ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ငါးနှစ်တိုင်ခဲ့ပြီ
ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ငါးနှစ်တိုင်ခဲ့ပြီ
______
◾️ ပိုင်ချိမ့်ခေါင် | အိုးဝေ
၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးအမည်ခံပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု စတင်ကျူးလွန်ခဲ့ပါတယ်။ ရိုဟင်ဂျာကျေးရွာများကိုမီးရှို့ခြင်း၊ ရိုဟင်ဂျာများကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာအမျိုးသမီးများကို အုပ်စုဖွဲ့မုဒိန်းကျင့်ခြင်း၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုများပါမကျန် လူမဆန်စွာနှိပ်စက်သတ်ဖြတ်ခြင်း စတဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရိုဟင်ဂျာများ နာကြည်းစွာ ခံစားခဲ့ကြရပါတယ်။
လူမဆန်စွာဆိုးရွားအကျည်းတန်လှတဲ့ ၎င်းတို့ရဲ့လုပ်ရပ်တွေကို ဖုံးကွယ်ဖို့အတွက် စစ်တပ်က အပီအပြင်ကြိုးစားခဲ့ပါတယ်။ သက်သေဖျောက်တာတွေကစလို့ ရိုဟင်ဂျာအရေး သတင်းရယူခဲ့တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးတို့ကို ဖမ်းဆီးထောင်ချတဲ့အထိ အမျိုးမျိုးပြုလုပ်ပြီး စစ်တပ်ဟာ သူ့လုပ်ရပ်တွေကို ဖုံးဖိဖို့ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာကျေးရွာများကို ရိုဟင်ဂျာများကိုယ်တိုင်မီးရှို့သွားတာဖြစ်တယ်ဆိုတဲ့ ယုတ္တိမတန်တဲ့ဖြေရှင်းချက်မျိုးနဲ့လည်း ဝါဒဖြန့်ခဲ့ပါသေးတယ်။ ဒါထက်ပိုမိုဆိုးရွားတာကတော့ စစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် ဒီမိုကရေစီခေါင်းဆောင်ဆိုသူများကိုယ်တိုင်က ဖုံးဖုံးဖိဖိနဲ့ ကိုယ်စားဝါဒဖြန့်ပေးခဲ့ကြတာပါပဲ။ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ICJ မှာ တရားစွဲခံရတော့လည်း အဲဒီပုဂ္ဂိုလ်တွေဟာ စစ်တပ်ဘက်က ရပ်တည်ကာကွယ်ပေးခဲ့ပြန်ပါတယ်။ ဒီလိုစစ်တပ်အလိုကျ အသုံးတော်ခံခဲ့ကြတဲ့ နိုင်ငံရေးသမားတွေရဲ့ဝါဒဖြန့်မှုအောက်မှာ လူထုဟာလည်း ဝေဝါးခဲ့ရပါတယ်။ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအရေးကို ICJ မှာ စွဲချက်တင်တဲ့အခါ မြန်မာလူအုပ်ကြီးဟာ အကြမ်းဖက်စစ်တပ်ဘက်က ရပ်တည်ထောက်ခံတဲ့အထိ အရှက်ရဖွယ်ကိစ္စဖြစ်ပွားခဲ့ရပါတော့တယ်။
ဒီနေ့မှာ စစ်ကိုင်း၊ ချင်း၊ ကရင်နီ စတဲ့ဒေသတွေမှာ စစ်တပ်ဟာ သူတို့ လွန်ခဲ့တဲ့ငါးနှစ်က ရိုဟင်ဂျာများအပေါ်ကျူးလွန်ခဲ့တဲ့ပုံစံများအတိုင်း တသွေမတိမ်းဘဲ ထပ်မံကျူးလွန်နေကြပါပြီ။ စစ်တပ်ဟာ ကျေးရွာများကို မီးရှို့နေကြပါတယ်။ အမျိုးသမီးများကို မုဒိန်းကျင့်နေကြပါတယ်။ အရှင်လတ်လတ်မီးရှို့သတ်တာတွေ၊ ကလေးရော လူကြီးပါမကျန် စစ်တပ်က လူမဆန်စွာညှဥ်းပန်းနှိပ်စက်တာတွေကို လက်တွေ့မြင်နေကြရပါတယ်။ မြန်မာနိုင်ငံဒေသအနှံ့အပြားမှာလည်း စစ်တပ်ရဲ့အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေများလှပါပြီ။
ယနေ့အချိန်မှာတော့ စစ်တပ်ရဲ့လူသားဆန့်ကျင်ပြစ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများနဲ့ စစ်ရာဇဝတ်မှုများကို ကာကွယ်ပြောဆိုပေးမယ့် ဒီမိုကရေစီနိုင်ငံရေးသမားရယ်လို့မရှိနိုင်တော့ပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံများက စစ်တပ်ရဲ့ကြမ်းကြုတ်မှုများကို ထပ်မံသက်သေပြခဲ့ပြီးပါပြီ။ သို့သော် ထိုစဥ်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပေါ် စစ်တပ်နဲ့အလိုတူအလိုပါ ဖုံးကွယ်ဝါဒဖြန့်ပေးခဲ့သူများကတော့ ယနေ့အချိန်အထိ တာဝန်ယူမှု၊ တာဝန်ခံမှု တစုံတရာမရှိသေးပါဘူး။ ရိုဟင်ဂျာများကတော့ ယခုအချိန်အထိ တရားမျှတမှုတစုံတရာမရရှိသေးဘဲ ဒုက္ခသည်စခန်းများမှာ ဒုက္ခပင်လယ်ဝေနေကြရဆဲပါပဲ။
ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးခြင်း၊ အပြစ်ပေးစီရင်ခြင်းဟာ ပြည်သူ့တရားမျှတမှု ဖြစ်မယ်ဆိုပါက ရိုဟင်ဂျာများအတွက် တရားမျှတမှုဆိုတာမရှိဘဲ အမှောင်ဖုံးခံရတဲ့ အတိတ်ဆိုးတစ်ခုသာ ကျန်ရစ်နေမှာ ဖြစ်ပါတယ်။ ၂၀၁၆၊ ၂၀၁၇ ခုနှစ်များမှာ သောင်းနှင့်ချီကာ အသတ်ခံခဲ့ရပြီး သိန်းနှင့်ချီကာ နေရပ်စွန့်ခွာပြေးခဲ့ရတဲ့ ရိုဟင်ဂျာများအတွက် တရားမျှတမှုဟာ လျစ်လျူရှုခံနေရဆဲ ဖြစ်ပါတယ်။
ရိုဟင်ဂျာဂျီနိုဆိုက် ကျူးလွန်ခဲ့သူ စစ်တပ်ကို လူထူအားနဲ့ ခုံးရုံးတင်အပြစ်ပေးကြရပါမယ်။ ထို့အတူ စစ်တပ်နဲ့အလိုတူအလိုပါပြုမူကာ လူမျိုးတုန်းသတ်ဖြတ်မှုကို ကာကွယ်ဝါဒဖြန့်ပေးခဲ့သူ ထိုစဥ်ကအစိုးရတာဝန်ရှိသူများနဲ့ နိုင်ငံရေးသမားများအနေနဲ့လည်း ထိုက်သင့်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုး ပြုလုပ်ရပါမယ်။ ရိုဟင်ဂျာများအတွက် တရားမျှတမှုကို လူထုအားနဲ့သာ ဆောင်ကျဥ်းနိုင်မှာပါ။ ဒီလိုလုပ်ရပ်များနဲ့သာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုကင်းတဲ့၊ ဖိနှိပ်မှုကင်းတဲ့ လူ့အဖွဲ့အစည်းကို ဖိနှိပ်ခံများကိုယ်တိုင် အတူတကွ တည်ဆောက်ကြရမှာပဲဖြစ်ပါတယ်။
ပုံစာ - နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာများ ◾️ဓာတ်ပုံ - HRW
#Oway #ABFSU #UYSU #Rohingya #Genocide
Comments
Post a Comment