သမိုင်းကွင်းဆက် ကွက်လပ် တစ်နေရာ (အပိုင်း ၅)


၁၉၇၈ ခုနှစ် ဂျူလိုင်(၅)ရက်နေ့က စခဲ့တဲ့ တပ်ဦးကျောင်းသားရဲဘော်များရဲ့ ဖမ်းဆီးခံရမှုနောက်မှာ မဆလစစ်အာဏာရှင်တို့ရဲ့ ဗီဇသဘာဝအတိုင်း သက်ဆိုင်ဆက်စပ်သည်ဖြစ်စေ၊ မသက်ဆိုင်မဆက်စပ်သည် ဖြစ်စေ တနိုင်ငံလုံး တံမြက်လှဲလူဖမ်းပွဲပြီးတခုကို စစ်ထောက်လှမ်းရေးက စစ်ဆင်ပြုလုပ်ခဲ့တဲ့အတွက် မြန်မာပြည်တနံတလျား နယ်ပယ်ပေါင်းစုံက လူပေါင်း ၂၀၀ ပတ်ဝန်းကျင် ဖမ်းဆီးခံခဲ့ရပါတယ်။ အင်းစိန် အကျဉ်းထောင်နဲ့ နယ်အကျဉ်းထောင်အချို့၊ ရဲစခန်းအချို့မှာ လူမဆန်စွာ နှိပ်စက်ညှဉ်းပမ်းခံခဲ့ရတဲ့သူတွေချည်းပါပဲ။ ဒီလူတွေထဲက လုံးဝမသက်ဆိုင်သူများကို တနှစ်တာဖမ်းဆီးချုပ်နှောင်ထားပြီးမှ ကျန်သူအများစုကို အရေးပေါ်စီမံချက်အက်ဥပဒေ၊ မတရားသင်းပုဒ်မနဲ့ ရုံးတင်တရားစွဲရာမှာ သက်သေအဖြစ် အဓမ္မစာရင်းတင်စစ်ဆေးကာ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
 
တပ်ဦးကျောင်းသားရဲဘော်များနဲ့ မဟာမိတ်ကျောင်းသားရဲဘော်တွေကိုတော့ တရားအဖြစ် သတ်မှတ်ခံရသူတွေအပေါ် ပုဒ်မ ၅(က)၊ ၅(င)၊ ၅(ည)/၃၄ တွေနဲ့ ရုံးတင်တရားစွဲပြီး ကျန်သူတွေကို အဓမ္မ မတရားသက်သေ ထွက်ဆိုခိုင်းကာ ၁၉၈၀ ခုနှစ် စောစောပိုင်းမှာမှ လွှတ်ပေးခဲ့ပါတယ်။ တရားခံအဖြစ် သတ်မှတ်ခံရတဲ့ တပ်ဦးကျောင်းသားရဲဘော် ၁၀ ဦးဟာ ၁၉၈၀ ခုနှစ်၊ မေလ ၂၈ ရက်မှာ ထုတ်ပြန်တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ်(၂/၈၀)အရ ဇွန်လ ၁၂ မှာ ထောင်ကလွတ်ခဲ့ကြပါ။ တရားခံရော၊ သက်သေပါကျောင်းသားရဲဘော်အားလုံးဟာ ကျောင်းပြန်တက်တော့ မရခဲ့ကြတော့တဲ့အပြင် ထောင်တွင်းနှိပ်စက်ညှဉ်းပမ်းမှုဒဏ်တွေကြောင့် ရုပ်ကျန်းမာရေး၊ အထွေထွေပျက်စီးဆုံးရှုံးခဲ့ကြရပါတယ်။
 
ဒါဟာ ၁၉၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးမတိုင်မီ စစ်အာဏာကြီးစိုးမှု မိုးကောင်းစဉ်ကာလ ၁၉၇၇-၇၈ ခုနှစ်များက ပြည်သူလူထုအကြား သိပ်မထင်ရှားတဲ့ ကျောင်းသားလှုပ်ရှားမှု သမိုင်းကွင်းဆက်ကလေးတခုရဲ့ကောက်ကြောင်းကို ပြန်ပြောင်းတင်ပြခဲ့တာပါ။ တခြားသိမီသူများ အတော်များများ ရှိလိမ့်ဦးမယ် ထင်ပါတယ်။ အဲဒီသိမီသူများအနေနဲ့ ဒီသမိုင်းကွက်လပ်ကလေးကို အလျဉ်းသင့်အလို ဝိုင်းဝန်းဖြည့်ဆည်းဖော်ပြပေးကြမယ်ဆိုရင် စုံလင်တဲ့ကျောင်းသားလှုပ်ရှားမှုသမိုင်းရဲ့ အစိတ်အဝိုင်းဝန်းဖြစ်လာမှာပါ။
 
သမိုင်းကို လေ့လာတာဟာ မ,အအောင်ရယ်လို့ နောင်တော်ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းမျိုးဆက်ဟောင်း ကွယ်လွန်သူဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ သွန်သင်ညွှန်ပြဆုံးမစကားလိုပါပဲ။ သမိုင်းကို အရင်းတိုင်း ပြည့်စုံမှန်ကန်စွာ သိမြင်နားလည်ရေးဟာ မသမာသူတွေရဲ့ သမိုင်းဖျက်မယ့်ရန်ဘေးကနေ ကင်းဝေးစေဖို့ အထောက်အကူဖြစ်ပါတယ်။
 
မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကျောင်းသားလှုပ်ရှားမှုအစဉ်အဆက်ဟာ အရေးပါတဲ့ ပေးဆပ်ထည့်၀င်မှုပါ။ ဒီထည့်၀င်မှု အစုစုထဲက တခုဖြစ်တဲ့ ၁၉၇၇ (ခွန်လေးလုံး၊ ၇၊ ၇၊ ၇၇) နဲ့ ၁၉၇၈ ကျောင်းသားလှုပ်ရှားမှု သမိုင်းကွက်လပ်ကို တစိတ်တပိုင်း ပါဝင်ဖြည့်ဆည်းထည့်၀င်ရင်း ၁၉၂၀ မှသည် ဒီနေ့အထိ အစဉ်အဆက် ဖြစ်ပေါ်စီးဆင်းခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှု ရေအလျဉ်ကြီးနဲ့ တိုက်ပွဲဝင်ခွပ်ဒေါင်းဟောင်း၊ သစ်တွေကို ဦးညွတ် အလေးပြုလိုက်ပါတယ်။ ◾️

#Oway #UYSU #ABFSU #88Uprising

Comments