ပြည်သူတို့၏ အတွေးအခေါ်များ အလှူခံခြင်း

ပြည်သူတို့၏ အတွေးအခေါ်များ အလှူခံခြင်း

သြဂုတ်လ ၂၅ ရက်နေ့ဟာ ရိုဟင်ဂျာ လူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်မှု ၅ နှစ်ပြည့်နေ့ ဖြစ်ပါတယ်။ တစ်ချိန်က ရိုဟင်ဂျာဆိုတဲ့ စကားလုံးဟာ အရမ်းကို ထိခိုက်ရှလွယ်တဲ့ စကားလုံးအသုံး တစ်ခုဖြစ်ပြီး ပြောဆိုသူ နည်းခဲ့ပါတယ်။ သူတို့်ဘက်က ရပ်တည်အသံထွက်ပေးသူတွေကိုလည်း အကောင်းမမြင်ခဲ့ကြတာ များပါတယ်။

'ခိုးဝင်လာတဲ့ဘင်္ဂါလီတွေ' 'လူမျိုးပျောက်အောင်လုပ်မယ့် ကုလားတွေ' 'သာသနာပျောက်အောင်လုပ်မယ့်သူတွေ' စတဲ့ စကားလုံးတွေနဲ့ စစ်တပ်ရဲ့စနစ်တကျမွေးမြူ ပျိုးထောင်ထားတဲ့ မဘသတွေရဲ့ ဝါဒဖြန့်မှုတွေအောက် ပြည်သူအတော်များများလွှမ်းမိုးခံရပြီး ရိုဟင်ဂျာတို့ရဲ့ အခွင့်အရေးဆုံးရှုံးမှုတွေ လူထုကြား ပျောက်ကွယ်ခဲ့ရပါတယ်။ ထိရှလွယ်တဲ့ ဘာသာရေးကို လက်နက်အဖြစ်သုံးပြီး စစ်တပ်ရဲ့ ရက်စက်မှုတွေ၊ နိုင်ငံသယံဇာတ ခိုးထုတ်ရောင်းစားနေမှုတွေ၊ ပညာရေးအညွန့်ကျိုးကြနေမှုတွေ၊ အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် ကြိုးစားအသံထွက်ပေးနေသူတွေဘက် ပြည်သူတွေ အာရုံမရောက်လာအောင် အာရုံလွှဲပြီး ယုတ်မာခဲ့ကြတာ အခုတော့ တဖြည်းဖြည်းနဲ့ ပြည်သူတွေသဘောပေါက်နားလည်လာနေကြပြီ ယူဆပါတယ်။

ရိုဟင်ဂျာတွေအပေါ်၊ တခြားလူမျိုးစုတွေအပေါ် စစ်တပ်က လူမဆန်စွာ ရက်စက်မှုပေါင်းများစွာ ကျူးလွန်ခဲ့တာကို အခုချိန်ဆို သံသယမရှိစွာ ယုံကြည်ကြမယ်ထင်ပါတယ်။ စစ်တပ်ဟာ သူတို့ရက်စက်မှုတွေကို ဖုံးဖိလိမ်ညာပြီး မင်းသားမျက်နှာဖုံးနဲ့ ဇာတ်ကခဲ့စဥ်ကတော့ ပြည်မက ပြည်သူအများစုတွေဟာ 'တပ်က အဲ့လိုမလုပ်လောက်ပါဘူး' လို့လည်း ထင်ကောင်းထင်နိုင်ခဲ့ကြပါလိမ့်မယ်။ အခုအချိန်မှာတော့ ဒီအာဏာရူးတွေဟာ သူတို့ brainwash လုပ်လက်သပ်မွေးထားတဲ့ အောက်ခြေစစ်သားတွေကို စစ်ဥပဒေတွေနဲ့ ထိန်းကျောင်းခြင်းမရှိ စိတ်ကြိုက်ဖျက်ဆီးသတ်ဖြတ်ခွင့်ပေးထားတာ မျက်မြင်ကိုယ်တွေ့ ကြုံနေကြရပြီ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ ယုတ်မာရက်စက်မှုတွေအတွက် ပြန်ပေးဆပ်ရခြင်းမရှိတဲ့အခါ ဖက်ဆစ်တပ်ဟာ နိုင်ငံတကာကိုလည်း ဂရုမစိုက်ဘဲ တစ်နိုင်ငံလုံးကို ထင်တိုင်းကြဲ ရက်စက်ပါတော့တယ်။ ဒီလိုထင်တိုင်းကြဲခွင့်ရအောင် ပံ့ပိုးမှုဖြစ်စေခဲ့တဲ့ အဖြစ်အပျက်ရှိခဲ့ပါတယ်။

၂၀၁၇ ခုနစ်က ICJ ကနေ မြန်မာစစ်တပ်ကို Genocide အမှုအတွက် တရားစွဲဆိုတာကို စစ်တပ်ဘက်က ရပ်တည်ခုခံပေးခဲ့ခြင်းဟာ လက်ရှိအာဏာသိမ်းမှုကို အထောက်အပံ့ဖြစ်ခဲ့လေမလားလို့တောင် တွေးနေမိပါတယ်။ ICJ ကနေတရားစွဲတာဟာ မြန်မာနိုင်ငံကိုစွဲတာမဟုတ်ဘဲ Genocide ကျူးလွန်သူများကိုသာ အပြစ်ပေးအရေးယူနိုင်ဖို့ စွဲဆိုတယ်ဆိုတာကိုလည်း သေချာသိရအောင် ICJ နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ပြည်သူတွေအနေနဲ့ ရှာဖွေဖတ်ရှုလေ့လာသင့်ကြပါတယ်။

အဲ့ဒီအချိန်က နာမည်ကြီး social influencer များ၊ နိုင်ငံရေးလော်ဘီများဟာလည်း 'We satnd with' ဆိုတဲ့ လှုပ်ရှားမှုကို ပူးပေါင်းပါဝင်ခဲ့ကြပြီး ရိုဟင်ဂျာအရေးအတွက် အသံထွက်တောင်းဆိုပေးသူတွေကို သစ္စာဖောက်တွေအဖြစ်ရောက်အောင် တွန်းပို့ခဲ့ကြပါသေးတယ်။ ဒါပေမယ့် 'We stand with' လှုပ်ရှားမှုကို လုပ်ခဲ့ကြသူတွေထဲ ပြည်သူအများစုဟာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်မှုတွေကို အားပေးထောက်ခံကြတာမျိုး မဟုတ်ဘဲ ကိုယ်လေးစားတဲ့ပုဂ္ဂိုလ်နဲ့ ကိုယ့်နိုင်ငံကို ရပ်တည်ကာကွယ်ပေးချင်ကြလို့ We Stand ခဲ့ကြတာ များတယ်လို့ နားလည်ပါတယ်။ ဒါပေမယ့် ပြည်သူတွေကို misleading လုပ်ခဲ့ကြသူတွေလည်း ရှိခဲ့ပါတယ်။ 

အာဏာသိမ်းဖြစ်စဥ်အပြီးမှာ စစ်တပ်ရဲ့ယုတ်မာရက်စက်မှုတွေ အလုံးအရင်းနဲ့ ပေါ်ပေါက်လာခဲ့ပြီး Crimes against humanity , War crimes စတဲ့ ပြစ်မှုမှတ်တမ်း သက်သေထောင်သောင်းများစွာဟာ စစ်ခေါင်းဆောင်တွေကို အပြစ်ပေးအရေးယူခံရဖို့အတွက် အထောက်အထားတွေဖြစ်လာခဲ့သလို ICJ ကိစ္စဟာလည်း ပြန်လည်အသက်ဝင်လာအောင် ကြိုးစားပေးကြသူတွေကြောင့် နိုင်ငံတကာမှ ထောက်ခံမှုတချို့နှင့်တကွ အသက်ပြန်ဝင်လာနေပါတယ်။ 

လက်ရှိမှာ နယ်သာလန်၊ ကနေဒါ၊ ယူကေနဲ့ ဂျာမဏီနိုင်ငံတို့ဟာ အကြမ်းဖက်စစ်ခေါင်းဆောင်တွေကို တရားခွင်ပို့ဖို့အတွက် ဂမ်ဘီယာနဲ့အတူ ပူးပေါင်း၍ တရားလိုနိုင်ငံများအဖြစ် ရပ်တည်ပေးနေကြပြီးဖြစ်ပါတယ်။  

ဒီလိုအရေးကြီးတဲ့အချိန်မှာ ပြည်သူတွေကို misleading ဆက်မလုပ်ဖို့၊ အမှားကို ဝန်ခံတောင်းပန်တတ်ဖို့နဲ့ အပြစ်ကျူးလွန်သူတွေကို အရေးယူခံရစေပြီး ကျူးလွန်ခံရသူဟာ ဘယ်လူမျိုးစုဖြစ်ဖြစ် တရားမျှတမှုကို ဖော်ဆောင်ပေးရာမှာ သေချာလေ့လာပြီး မှန်ကန်စွာရပ်တည်ဖို့လည်း အရေးကြီးသလို၊ ပြည်သူများအနေနဲ့လည်း ကိုယ်တိုင်လေ့လာမှုတွေ များများလုပ်ပြီး နွေဦးတော်လှန်ရေးမှာ လုပ်ဆောင်မှုတွေကို အတွေးအခေါ်ဖြင့် ပေါင်းစပ်တော်လှန်ပါက ခရီးမြန်မြန်ရောက်နိုင်ကြောင်း ဆင်ခြင်သုံးသပ်ရင်း ဤဆောင်းပါးကို အဆုံးသတ်ပါတယ်။

Zane

Comments