၈၈၈၈ အရေးတော်ပုံ သမိုင်းဖြစ်စဉ်။


◾️ ၈၈၈၈ အရေးတော်ပုံ သမိုင်းဖြစ်စဉ်။ 

၁၉၆၂ခုနှစ်၊ဆဲလ်ဗင်းဇူလိုင်အရေးအခင်းနှင့်ဦးသန့်အရေးအခင်းတို့မှ စတင်လောင်ကျွမ်းခဲ့သော အာဏာရှင်တော်လှန်ရေး မီးစသည် ၁၉၈၈ခုနှစ်တွင် တဟုန်းဟုန်းတောက်‌လောက်လာခဲ့တော့သည်။ (၈၈၈၈) အရေးအခင်း စတင်ခဲ့ပုံမှာ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် နှင့် ကိုစိုးနိုင် တို့မတရားသဖြင့်အသတ်ခံရခြင်း ၊ ငွေစက္ကူများ (အဓိကအားဖြင့် ၂၅ကျပ်တန် နှင့် ၇၅ကျပ်တန် ) တရားမဝင်ဟု ကြေငြာ၍ ထိုငွေစက္ကူများကို သိမ်းခြင်း၊ တိုင်းပြည်စီးပွားရေး ကျဆင်းခြင်း၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်မှာ မအောင်မြင်ခြင်း၊ ရဲတပ်ဖွဲ့၏ဖိနှိပ်မှုများရှိခြင်း၊ အဂတိလိုက်စားမှုများပေါများလာခြင်း နှင့် အဓိက တရားခံဖြစ်သည့် စစ်အာဏာရှင် ရှိနေခြင်းတို့ကြောင့်ဖြစ်သည်။

မဆလ အစိုးရ ကြောင့် တိုင်းပြည်၏စီးပွားရေးကျဆင်းနေချိန် ၁၉၈၇ ခုနှစ် ၊ စက်တင်ဘာလ (၅) ရက်နေ့‌တွင် ပြည်သူများ အသုံးပြုမှုအများဆုံးငွေစက္ကူများ (၂၅ကျပ်တန် ၊ ၃၅ ကျပ်တန် နှင့် ၇၅ ကျပ်တန်) များကို တရားမဝင်ကြောင်းကို ကြိုတင်အသိပေးကြေငြာခြင်းမရှိပါဘဲနှင့် သိမ်းယူလိုက်သည်။ ထိုဖြစ်စဉ်နှင့်ပတ်သတ်၍ ကျောင်းသား၊ ရဟန်းသံဃာ နှင့်ပြည်သူများ မကျေနပ်ကြချေ။ စိတ်နှလုံးတွင် အခဲမကျေမှုအစိုင်အခဲ ပျိုးလာခဲ့သည်။

၁၉၈၈ခုနှစ်၊ မတ်လ (၁၃) ရက်နေ့၌ ရန်ကုန်စက်မှုတက္ကသိုလ်အတွင်း ကျောင်းသားနှင့် လူံထိန်းများ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ကျောင်းသားကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရသည်။ မတ်လ (၁၆) ရက်နေ့တွင် စက်မှုတက္ကသိုလ်၌ ဖြစ်ပွားခဲ့သောအကြောင်းအရာများကို အခြားသောကောလိပ်၊ တက္ကသိုလ်များမှ သိရှိသွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်ပင်မ ဝင်းအတွင်းတွင် ကျောင်းသားထောင်ပေါင်းများစွာစုရုံးပြီး မဆလအစိုးရကို ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော် မတရားသဖြင့်အသတ်ခံရမှုကြောင့် ကောလိပ်၊ တက္ကသိုလ် နှင့်အထက်တန်းကျောင်းသားများ ပါဝင်သောဆန္ဒပြပွဲကြီးဖြစ်ပေါ်လာခဲ့ပြီး မဆလအစိုးရ၏ လက်ပါးစေများကြောင့် ကျောင်းသားအများအပြား အဖမ်းဆိးခံခဲ့ရသကဲ့သို့ နှိပ်စက်ခံရ၍ သေဆုံးခဲ့ရသည်။ တံတားဖြူမှတံတားနီသို့ပြောင်းလဲခဲ့ပြီးအင်းလျားကန်သက်သေတည်သော လွန်စွာရုပ်ဆိုးအကျည်းတန်သည့်အရေးအခင်းဖြစ်ခဲ့သည်။

တံတားနီအရေးအခင်း နှင့်ကိုဖုန်းမော်၏ မတရားအသတ်ခံရမှုနှင့်ဆက်စပ်‌သော အကြောင်းအရာများကို မဆလအစိုးရထံ ဖြစ်ရပ်မှန်အတိုင်း ကြေငြာပေးရန် တောင်းဆိုခဲ့ကြသည်။ သို့သော် မဆလအစိုးရ တာဝန်လွှဲပြောင်းပေးခဲ့သာ ကော်ပိုရေးရှင်း၏ တစ်လအတွင်းအစီအရင်ခံစာ၌မူ အလိမ်အညာတို့နှင့်သာ ဖြစ်ခဲ့သည်။တရားမျှတမှုမရှိသော အစိုးရနှင့် အဂတိတို့နှင့်ပြည့်နေသော ဥပဒေစီရင်မှုတို့ကြောင့် ကျောင်းသားနှင့် ပြည်သူများ ပူးပေါင်း၍ ဆက်လက် ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

၁၉၈၈ခုနှစ်၊ ဇူလိုင် (၂၃ )ရက်နေ့တွင် မဆလအစိုးရမှ အရေးပေါ် ညီလာခံကျင်းပပြီး (၂၆) နှစ်ကြာ လွှမ်းမိုးချုပ်ကိုင်လာသော ဗိုလ်ချုပ်နေဝင်းမှ နှုတ်ထွက်ကြောင်းကြေငြာခဲ့သည်။ ထို့နောက် စိန်လွင် တက်လာပြီး စိန်လွင်၏ အုပ်ချုပ်မှုကိုမကျေနပ်သော တပ်မတော်သားများလည်း ရှိနေခဲ့သည်။

ကန့်ကွက်ဆန္ဒပြမှုများသည် ၁၉၈၈ ခုနှစ် ဩဂုတ်လတွင် အထွဋ်အထိပ်သို့ ရောက်ခဲ့သည်။ ကျောင်းသားများသည် ကိန်းဂဏန်းဆိုင်ရာ ထူးခြားမှုကို အခြေခံ‌​သော မင်္ဂလာနေ့ဖြစ်သည့် ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် နိုင်ငံအဝှမ်း ချီတက်ဆန္ဒပြပွဲပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။ ကန့်ကွက်ဆန္ဒပြမှု သတင်းသည် တောနယ်ဒေသများသို့ပါ ရောက်ရှိခဲ့ပြီး နိုင်ငံအဝှမ်း ချီတက်ဆန္ဒပြပွဲမတိုင်မီ လေးရက်အလိုတွင် တစ်နိုင်ငံလုံးရှိ ကျောင်းသားများသည် ဦးစိန်လွင်၏ အုပ်ချုပ်မှုကို ရှုံ့ချကြပြီး တပ်မတော်သားများသည် အင်အား စုရုံးနေခဲ့ကြသည်။ တိုက်ပွဲဝင်နေသည့် ခွပ်ဒေါင်းအလံသည် မြန်မာနိုင်ငံ၏ လမ်းများပေါ်ရှိ ကန့်ကွက်ဆန္ဒပြပွဲများ၏ အမှတ်အသား ဖြစ်လာခဲ့သည်။

ကန့်ကွက်ဆန္ဒပြသူပေါင်း ၁၀,၀၀၀ ခန့်သည် ရန်ကုန်မြို့တွင် ဆူးလေဘုရား အပြင်ဘက်တွင် ချီတက် ဆန္ဒပြခဲ့ကြပြီး၊ ထိုနေရာတွင် တရားဝင် ငွေကြေးအဖြစ်မှ ရပ်စဲခဲ့သော ငွေစက္ကူများဖြင့် တန်ဆာဆင်ထားသော ဦးနေဝင်းနှင့် ဦးစိန်လွင်တို့၏ ပုံတူရုပ်များ ထည့်ထားသည့် ခေါင်းတလားများကို မီးရှို့ကာ မြေမြုပ်ခဲ့ကြသည်။ ဩဂုတ်လ ၃ ရက်နေ့တွင် အာဏာပိုင်များက စစ်ဥပဒေကို ပြဋ္ဌာန်းခဲ့ရာ ည ၈ နာရီမှ နောက်တနေ့ နံနက် ၄ နာရီ အထိ အပြင်မထွက်ရအမိန့်နှင့် လူငါးယောက်ထက် ပိုမို၍ စုရုံးခွင့်မရှိ အမိန့်များ ထုတ်ပြန်ခဲ့သည်။

အထွေထွေ သပိတ်ကြီးသည် ကြိုတင် စီစဉ်ခဲ့သည့်အတိုင်း ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သည်။ ကြီးမားသော ချီတက်ဆန္ဒပြမှုများ မြန်မာနိုင်ငံတစ်ဝှမ်း ကျင်းပခဲ့ရာ လူမျိုးစုများ၊ ကျောင်းသားများ၊ အလုပ်သမားများနှင့် လူကြီးလူငယ်မရွေး ချီတက် ဆန္ဒပြခဲ့ကြသည်။ ဦးစိန်လွင်သည် ဆန္ဒပြပြည်သူများကို နှိမ်နင်းရန် လက်နက်ကိုင် လှုပ်ရှားမှုများရှိသော နေရာမှ စစ်သားများ ပိုမိုခေါ်ဆောင်ခဲ့သည်။

မန္တလေးတိုင်းတွင် ပိုမို၍ ဖွဲ့စည်းမှုကောင်းသော သပိတ်မှောက် ကော်မတီကို ရှေ့နေများက ဦးဆောင်ခဲ့ပြီး ဆွေးနွေးပွဲသည် ပါတီစုံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဦးတည်ခဲ့သည်။ ကန့်ကွက်ဆန္ဒပြပွဲတွင် ပါဝင်ရန် အနီးအပါး မြို့များနှင့် ရွာများမှ လူပေါင်းများစွာ ရောက်ရှိလာခဲ့ကြသည်။ အထူးသဖြင့် အစိုးရ၏ စီးပွားရေး ပေါ်လစီအပေါ် မကျေနပ်ကြသော လယ်သမားများသည်လည်း ရန်ကုန်မြို့ ဆန္ဒပြပွဲကို ပူးပေါင်းခဲ့ကြသည်။ လူဦးရေ ၅,၀၀၀ ရှိသော ရွာတစ်ရွာတွင်မှ ၂,၀၀၀ သည် သပိတ်မှောက်ပွဲသို့ သွားရောက်ခဲ့သည်။ များမကြာမီ၊ အာဏာပိုင်တို့က ဆန္ဒပြသူမျာကို သေနတ်နှင့် ပစ်ခဲ့သည်။ ဦးနေဝင်းက “သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး” ဟု ယင်း၏ မိန့်ခွန်းတွင် ခြိမ်းခြောက်စိန်ခေါ်ခဲ့ရာ ၎င်းသည် စစ်တပ်ကို ဆန္ဒပြသူလူထုထဲသို့ တည့်တည့်ပစ်ရန် အမိန့်ပေးသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ ဆန္ဒပြပြည်သူများက လက်လုပ်ဗုံးများ၊ ဓားရှည်များ၊ ဓားများ၊ ကျောက်ခဲများ၊ အဆိပ်သုတ်ထားသော မြားတိုများနှင့် စက်ဘီးစမုတ်တံများကို ပစ်လွှတ်ခြင်းဖြင့် တုံ့ပြန်ကြသည်။

နိုင်ငံပိုင် ရေဒီယို ရန်ကုန်က “လုယက်သူများနှင့် အနှောင့်အယှက်ပေးသူများ” ၁,၄၅၁ ယောက် အဖမ်းခံခဲ့ရကြောင်း ကြေညာခဲ့သည်။ ၈-၈-၈၈ ချီတက်ဆန္ဒပြပွဲအတွင်း သေကြေဒဏ်ရာရသူပေါင်း ခန့်မှန်းခြေ ရာပေါင်းများစွာမှ ၁၀,၀၀၀ အတွင်း ရှိခဲ့သည်။ စစ်အာဏာပိုင်တို့က ၉၅ ယောက်သေဆုံးပြီး ၂၄၀ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ ဩဂုတ်လ ၁၂ ရက်နေ့တွင် ဦးစိန်လွင်၏ ဖြေရှင်းချက်မပါသော ရုတ်တရက်နှုတ်ထွက်မှုသည် ကန့်ကွက် ဆန္ဒပြသူပေါင်း များစွာကို စိတ်ရှုပ်ထွေးမှု ဖြစ်စေခဲ့ပြီး ဝမ်းမြောက်စေခဲ့သည်။

ဩဂုတ်လ ၁၉ ရက်နေ့တွင် အရပ်သားအစိုးရကို ဖွဲ့စည်းရန် တောင်းဆိုမှုများအရ ဦးနေဝင်း၏ အတ္ထုပတ္တိကို ရေးသားသူ ဒေါက်တာမောင်မောင်ကို အစိုးရခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။ သူသည် ဥပဒေပညာရှင်တစ်ယောက်ဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွင် တာဝန်ထမ်းဆောင်သည့် စစ်ဘက်မှမဟုတ်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ ဒေါက်တာမောင်မောင်ကို ခန့်အပ်ခြင်းသည် ပစ်ခတ်မှုများနှင့် ဆန့်ကျင်ဆန္ဒပြမှုများကို လျော့ကျစေခဲ့သည်။

နိုင်ငံလုံးဆိုင်ရာ ချီတက်ဆန္ဒပြပွဲများသည် ၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြန်လည် ဖြစ်ပွားခဲ့သည်။ မန္တလေးမြို့တွင် သံဃာတော်များ အပါအဝင် လူပေါင်း ၁၀၀,၀၀၀ နှင့် စစ်တွေတွင် ၅၀,၀၀၀ ချီတက် ဆန္ဒပြခဲ့ကြသည်။ ကြီးမားသော ချီတက်ဆန္ဒပြ စစ်ကြောင်းများသည် တောင်ကြီးနှင့် မော်လမြိုင် မြို့များမှသည် ဝေးကွာလှသော တိုင်းရင်းသား လူမျိုးစုပြည်နယ်များ (အထူးသဖြင့် ယခင်က စစ်တပ်က စစ်ဆင်ရေးများ ပြုလုပ်ခဲ့သော နေရာများ) ဆီသို့ပါ ပျံ့နှံ့ခဲ့သည်။ ဒီမိုကရေစီ အထိမ်းအမှတ် အရောင်ဖြစ်သော အနီရောင်ကို အောင်တံခွန်များ လွှင့်ထူကြထားသည်။ နှစ်ရက်အကြာတွင် ဆရာဝန်များ၊ သံဃာတော်များ၊ ဂီတပညာရှင်များ၊ သရုပ်ဆောင်များ၊ ရှေ့နေများ၊ စစ်မှုထမ်းဟောင်းများနှင့် အစိုးရဝန်ထမ်းများသည် ကန့်ကွက်ဆန္ဒပြပွဲများတွင် ပါဝင်လာခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဩဂုတ်လ ၂၆ ရက်နေ့တွင် ရွှေတိဂုံဘုရား၌ သန်းဝက်မျှသော ပြည်သူလူထုကို မိန့်ခွန်းချွေခြင်းဖြင့် နိုင်ငံရေးနယ်ပယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ဤအချိန်အတောအတွင်းတွင် ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး သည်လည်း နိုင်ငံရေး နယ်ပယ်ထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။ များစွာသော ဒီမိုကရေစီ ခေါင်းဆောင်ဟောင်းများ ပြန်လည်ပါဝင်လာချိန် နိုင်ငံရေးရှုခင်းကို “ဒီမိုကရေစီ နွေရာသီ” ဟု တင်စားဖော်ပြခဲ့ကြသည်။ ဒီမိုကရေစီလှုပ်ရှားမှုကြောင့် ရလဒ်များ ရှိသော်လည်း နေဝင်းသည် နောက်ကွယ်တွင် ဆက်လက်တည်ရှိနေခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် စစ်တပ်သည် နိုင်ငံ့အာဏာကို ရယူခဲ့သည်။ ဗိုလ်ချုပ်စောမောင်သည် ၁၉၇၄ ခုနှစ်က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရုပ်သိမ်းခဲ့ပြီး “ဦးနေဝင်း အာဏာပြ ခြယ်လှယ်သည်ထက် ပိုမိုပြင်းထန်သော” နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (State Law and Order Restoration Council - SLORC) ကို တည်ထောင်ခဲ့သည်။ ဦးစောမောင်က မာရှယ်လောခေါ် စစ်တပ်မှ အုပ်ချုပ်သည့် ဥပဒေကို ထုတ်ပြန်ပြီးနောက်တွင် ဆန္ဒပြသူများသည် အကြမ်းဖက်ခံရလျှက် ပြိုကွဲခဲ့သည်။ အစိုးရက မြန်မာ့အသံမှတဆင့် စစ်တပ်သည် ပြည်သူ့အကျိုးအတွက် “နိုင်ငံအဝှမ်းတွင် ဖြစ်ပွားနေသော ဆိုးဝါးနေသည့် အခြေအနေများကို အချိန်မီ ရပ်တန့်ရန်” နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ရသည်ဟု ကြေညာခဲ့သည်။

စစ်သားများသည် မြန်မာနိုင်ငံတဝှမ်းလုံးရှိ မြို့များတွင် ရှိနေပြီး ဆန္ဒပြသူများကို အတားအဆီးမဲ့စွာ ပစ်ခတ်ခဲ့သည်။ အာဏာရယူအပြီး ပထမ သီတင်းပတ်အတွင်း ကျောင်းသားများ၊ သံဃာတော်များနှင့် ကျောင်းသားငယ် ၁၀၀၀ ခန့် အသတ်ခံခဲ့ရပြီး အမေရိကန်ပြည်ထောင်စု သံရုံးရှေ့တွင် ဆန္ဒပြသူ ၅၀၀ လည်း အသတ်ခံခဲ့ရသည်။ စက်တင်ဘာလကုန်တွင် ဆန္ဒပြသူ ၃,၀၀၀ ခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ဦးရေ အတိအကျကိုမူ ယခုအချိန်အထိ မသိရပေ။ ရန်ကုန်မြို့ တစ်ခုထဲတွင်ပင် လူ ၁,၀၀၀ သေဆုံးခဲ့သည်။ ၁၉၈၈ ခုနှစ်ကုန်တွင် ဆန္ဒပြသူများနှင့် စစ်သားများအပါအဝင် လူပေါင်း ၁၀,၀၀၀ ခန့် သေဆုံးခဲ့ရသည်။ အခြားများစွာသောသူများလည်း ပျောက်ဆုံးနေခဲ့သည်။

အရေးအခင်းပြီးနောက် ဆန္ဒပြပွဲများကို စီစဉ်ဦးဆောင်သူများကို ဦးတည်၍ “ယုတ္တိမရှိသော ဝါဒဖြန့်ချိမှုနည်းစနစ်”ကို န.ဝ.တ က စတင်လုပ်ဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ် အကြားတွင် မြန်မာအစိုးရသည် မြန်မာ့သမိုင်း တစ်လျှောက်လုံး စစ်တပ်၏ ဗဟိုချုပ်ကိုင်မှုအကြောင်း အသေးစိတ်ပြထားသော ပြတိုက်အသစ် ၂၀ ဖွင့်လှစ်ခဲ့သည်။ ၎င်း၏ စစ်အင်အားကိုလည်း ၁၈၀,၀၀၀ မှ ၄၀၀,၀၀၀သို့ တိုးမြှင့်ခဲ့သည်။ နောက်ထပ် အုံကြွမှုများမှ ကာကွယ်သည့်အနေဖြင့် ကျောင်းများနှင့် တက္ကသိုလ်များကိုလည်း ပိတ်ထားခဲ့သည်။

အာဏာရူးသော အာဏာရှင်တို့က ခေတ်အဆက်အဆက်ယုတ်မာရက်စက်မှုများသည် ပုံစံမပျက် ယခု‌နွေဦးတော်လှန်ရေး ထိတိုင်ရှိနေခဲ့သော်လည်း ခေတ်အဆက်ဆက် ကျောင်းသားပြည်သူများ၏ အာဏာရှင်တော်လှန်မှုပုံစံများမှာ ယခင်ကထက် ပို၍ စိတ်ဓာတ်ပြင်းစွာ ၊ လွတ်လပ်မှုကို ပိုမိုလိုလားစွာ ဒီမိုကရေစီနှင့်အခွင့်အရေးလမ်းကြောင်းများကို ပိုမိုသိမြင်စွာဖြင့် တိုက်ပွဲဝင်တော်လှန်လျက်ရှိကြပေသည်။

သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ (တကသများ-ရန်ကုန်) 

#ASU
#မကျေတဲ့အကြွေးဆပ်ရန်ချီတက်ခဲ့ကြပြီ

Comments