ဗမာပြည်ကွန်မြူနစ်ပါတီ (အပိုင်း ၃)


ဗကပပြိုကွဲခြင်း

၁၉၈၀ ဝန်းကျင်ကပင် တရုတ်ပြည်က ဗကပကို အကူအညီပေးမှုကို သိသိသာသာလျှော့ချလိုက်တယ်။ ဗကပရဲ့ ဘက်ဂျက် ၆၇%ခန့်က ကုန်သွယ်ရေးကနေရရှိခဲ့ပြီး အဓိကအားဖြင့် ပန်ဆိုင်း (ကြူကုတ်) ဂိတ်ကနေရခဲ့တာဖြစ်တယ်။ ပန်ဆိုင်း (ကြူကုတ်) ဂိတ်ဟာ ကမ္ဘာကျော်မြန်မာပြည်လမ်းမကြီးကနေ တရုတ်ပြည်ဝမ်တိန်မြို့အထိ ပေါက်ခဲ့တယ်။ ဒီဂိတ်တစ်ခုတည်းကနေရရှိတဲ့အခွန်ငွေဟာ ကျပ် ၂၇ သန်းထိ ရှိခဲ့ပြီး ၁၉၇၀ နှောင်းပိုင်း ဗကပဘက်ဂျက်ရဲ့ ၅၀%နီးပါးဖြစ်တယ်။ ၁၉၈၀မှာ တရုတ်က တံခါးဖွင့်ကုန်သွယ်ရေးပေါ်လစီကို ကြေငြာလိုက်ပြီး နယ်စပ်တစ်လျှောက်ဂိတ်ပေါင်းများစွာပေါ်လာရာ ဗကပရဲ့ ဘက်ဂျက်ကိုသိသိသာသာထိခိုက်ခဲ့တယ်။ ဗကပထိန်းချုပ်နယ်မြေများမှာ ငွေဖြစ်နိုင်သည့် သီးနှံ ဆို၍ ကိုးကန့်ဒေသက လက်ဖက်နဲ့ ကိုးကန့်၊ ‘ဝ’တောင်တန်းနဲ့ လာအိုနယ်စပ်က ၈၁၅ ဒေသမှာထွက်တဲ့ ဘိန်းခင်းတွေသာရှိခဲ့တယ်။ အဲ့ကာလခန့်မှန်းချေအရ မြန်မာနိုင်ငံဘိန်းခင်းအားလုံးရဲ့ ၈၀%ခန့်က ဗကပ ထိန်းချုပ်နယ်မြေမှာရှိခဲ့တယ်။ အခြေအနေအကြောင်းကြောင်းကြောင့် ဘက်ဂျက်ထိခိုက်လာတဲ့ ဗကပ ဟာ မူးယစ်ဆေးဝါး (ဘိန်း) အရောင်းအဝယ်လုပ်ငန်းကို ယခင်ကထက်ပိုပြီး စိတ်ဝင်စားလာခဲ့တယ်။ဘိန်းလုပ်ငန်းမှာ မှီခိုမခိုဆုံးဖြတ်ရာမှာ ပါတီတွင်းခေါင်းဆောင်ပိုင်း အငြင်းပွားမှုတွေ ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရွှေတြိဂံထိ ဗကပရဲ့ သြဇာချဲ့ထွင်ဖို့ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ ပန်ဆန်းမှာ ဘိန်းသိုလှောင်ရုံဖြစ်လာပြီး ဗကပသည်လည်း ထိုင်း−မြန်မာနယ်စပ်မှာ ခြေကုပ်ယူပြီး ဘိန်းစိန်း၊ ဘိန်းဖြူချက်နေကြတဲ့ ကူမင်တန်တပ်ကြွင်း၊ ဘိန်းဘုရင်ခွန်ဆာတို့နဲ့ တစ်လှေတည်းစီးသူများ ဖြစ်လာခဲ့ ကြတယ်။ ဒီအချိန်မှာ အောက်ခြေတပ်သားများက ခေါင်းဆောင်များအပေါ် ယုံကြည်မှု လျော့နည်းစ ပြုနေပြီ။ ၁၉၈၅ မှာကျင်းပတဲ့ ဗကပရဲ့ နောက်ဆုံးညီလာခံမှာ ဘိန်းမှ ဆင့်ပွားလာတဲ့ ဘိန်းဖြူထုတ်လုပ်မှု၊ အရောင်းအဝယ်၊ အခြားတရားမဝင်လုပ်ငန်းများကို ထိထိရောက်ရောက်အရေးယူဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဒီလုပ်ငန်းတွေမှာ ဗကပတပ်မှူးတွေကိုယ်တိုင် ထဲထဲဝင်ဝင်ပါဝင်နေခဲ့တယ်။ ပန်ဆန်းက ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ်၊ ဒေသခံတပ်မှူးများက မနာခံတော့ဘဲ ဘိန်းလုပ်ငန်းကို ဆက်လုပ်နေခဲ့တယ်။ ဒီလိုနဲ့ ဗကပဗဟိုနဲ့ ဒေသခံတွေကြား တစ်စတစ်စကင်းကွာလာသလို ဗကပ ခေါင်းဆောင်တွေအပေါ် အောက်ခြေပိုင်းက ဝေဖန်မှုတွေရှိလာခဲ့တယ်။

၁၉၈၅ ဧပြီလမှာ အမျိုးသားဒီမိုကရေစီတပ်ဦး (National Democratic Front- NDF) က တပ်များက ကေအိုင်အေဌာနချုပ် ပါဂျောင်မှာ အစည်းအဝေးပြုလုပ်ပြီး ခွဲထွက်ရေးကိုဆန့်ကျင်ကာ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့တိုင်းပြည်တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါ့အပြင် ရန်ကုန်အစိုးရကို တိုက်ခိုက်ဖို့ ဗကပနဲ့ အဆက်သွယ်ယူဖို့ရည်ရွယ်ပြီး ပါဂျောင်ကနေ ပန်ဆန်းကို ခရီးဆက်ခဲ့ကြတယ်။ KNUရဲ့ ဆန့်ကျင်မှုကြောင့် မူရင်းရည်ရွယ်ချက် အထမမြောက်ခဲ့ပေမယ့် NDFရောက်လာပြီးနောက် ဗကပနယ်မြေမှာ NDFကို ထောက်ခံသူတွေများလာခဲ့တယ်။ ဒါ့အပြင် NDFမှာ ‘ဝ’အမျိုးသားတပ်မတော် (Wa National Army)က ခွန်အိုက်ဆိုတဲ့ ‘ဝ’ လူငယ်ပါလာပြီး ဗကပနယ်မြေမှာ ရှိတဲ့ ‘ဝ’လူမျိုးတွေကို အမျိုးသားစိတ်နိုးကြားလာစေခဲ့တယ်။ ဗကပဟာ ရှမ်းပြည်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ အဓိကတပ်စွဲပြီး ၁၉၇၈ ကစလို့ ဌာနချုပ်ကို ပန်ဆန်းမှာ အခြေစိုက်ခဲ့တာဖြစ်တယ်။ အရှေ့မြောက်ပိုင်းမှာ စစ်မှုမထမ်းမနေရစနစ်နဲ့ စစ်သားစုဆောင်းမှုတွေ ရှိခဲ့ပြီး ဗကပရဲ့ တပ်သား သုံးပုံနှစ်ပုံမှာ ‘ဝ’တိုင်းရင်းသားများပြီး ကချင်၊ ကိုးကန့်၊ တရုတ်၊ ရှမ်း၊ လားဟူ၊ အခါနဲ့ အခြားလူမျိုးစုများလည်း ပါဝင်ခဲ့တယ်။ NDFဝင်ရောက်လာမှုနဲ့အတူ ဗကပထိန်းချုပ်နယ်မြေမှာ အထူးသဖြင့် ‘ဝ’ လူမျိုးတွေကြားမှာ ဗကပကို ယုံကြည်မှု လျော့နည်း လာခဲ့တယ်။ 
၁၉၈၈ မှာ ၈၈ အရေးအခင်းဖြစ်ပြီး အာဏာသိမ်းမှုနဲ့အတူ ကျောင်းသားလူငယ်တွေ တောခိုမှုအများအပြားရှိလာခဲ့တယ်။ ယခင်က ဗကပဟာ ကျောင်းသားတွေကြား နာမည်ကျော်ကြားတဲ့ အဖွဲ့ဖြစ်ခဲ့ပေမယ့် ၈၈မှာတော့ ဗကပကို ခိုလှုံသူ ၅၀ နဲ့ ၆၀ ကြားသာ ရှိခဲ့တယ်။ ဗကပဟာ မြို့နေ ပညာတတ် အသိုင်းအဝိုင်းနဲ့လည်း ဝေးကွာနေခဲ့ပြီဖြစ်တယ်။ ဒါဟာ ပါတီရှိပညာတတ်များနဲ့ အထိုက်အသင့်ပညာတတ်တဲ့ ရဲဘော်တချို့အတွက် စိတ်ဓာတ်ကျစရာအခြေအနေဖြစ်ခဲ့တယ်။ ဒီလိုနဲ့ ၁၉၈၉ နှစ်ဦးအရောက်မှာတော့ ပါတီတွင်းသဘောထားပြင်းထန်မှုတွေ ပိုဆိုးလာခဲ့တယ်။ တရုတ်ပြည်က လည်း ဗကပရဲဘော်တွေကို လက်နက်ချပြီး တရုတ်ပြည်မှာ နိုင်ငံရေးခိုလှုံဖို့ ပြောခဲ့ပေမယ့် သခင်ဗသိန်းတင်က ပန်ဆန်းမှာလုပ်တဲ့ အစည်းအဝေးမှာ ‘ပြန်လည်ပြင်ဆင်ရေးသမားတွေ မဖြစ်ချင်ဘူး’ ဆိုပြီး ကန့်ကွက်ခဲ့တယ်။ 
၁၉၈၉ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာတော့ ဖုန်ကျားရှင် (ဖုန်ကြားစင်း) ခေါင်းဆောင်တဲ့ ကိုးကန့်တရုတ်တွေဟာ ဗကပ ဗဟိုကို ကန့်ကွက်ခဲ့ပြီး ၂ ရက်အကြာမှာ မုံးကိုးဒေသကို သိမ်းပိုက်လိုက်တယ်။ ဒီအဖွဲ့ဟာ နောက်ပိုင်းမှာ Myanmar National Democratic Alliance Army (MNDAA) (ကိုးကန့်) အဖွဲ့ဖြစ်လာခဲ့တယ်။ ဧပြီလ ၁၆ ရက်နေ့ ညသန်းခေါင်ကျော်မှာတော့ တပ်မဟာ ၁၂ မှ ‘ဝ’အများစုပါတဲ့ တပ်သားများက ပန်ဆန်းကို ဝင်စီးပြီးခေါင်းဆောင်တွေကတော့ဝင်စီးပြီးခေါင်းဆောင်တွေကတော့ တရုတ်ပြည်ဘက်ကို ခိုလှုံသွားကြတာ့တယ်။

အပိုင်း ၄ ဆက်ရန်

Comments