ဗမာပြည်ကွန်မြူနစ်ပါတီ (အပိုင်း ၁)
ဗကပ
ဒီခေါင်းစဉ်ကို မြင်လိုက်ရင် ဒီအချိန်မှာ ဘာကြောင့် ဗကပအကြောင်းထရေးသလဲလို့ မေးခွန်းထုတ်စရာ ရှိလာပါလိမ့်မယ်။ YUOPS အနေနဲ့ လူမျိုးစုတပ်တွေအကြောင်း လက်လှမ်းမှီသလောက် ရေးသားဖော်ပြ နေခဲ့တာ လူမျိုးစုတပ် (၇)တပ်ထိ ဖော်ပြပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှာ ရှိတဲ့ UWSA၊ MNDAA၊ NDAA စတဲ့တပ်တွေအကြောင်းကို ဆက်လက်ဖော်ပြဖို့အတွက် သူတို့ရဲ့ မူရင်းတပ်အကြောင်းဖြစ်တဲ့ ဗကပကို နားလည်မှ အဆင်ပြေမယ်လို့ ယူဆတဲ့အတွက် ဗကပအကြောင်းကို ရေးရခြင်းဖြစ်ပါတယ်။
ပေါ်ပေါက်လာပုံသမိုင်းအကျဉ်း
ဗမာပြည်ကွန်မြူနစ်ပါတီ (Communist Party of Burma- CPB- ဗကပ) ကို ၁၉၃၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တယ်။ အဲ့မတိုင်ခင်မှာ ၁၉၂၀ ပထမကျောင်းသားသပိတ်၊ ၁၉၃၆ ဒုတိယကျောင်းသား သပိတ်၊ ၁၉၃၈ ခုနှစ်မှာ ၁၃၀၀ ပြည့်အရေးတော်ပုံစသဖြင့် အင်္ဂလိပ်အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ နိုင်ငံအနှံ့ပေါ်ပေါက်ခဲ့တယ်။ အဆိုပါလှုပ်ရှားမှုတွေမှာ အဓိက ပါဝင်ခဲ့သူတွေက ကျောင်းသား၊ လယ်သမား၊ အလုပ်သမားတွေဖြစ်တယ်။ ဒီအမျိုးသားရေးလှုပ်ရှားမှု၊ အလုပ်သမားထုရဲ့ လူတန်းစားတိုက်ပွဲတွေကြားကနေ ၁၉၃၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ ဗကပ ကို ရန်ကုန်မြို့ ဘားလမ်းမှာရှိတဲ့ တိုက်ခန်းငယ်လေးတစ်ခုမှာ လူငယ်တစ်စုက စတင်တည်ထောင်ခဲ့တယ်။ အများစုက တို့ဗမာအစည်းအရုံးဝင်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြပြီး သခင်အောင်ဆန်း၊ သခင်သိန်းဖေ၊ သခင်ဗဟိန်းနဲ့ နောင်အခါမှာ ဗိုလ်လက်ျာဖြစ်လာမယ့် သခင်လှဖေတို့ ပါဝင်တယ်။
အင်္ဂလိပ်မှတ်တမ်းများရဲ့အဆိုအရ ဗကပရဲ့ ဖခင်မှာ ‘ဦးကျော်’လို့ ဖော်ပြတယ်။ ဦးကျော်က ၁၉၂၇ မှာ လန်ဒန်ကို ဥပဒေပညာသင်ယူဖို့ ထွက်သွားခဲ့တဲ့သူဖြစ်ပြီး အဲ့ကနေတစ်ဆင့် ဥရောပက ကွန်မြူနစ်အစုတွေနဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံကို မတ်ဝါဒစာပေတွေ ပေးပို့ခဲ့တယ်လို့ ဆိုတယ်။
နောက်ပိုင်းမှာ ရဲဘော်သုံးကျိပ်ဝင်တွေက ဂျပန်နဲ့ ချိတ်ဆက်ပြီး စစ်ပညာသင်ယူခြင်း၊ ဘီအိုင်အေဖွဲ့ပြီး ဖက်ဆစ်ကို တော်လှန်ခြင်းတွေ လုပ်နေရာက ၁၉၄၃ အရောက်မှာတော့ ဦးအောင်ဆန်းအပါအဝင် ဗကပ ကို စတင်ဖွဲ့စည်းခဲ့သူတွေဟာ ဗကပ နဲ့ တဖြည်းဖြည်းကင်းကွာလာပါတယ်။ ဗကပရဲ့ အလံတော်ကို ဆက်လက်ဆုပ်ကိုင်ခဲ့ကြသူတွေထဲမှာတော့ သခင်စိုး၊ ဘင်္ဂါလီလူမျိုးများဖြစ်ကြတဲ့ ရဲဘော်ဘတင်နဲ့ ရဲဘော်ထွန်းမောင်၊ သခင်ဗဟိန်း၊ သခင်သန်းထွန်း၊ သခင်ဗသိန်းတင်၊ သခင်သိန်းဖေတို့ ကျန်ရှိနေခဲ့ကြပါတယ်။
၁၉၃၉ နဲ့ ၁၉၄၁ ကြားမှာ ဗကပ သီးသန့်အနေနဲ့ လှုပ်ရှားတာထက် ဒေါက်တာဘမော်ရဲ့ ဆင်းရဲသားများပါတီနဲ့ ပူးတွဲဖွဲ့စည်းတဲ့ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ပြည်သူ့အရေးတော်ပုံပါတီတို့ရဲ့ လှုပ်ရှားမှုများ ကို ပိုတွေ့ရပါတယ်။ သခင်ဗဟိန်းက ပြည်သူ့အရေးတော်ပုံပါတီနဲ့ ဗကပကြား ဆက်သွယ်ရေးအရာရှိ အဖြစ် လုပ်ဆောင်ခဲ့တယ်။ သို့သော် ထိုအချိန်ထိ ကွန်မြူနစ်များကြား တိကျသေချာသော စုဖွဲ့မှု မရှိသေးပေ။ ဗကပ အနေက သီးခြားနိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ပီပြင်လာတာကတော့ သခင်သန်းထွန်းနဲ့ အိပ်ချ်အင်ဂိုရှယ် (ရဲဘော်ဘတင်)တို့ရဲ့ ဦးဆောင်မှုအောက်ကို ရောက်တော့မှ ဖြစ်တယ်။ ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွှတ်မြောက်ရေးအဖွဲ့ချုပ် (ဖတပလ)ကို ဖွဲ့စည်းသောအခါ ဗိုလ်ချုပ်အောင်ဆန်း၊ နေဝင်း၊ ဗိုလ်လက်ျာတို့က တပ်မတော်ကိုယ်စားလှယ်များအဖြစ်၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်ဗဟိန်းတို့က ဗကပ ကိုယ်စားလှယ်များအဖြစ်၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်းနဲ့ ဦးချစ်တို့က ပြည်သူ့အရေးတော်ပုံပါတီကိုယ်စားလှယ်များအဖြစ်ပါဝင်ခဲ့ကြပါတယ်။ ဖက်ဆစ်ဆန့်ကျင်ရေးမှာ ဗကပရဲ့ ဆောင်ရွက်ချက်များကြောင့် ၁၉၄၅ နောက်ပိုင်းမှာ ဗကပဟာ လူကြိုက်များလာခဲ့တယ်။
၁၉၄၃ က ဖျာပုံမှာ သခင်စိုးက နောက်လိုက်၁၂ ယောက်ကို နိုင်ငံရေးသင်တန်းပေးခဲ့ခြင်းကို တချို့က အဆိုပါသင်တန်းဟာ ဗကပ ရဲ့ တကယ့်အစလို့ ယူဆကြတယ်။ ၁၉၄၄ ဇန်နဝါရီလက ကျိုက်လတ်မြို့မှာ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး သခင်စိုး၊ သခင်တင်မြအပါအဝင် ရဲဘော် ၇ ဦးတက်ရောက်ခဲ့ပြီး အဲ့ အစည်းအဝေးမှာပဲ သခင်စိုးကို ဗကပရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ်ရွေးချယ်ခဲ့တယ်။
၁၉၄၅ ဇူလိုင်က ရန်ကုန်မှာကျင်းပခဲ့တဲ့ ကွန်ဂရက်မှာ ပါတီဝင် ၆၀၀၀ ကျော်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ၁၂၀ ကျော်တက်ရောက်ခဲ့ပြီး ဗဟိုကော်မတီ ၂၁ ဦးကို ရွေးကောက်တင်မြှောက်ခဲ့တယ်။ သခင်သန်းထွန်းက ပေါလစ်ဗျူရိုအဖွဲ့ဝင်ဖြစ်လာခဲ့တယ်။ ၁၉၄၆ မှာ ပါတီတွင်း သခင်စိုးကတစ်ဖက် သခင်သန်းထွန်းနဲ့ သခင်သိန်းဖေက တစ်ဖက် သဘောထားကွဲလွဲမှုတွေဖြစ်ပြီး သခင်စိုးက အလံနီကွန်မြူ နစ်ပါတီကို တည်ထောင်သွားခဲ့ပါတယ်။ သခင်တင်မြနဲ့ ဗဟိုကော်မတီဝင် ၆ ဦးက သခင်စိုးဘက်ပါသွား ခဲ့တယ်။ ၁၉၄၆ မှာ ဗကပ က ဖဆပလရဲ့ ဘုရင်ခံအမှုဆောင်ကောင်စီထဲပါဝင်ခြင်းကို အမျိုးသားရေး သစ္စာဖောက်တယ်လို့စွပ်စွဲပြီး ဖဆပလနဲ့ သဘောထားကွဲလွဲရာက ၁၉၄၆ အောက်တိုဘာမှာ ဗကပကို ဖဆပလ ထဲက ထုတ်လိုက်တယ်။ (သခင်သန်းထွန်းက ၁၉၄၆ ဇူလိုင်တည်းက ဖဆပလ ကနေ ထွက်ခဲ့ပြီး ဖြစ်တယ်။) အဲ့ကာလတွေမှာ ဗကပအနေနဲ့ အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားခဲ့ပြီး ၁၉၄၅ ဇွန်လ ၁ ရက်နေ့မှာ သခင်ဗဟိန်းနဲ့ ဦးဆောင်မှုနဲ့ ‘ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂကွန်ရက်’ ကို ဖွဲ့စည်းနိုင်ခဲ့တယ်။
အပိုင်း ၂ ဆက်ရန်
Comments
Post a Comment