသီဥတုဖောက်ပြန်ခဲ့တာတွေရှိတာကြောင့် စပါးအထွက်နှုန်း ကျဆင်းခဲ့ပါတယ်။ မဆလ အစိုးရလက်ထက်မှာ ဆန်ရှားပါးမှုဖြစ်လာတာကြောင့် ဆန်ဈေးနဲ့ အခြားအခြေခံစားသောက်ကုန်ဈေးနှုန်းတွေ တဖြည်းဖြည်းကြီးမြင့်တက်လာခဲ့ပါတယ်။
ဓာတ်ပုံ - GSCN Facebook page
ဆန်ပြဿနာဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတစ်ခုက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ မဆလပါတီက “ဗဟိုတောင်သူလယ်သမားကောင်စီ” ကိုဖွဲ့စည်းခဲ့ပြီး အစိုးရက နိုင်ငံခြားတိုင်းပြည်တွေကို ဆန်တင်ပို့ရောင်းချတာ၊ စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ပြီး၊ ချုပ်ချယ်ကန့်သတ်တဲ့ပေါ်လစီတွေချတာတွေပြုလုပ်ခဲ့ပါတယ်။ မဆလအစိုးရက နိုင်ငံခြားဝင်ငွေရရှိအောင် နိုင်ငံခြားကို ဆန်တွေဆက်လက် တင်ပို့ရောင်းချခဲ့တယ်။ လယ်သမားတွေဟာ အစိုးရရဲ့ ကုန်သွယ်လယ်ယာက ဖွင့်ထားတဲ့ စပါးအဝယ်ဒိုင်တွေကို အပြင်ပေါက်ဈေးနဲ့ အများကြီးကွာဟတဲ့ မတရားဈေးနှုန်းတွေနဲ့ စပါးသွင်းခဲ့ကြရတယ်။ ဒါ့အပြင် အစိုးရရဲ့သတ်မှတ်ချက်အတိုင်းမသွင်းနိုင်တဲ့အခါမှာ အစိုးရရဲ့ တရားစွဲဆိုခြင်းကိုခံရပါတယ်။ ဒီကြားထဲ စပါးအဝယ်ဒိုင်တွေက ဒိုင်မှူးတွေ စပါးတင်း တစ်ရာကိုအပြည့်မပေးလို့ ပြန်စောဒကတက်ခွင့်မရတဲ့ မတရားခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေလည်းရှိပါတယ်။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးရဲ့ နှစ် ၅၀ မြောက် ဆန်ပြဿနာနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ချက်မှာ “၁၉၆၇ ခုနှစ်တွင် ရခိုင်ပြည်၌ ရာသီဥတုမကောင်းမွန်၍ မိုးနည်းသဖြင့် စိုက်ပျိုးပင်များမဖြစ်ထွန်းဖြစ်သည့်အတွက် လယ်ယာထွက်ကုန်ဆန်စပါးမှာလည်း အထွက်နည်းသွားခဲ့ပါသည်။ အာဏာရှင် ဗိုလ်နေဝင်းအစိုးရသည် ရခိုင်ဒေသစပါးအထွက်နှုန်း ကျဆင်းမည်ကိုသိရှိလျက် နိုင်ငံခြားသို့စပါးတင်းရေပြည့်မီအောင် ရောင်းချနိုင်ရေးကိုသာ ဦးစားပေးခဲ့သဖြင့် ဒေသတွင်း ဝမ်းစာမဖူလုံဖြစ်ခဲ့ရသည်။” လို့ဖော်ပြထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးအစိုးရလက်ထက်မှာ ရခိုင်ပြည်သူတွေဟာ ကိုယ်စိုက်တဲ့ဆန်ကို လွတ်လွတ်လပ်လပ် မစားသုံးနိုင်ဘဲ၊ သမဝါယမဆိုင်ကပေးတဲ့ ဆန်ခွဲတမ်း တစ်လအတွက်ဝေစု လူကြီးတစ်ယောက်ကို ဆန် ၆၀ ဘူးနဲ့ ကလေးတစ်ယောက် ဆန် ၃၀ ဘူး အတိုင်းစားသောက်ရပ်တည်ကြရပါတယ်။ ၁၉၆၇ ခုနှစ်မှာ မဆလ အစိုးရက အနောက်နိုင်ငံတွေကို ဆန်တင်ပို့ဖို့တင်ကြိုစာချုပ်ချုပ်ဆိုခဲ့တာကြောင့် သမဝါယမဆိုင်တွေက လူကြီးတစ်ယောက်ကို ဆန် ၄၀ ဘူးနှုန်း ခွဲတမ်းလျော့ချပစ်ခဲ့ပါတယ်။ ဩဂုတ်လ ၁ ရက်နေ့ကမှာ အစိုးရက လူကြီးတစ်ယောက် ဆန်ဘူး ၃၀ နဲ့ ကလေးတစ်ယောက် ဆန်ဘူး ၁၅ ဘူးအထိ ထပ်မံလျော့ချပစ်ခဲ့ပါတယ်။ ရခိုင်ပြည်သူလူထုဟာ အစိုးရသမဝါယမဆိုင်တွေကပေးတဲ့ မဝရေစာနဲ့ ဆန်ပြတ်လပ်မှုကို စတင်ခံစားလာရတယ်။
တဖက်မှာလည်း ရခိုင်ပြည်နယ်အတွင်းဆန်ပြတ်လပ်နေတာကြောင့် ဆန်ဈေးအဆမတန်တက်တာ၊ ပိုက်ဆံရှိနေပေမယ့် ဝယ်လို့မရတာ စတဲ့အခြေအနေတွေလည်းဖြစ်ပေါ်ခဲ့တယ်။ ဆန်ဈေးနှုန်းဟာ ယခင်က တပြည် ပြား ၆၀ ဝန်းကျင်ကနေ ၄ - ၅ ကနေ ၇ ကျပ် ၈ ကျပ်အထိဖြစ်လာခဲ့ပါတယ်။ ငွေကြေးမတက်နိုင်သူအများစုဟာ ဆန်ဈေးနှုန်းအဆမတန် မြင့်တက်လာတာ၊ ဆန်ရှာမရတာတွေကြောင့် ဆန်အစား ဆန်ပြုတ်၊ ပိန်းဥ၊ ချဉ်ပေါင် စတာတွေကို စားသောက်ခဲ့ရတယ်။ ဒါ့အပြင်ဆန်နဲ့ ဆက်စပ်ပြီး စစ်တွေလမ်းကြိုလမ်းကြားတွေမှာ ဆန်တောင်းစားတာ၊ မှောင်ခိုဆန်ရောင်းဝယ်တာ၊ ဆန်ဓားပြတိုက် အုပ်စုလိုက် လုယက်တာ၊ ဆန်သိုလှောင်ရုံတွေဖောက်တာ အစရှိတာတွေ မကြုံစဖူးကြုံလာရတယ်လို့ဆိုပါတယ်။
လက်ငင်း အငတ်ဘေးကျရောက်နေတဲ့ပြဿနာကိုဖြေရှင်းဖို့ ဩဂုတ်လ ၁၁ ရက်နေ့မှာ ဆတ်ရိုးကျဆိပ်ကမ်းမှ ဂိုဒေါင်အပြည့် ဆန်အိတ်များစုပုံထားသည့် ဆန်ဂိုဒေါင်များကိုဖောက်ဖျက်ယူကြဖို့ဆုံးဖြတ်ပြီး ဂိုဒေါင်တွေထဲက ဆန်တွေကိုသယ်ယူခဲ့ကြတယ် လို့ ခိုင်အောင်ကျော် (နယူးယောက်) ရဲ့ ကိုယ်တွေ့ မှတ်တမ်းမှာဖော်ပြထားပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့မှာ ခရိုင်လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကော်မတီ (ခ၊ လ၊ က) ရုံးမှာ ဆန်ပြဿနာနဲ့ပတ်သက်တဲ့အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး၊ လူတစ်ယောက်ကို ဆန် ၁၄ ဘူးစီဖြင့် တလဖြန့်ဖြူးရောင်းချပေးမယ့် သတင်း ထွက်ပေါ်လာခဲ့ပါတယ်။ ထို့နောက် “တနေ့ဆန်တဘူး၊ ပြုတ်ဆန်နှင့် ဆန်ကွဲပေးလျှင် ရသည်” ဟု အာဏာပိုင်များကိုတင်ပြခဲ့သည့် မြူနီစပါယ်ဥက္ကဋ္ဌ ဦးမောင်ကျော်အိမ်ကို ရခိုင်လူငယ် ၃၀ ကျော် စုဝေးပြီး ချီတက်ခဲ့ကြပါတယ်။
နောက်တနေ့ “စစ်တွေမြို့ရှိဆန်ဂိုဒေါင်များတွင် ဆန်အပြည့်ရှိလျက်နှင့် အစိုးရမှဆန်ရောင်းချမပေးခြင်း၊ လူတစ်ယောက်လျှင် နို့ဆီဘူး ၁၄ ဘူးသာရောင်းချပေးခဲ့ခြင်းတို့ကြောင့် စစ်တွေမြို့ရှိ ရခိုင်ပြည်သူလူထုသည် နိုင်ငံခြားသို့တင်ပို့ရန် ဆန်ဂိုဒေါင်များ၌ လှောင်ထားသောဆန်များကို ရောင်းချပေးရန် ၁၉၆၇ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။” အဆိုပါဆန္ဒပြပွဲမှာ “ဆန်ပြဿနာ ဖြေရှင်းပါ။ ရခိုင်အရေးတော်ပုံအောင်ရမည်။” ဆိုတဲ့ စာသားပါတဲ့ ပိတ်ဖျင်စကိုကိုင်ပြီး နေ့လည် ၁ နာရီလောက်မှာ ဘုရားကြီးရှေ့ကနေစတင်ထွက်ခွာခဲ့ကြပါတယ်။ ဆန္ဒပြသူ ထောင်ကျော်လောက်ဟာ “နှာခေါင်းပိုင်း နေဝင်းအစိုးရ အလိုမရှိ။” “မဆလအစိုးရ အလိုမရှိ။” “ဆန်ပြဿနာ ဖြေရှင်းပါ။” “ရခိုင့်အရေးတော်ပုံ အောင်ရမည်။” “ပြုတ်ဆန်မစား ရခိုင်သား။ ဆန်ပြုတ်မစား ရခိုင်သား” စတာတွေကို ကြွေးကြော်ပြီး လမ်းမတော်လမ်းဆုံအထိချီတက်ခဲ့ကြပါတယ်။
စက်ရုံစုလမ်းနဲ့ ကသဲရွာလမ်းထိပ် “မြ” ဆန်စက်ရှေ့ရောက်တဲ့အခါ မဆလ တိုင်းခွဲ ၁၃ ဥက္ကဋ္ဌ ဗိုလ်ချုပ်စောဖြူ (လေ) ဦးဆောင်ပြီး သံဆူးကြိုး၊ ဟီးနိုးကားကြီးတွေနဲ့ စစ်သားအများအပြား လမ်းဖွင့်မပေးဘဲ ပိတ်ဆို့ကာဆီးထားကြတယ်။ ထို့နောက် ပုဒ်မ ၁၄၄ ညမထွက်ရ၊ လူ ၅ ဦးထက်ပိုမစုရအမိန့်ထုတ်ပြီး လူစုခွဲခိုင်းခဲ့တယ်။ ဆန္ဒပြသူတွေဟာ လမ်းဖွင့်မပေးသဖြင့် မတ်တပ်ရပ်ပြီး ဆက်လက် ဆန္ဒပြကြဖို့ ကြွေးကြော်လာခဲ့ကြပါတယ်။ ဗိုလ်ချုပ်စောဖြူက သံဆူးကြိုးများကိုဖွင့်ခိုင်းပြီး ဆန္ဒပြသူတွေကိုသွားခွင့်ပြုခဲ့ပြီး၊ ဆန္ဒပြသူတွေကို သေနတ်ဖြင့်အဆက်မပြတ်ပစ်ခတ်ခဲ့တယ်။ [၁] စစ်တပ်ဖက်ကပစ်ခတ်တာကြောင့် ဆန္ဒပြသူတွေဟာ ဆန်စက်အနီးနားက ဆက်ရိုးကျချောင်းကိုဖြတ်ပြီး ကမ်းတစ်ဖက်ကို ထွက်ပြေးဖို့ ရေထဲခုန်ဆင်းကြတယ်။ စစ်သားတွေဟာ ချောင်းတွင်းကူးခတ်နေသူတွေကိုပါ အလွတ်မပေးဘဲ စိတ်ရှိလက်ရှိပစ်ခတ်နေတာကြောင့် ဆန်ရိုးကျချောင်းရေဟာ သွေးရဲရဲနဲ့သွေးချောင်းဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - GSCN Facebook page
၁] ဒီနေရာမှာ လူစုခွဲသွားပုံကို ပုံစံ ၂ မျိုးဖော်ပြကြပါတယ်။ ပထမတခုက ဆန္ဒပြသူတွေဟာ ဥပဒေ (ပုဒ်မ ၁၄၄) ကို မဖောက်ဖျက်၊ အကြမ်းဖက်တာတွေမရှိဘဲ ထွက်ခွာခဲ့ကြတယ်လို့ ဖော်ပြကြပါတယ်။ (ခိုင်အောင်ကျော် (နယူးယောက်) ။ ၂၀၀၃။ (ရ၊ က၊ လ၊ စ) ။ ၂၀၀၈။) ဒုတိယတစ်ခုက “ပုဒ်မ ၁၄၄ ချက်ချင်း ထုတ်ပြီး သံဆူးကြိုးမဖြတ်ဖို့ တားမြစ်ခဲ့ပေမယ့် ဆန်ရလိုမှုလွန်ကဲနေလို့ ရှေ့ဆက်တိုးလာကြတယ်” လို့ ဖော်ပြကြပါတယ်။ (အောင်ကြည်မိုး (စစ်တွေ) ။ ၂၀၁၉။)
ဆန္ဒပြပွဲကိုပစ်ခတ်ဖြိုခွင်းဖို့ အမိန့်ပေးခဲ့သူမှာ ထိုစဉ်က ခလရ (၂၀) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတင့်လွင်ဖြစ်ပြီး၊ သူရဲ့အထက်အရာရှိမှာ ထိုစဉ်က အလယ်ပိုင်းတိုင်းမှူး ဗိုလ်မှူးကြီး တင်ဦး (ယခု NLD နာယက ဦးတင်ဦး) ဖြစ်တယ်လို့ အချို့မှတ်တမ်းများက ဖော်ပြထားပါတယ်။
ဩဂုတ် ၁၃ ဆန်ပြဿနာနေ့ အရေးအခင်းမှာ မဆလစစ်အစိုးရရဲ့ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ဆန္ဒပြသူပေါင်း ၃၀၀ ကျော် သေဆုံးပြီး၊ ဒဏ်ရာရရှိသူ ၂၀၀ ကျော်ရှိခဲ့ရတယ်လို့ ရခိုင်ပြည်သူတရပ်လုံးက လက်ခံယုံကြည်ထားကြပါတယ်။ အာဏာပိုင်များက စစ်တွေဆန်ပြဿနာကြောင့် လူ ၁၈ ဦးသေဆုံး၊ ၄၉ ဦးဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင် မြန့်မာ့အလင်းသတင်းစာမှာဖော်ပြထားပါတယ်။ ရခိုင် ၁၉၆၇ ခုနှစ် ဆန်ပြဿနာဟာ ကြိုတင်ကြံစည်ထားတာဖြစ်ပြီး၊ မဆလအစိုးရဟာ ရခိုင်ပြည်သူတွေကို သတ်ဖြတ်ပြီး အခြားတိုင်းရင်းသားတွေအပေါ်နမူနာအဖြစ် ပြသလိုက်တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ (ရ၊ က၊ လ၊ စ။ ၂၀၀၈။ စာ - ၁၇)
သြဂုတ်လ ၁၃ ရက်နေ့ဟာ ထမင်းငတ်နေတဲ့ ရခိုင်လူထုရဲ့ ဆန်တောင်း တာကို ကျည်ဆံပေးခဲ့တဲ့ အတွက် သေခဲ့ကြရတဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးမွေ သင်္ကေတ တစ်ရပ်ပဲ ဖြစ်တယ်။
ကိုးကား
၁။ ခိုင်အောင်ကျော် (နယူးယောက်) ။ ၂၀၀၃။ ကျွန်တော့်ဘဝနဲ့ နိုင်ငံရေးဝင်္ကဘာ။ နေရီရီ စာအုပ်တိုက်။
၂။ မြန်မာ့အလင်း သတင်းစာ။ ဩဂုတ် ၁၅၊ ၁၉၆၇။ စစ်တွေမှာ ဖြစ်ပွားတဲ့ ဆန်လုပွဲ မလွှဲမရှောင်သာ၍ ပစ်ခတ်လူစုခွဲလိုက်ရခြင်း အချောင်ရဘို့နဲ့ အပျော်လုပ်လုတာတွေလဲရှိပုံ။
၃။ (ရ၊ က၊ လ၊ စ) ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး။ ၂၀၀၈။ ၁၃ ဩဂတ်(စ်) မမေ့အပ်။
၄။ (ရ၊ က၊ လ၊ စ) ။ ၂၀၁၇။ နှစ် (၅၀) မြောက် ဆန်ပြဿနာနေ့ အထိမ်းအမှတ်အတွက် သဘောထားထုတ်ပြန်ကြေညာချက်။
၅။ လှထွန်းဖြူ၊ ဦး။ ၁၉၇၆။ ရခိုင်ပြည်နယ် စီးပွားရေးဘဏ္ဍတိုက်။ စပယ်စာပေတိုက်။
၆။ အောင်ကြည်မိုး (စစ်တွေ) ။ ၂၀၁၉။ ဩဂုတ် ၁၃ ဆန်ပြဿနာအရေးအခင်း ရခိုင်မှာပြန်ဖြစ်လာနိုင်သလား။ Link: http://thevoicemyanmar.com/perspective/34723-yki (Access Date: 6/5/20)
ဓာတ်ပုံ - GSCN facebook page
━
အိုးဝေစာစောင် အတွဲ ၁၊ အမှတ် ၁ ပါ ဆောင်းပါး တပုဒ်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါတယ်။
━
#Oway #ABFSU #UYSU #Rakhinericeaffair #ရခိုင် #ဆန်ပြဿနာနေ့
Comments
Post a Comment