သမိုင်းကွင်းဆက် ကွက်လပ် တစ်နေရာ (အပိုင်း ၃)
အပိုင်း ၃
တချိန်တည်းမှာ မဆလစစ်အစိုးရရန်ရဲ့ ဖိနှိပ်မှုယန္တရားက လက်ပေါက်စိပ်တာမို့ “ထု”ထဲမှာတောင် ထောက်လှမ်းရေး သတင်းပေးတွေ မွေးမြူထားနိုင်တာကြောင့် လုံခြုံရေးစည်းတာ ကျိုးပေါက်လွယ်တဲ့အနေအထား ဖြစ်တယ်လို့ ရှုမြင်ပါတယ်။ ခေါင်းဆောင်မှု “ငါ” ဟာ စုစည်းတည်ဆောက်စ အတွေ့အကြုံနုနယ်သေးပြီး လုံခြုံရေးစည်း အလွယ်တကူကြိုးပေါက်ရင် ခါးဆက်ပြတ်သွားနိုင်တယ်လို့ တွက်ချက်ပါတယ်။ ခြုံကြည့်ရင် “ရန်၊ ငါ၊ ထု" ရဲ့ အင်အားအနေအထားဟာ တိုက်ပွဲကြီးတရပ် ဖော်ဆောင်နိုင်ဖို့ အခွင့်အရေးမပေးသေးဘူးလို့ ကောက်ချက်ချပါတယ်။ သမင်မမွေးနိုင်ခင် ကျားစားခံရကိန်းရှိတယ်လို့ ယူဆတာမို့ ဒီခွန်လေးလုံး (၇၊ ၇၊ ၇၇) လှုပ်ရှားမှုကို အကန့်အသတ်နဲ့သာလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ တပ်ဦးခေါင်းဆောင်မှုနဲ့ ဆုံးဖြတ်ချက်အတိုင်း ကျောင်းသားထုအတွင်း လှုံ့ဆော် (Pamphlet) တွေ ဖြန့်ပြီး အထိမ်းအမှတ်ပြုခဲ့ပါတယ်။
ဒါပေမဲ့ တပ်ဦးပြင်ပ ကျောင်းသားခေါင်းဆောင်မှုတချို့ကတော့ ဒီခွန်လေးလုံး (၇၊ ၇၊ ၇၇) လှုပ်ရှားမှုကို မဖြစ်မနေဖော်ဖို့ သဘောထားရှိခဲ့ပါတယ်။ ဒီရဲဘော်တွေနဲ့ ညှိနှိုင်းအဆင်မပြေဖြစ်တာမို့ တချို့ကဆိုရင် “တပ်ဦး”ကို “တပ်ဖျား”လားလို့တောင် ခနိုးခနဲ့ ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ စိတ်ဆန္ဒထက် လက်တွေ့ရုပ်အခြေအနေက ဘယ်လိုမှမပေးတာကြောင့် သူတို့ ကြိုးပမ်းမှုဟာလည်း အထမမြောက်နိုင်ခဲ့ကြပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီရဲဘော်တွေရဲ့ တိုက်ပွဲဝင်စိတ်ဓါတ်နဲ့ ထက်သန်တက်ကြွမှုကို တပ်ဦးအနေနဲ့ လေးစားအသိအမှတ်ပြုခဲ့ပါတယ်။
ဒီနောက်ပိုင်းကာလမှာ တပ်ဦးအနေနဲ့မဟုတ်ဘဲ တပ်ဦးရဲ့ ရဲဘော်တဦးချင်းအနေနဲ့ ထောင်တွင်းက နောင်တော်ကျောင်းသားရဲဘော်တွေနဲ့ တတ်နိုင်သမျှ ချိတ်ဆက်ပြီး သူတို့ရဲ့ အမြင်သဘောထားတချို့ကို စုစည်းရယူခဲ့ပါတယ်။ ဒါတွေကို တပ်ဦးခေါင်းဆောင်မှုအတွင်းမှာ လေ့လာဆွေးနွေးပြီး ရေရှည်မြှုပ်နှံ၊ ကိုယ့်အင်အား ကိုယ်စု၊ အခွင့်အခါစောင့်တဲ့ လုပ်ဟန်ကို အခိုင်အမာဆက်လက်ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအချိန်က တပ်ဦးခေါင်းဆောင်မှု ရဲဘော်အများစုဟာ အခြေအနေအရ ကျောင်းသားထုတိုက်ပွဲခွင်မှာ ဆက်လက်ရှင်သန် နေနိုင်ဖို့အတွက် ကြောင်းဆွေးဆွေး အနေအထားတွေမှာ ရပ်တည်နေကြတာပါ။ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်တွေမှာ ကြာကြာနေနိုင်အောင် တတန်း နှစ်နှစ်နှုန်းနဲ့ ကျောင်းထိုင်ပုဂ္ဂိုလ်တွေ ဖြစ်နေကြပါတယ်။ တချို့ရဲဘော်တွေဆိုရင် နှစ်နှစ်ကျကျောင်းထွက်စနစ်အောက်မှာ အတန်းလည်းမတက်၊ ကျောင်းလည်းမထွက်ရအောင် အတော့်ကို ချိန်ဆကြိုးစားခဲ့ကြရတာပါ။
သဘာဝကျစွာပဲ တိုက်ပွဲစည်းရုံးရေးမရှိတဲ့ အခြေအနေနဲ့ မြေအောက်ဖွဲ့စည်းမှုအနေအထားမှာ တပ်ဦးဟာ အရေအတွက်အင်အား သိသိသာသာတိုးပွားမလာခဲ့ပါဘူး။ ဒါပေမဲ့ ရှိတဲ့အင်အားကို ကြံ့ခိုင်အောင်တော့ လုံးပမ်းတည်ဆောက်ခဲ့ပါတယ်။ ဒီကြားထဲမှာ စစ်အုပ်စုမွေးစားခံ သတင်းပေးကျောင်းသား၊ ဆရာတချို့ရဲ့ ဘေးကိုလည်း တော်လှန်ရေးသတိနဲ့ စောင့်ကြည့်လုပ်ကိုင်ခဲ့ကြရပါတယ်။ ဒီအခြေအနေမှာ လျှို့ဝှက်ရေး စည်းကမ်းစောင့်ထိန်းလိုက်နာမှု လျော့ရဲတာတွေကြောင့် မိမိလှုပ်ရှားမှုတချို့ကို ရန်သူကကြိုသိနေတာ နောက်ပိုင်းကျမှ သိလာရပါတယ်။
ဒီလိုနဲ့ ၁၉၇၈ ခုနှစ်၊ ၁၆ နှစ်မြောက် ဂျူလိုင်(၇)ရက် အရေးတော်ပုံနေ့ နီးလာတဲ့အခါ မိမိတို့နောင်တော်ကျောင်းသားတွေရဲ့ အသက်သွေးတွေနဲ့ စေးထန်းနေဆဲဖြစ်တဲ့ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာ အထိမ်းအမှတ်လှုပ်ရှားမှုတခုဖော်ဖို့ စဉ်းစားခဲ့ကြပါတယ်။ ဒီကနေ ကျောင်းသားလှုပ်ရှားမှုတရပ် ပေါက်ကွဲဖြစ်ပေါ်နိုင်ခြေ ရှိမရှိကိုလည်း တွက်ချက်ခဲ့ကြပါတယ်။ ၁၅ နှစ်မြောက်ခွန်လေးလုံး (၇၊ ၇၊ ၇၇) နှစ်ပတ်လည်ကလိုပဲ “ရန်၊ ငါ၊ ထု”အခြေအနေကို ပြန်လည်သုံးသပ်တဲ့အခါ “ရန်” နဲ့ “ထု” ဟာ အင်အားအမျိုးအစားအရ အရင်အတိုင်းပဲ ရှိနေပေမဲ့ “ငါ”အပိုင်းမှာ တစုံတရာအခြေကျတည်ငြိမ်လာပြီ၊ “ထု”ဟာလည်း ၇၄-၇၅-၇၆ တိုက်ပွဲပန်းမှု ကနေ တစုံတရာ အနားရသက်သာလာပြီလို့ သဘောရကြပြီး တိုက်ပွဲဖော်ဖို့ ဆုံးဖြတ်ပြင်ဆင်ခဲ့ကြပါတယ်။ ဒီနေရာမှာ ကျောင်းသားထုတိုက်ပွဲ ပေါ်ပေါက်လာမှာကို အကြောက်ကြီးကြောက်ပြီး အင်အားအလုံးအရင်း စုစည်း၊ ဖြစ်မလာအောင်တား၊ ဖြစ်ရင်ဖြစ်ချင်း အကြမ်းဖက်ဖြိုခွဲဖို့ ပြင်ဆင်နေတဲ့ “ရန်” ရဲ့ အခြေအနေမှန်ကို လျှော့တွက်ပြီး မိမိနဲ့ မဟာမိတ်ကျောင်းသားရဲဘော်များရဲ့ “ထု”အင်အားအပေါ် ပိုတွက်တဲ့ တိမ်းစောင်းမှုကို တပ်ဦးခေါင်းဆောင်မှုက ကျူးလွန်နေပြီဆိုတာ အဲဒီတုန်းက သဘောမပေါက်ခဲ့ကြပါဘူး။ တိုက်ပွဲနဲ့စည်းရုံးပြီး မိမိအင်အားတိုးချဲ့ရေးကိုသာ စိတ်ဆန္ဒစွဲနဲ့ ဇောင်းပေးခဲ့ကြပါတယ်။
ဒါကြောင့် ဂျူလိုင် (၇)ရက်နေ့မှာ ဖြိုခွဲဖို့အသင့်စောင့်နေကြတဲ့ ရန်သူ့အခြေအနေအရ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်စက်မှုတက္ကသိုလ်မှာ ဂျူလိုင်(၃)ရက်နေ့မှာပဲ အလစ်အငိုက်ယူပြီးကြိုလုပ်ဖို့၊ အဲဒီမှာဖောက်ခွဲလိုက်လို့ ပေါက်ကွဲလာမယ့်လှုပ်ရှားမှုကို ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကနေ ကြိုပြင်ပြီး ဆက်လက်သယ်ဆောင်သွားဖို့ တိုက်ပွဲအတွက် ကြိုတင်လှုံ့ဆော်ရမယ့် စာရွက်တွေ၊ တိုက်ပွဲဖြစ်ပွားတဲ့အခါ ဖြန့်မယ့် စာရွက်တွေ၊ “ဂျူလိုင်(၇)ရက်အရေးတော်ပုံသမိုင်းအကျဉ်းချုပ်” စာအုပ်ငယ်တွေ၊ တိုက်ပွဲမှာ ဖော်ထုတ်ဖွင့်ချမယ့် “၁၉၇၃ တက္ကသိုလ်ပညာရေးဥပဒေစစ်တမ်း” တွေကို လက်ဖြစ်စာကူးစက်နဲ့ ကြိုတင်ရိုက်နှိပ်ဖို့၊ တိုက်ပွဲအတွက်လိုအပ်တဲ့ ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံနဲ့ ကြွေးကြော်သံ၊ ဆောင်ပုဒ်တွေရေးဖို့ဆောင်ပုဒ်တွေရေးဖို့ ဖယောင်းမင်တောင့်တွေ၊ နိုင်ငံတကာသံရုံးတွေအတွက် ရည်ညွှန်းတဲ့ နဖူးစည်းစာတမ်း (အင်္ဂလိပ်ဘာသာနဲ့) တွေကို ကြိုတင်ပြင်ဆင် အသင့်ပြုလုပ်ထားဖို့၊ စီတန်းလှည့်လည်မှုနဲ့ စခန်းချတိုက်ပွဲ ပေါ်ပေါက်ခဲ့ရင် ဖွင့်ဖို့ ကျောင်းသားလှုပ်ရှားမှုနဲ့ ခွပ်ဒေါင်းအားမာန်လှုံ့ဆော်ရေးသီချင်းတွေ ကြိုတင်အသံသွင်းအသင့်ပြင်ထားဖို့ စတဲ့ အသေးစိတ်လုပ်ငန်းတာဝန်တွေကို တပ်ဦးကျောင်းသားရဲဘော်များနဲ့ အခြားမဟာမိတ်ကျောင်းသားရဲဘော်များ ကြားမှာ ခွဲဝေသတ်မှတ်ပေးခဲ့ပါတယ်။
အပိုင်း ၄ ဆက်ရန်
Comments
Post a Comment