သမိုင်းကွင်းဆက် ကွက်လပ် တစ်နေရာ (အပိုင်း ၂)
အပိုင်း ၂
၁၉၇၇ ခုနှစ် မတ်လထဲမှာ လက်ကျန်ကျောင်းသားခေါင်းဆောင်မှု အစိတ်အပိုင်းတခုဟာ နောင်တော်ကျောင်းသားအဆက်ဆက်ရဲ့ သမိုင်းဆက်တာဝန်ကို ထမ်းရွက်ဖို့ “ကျောင်းသားသွေးစည်းရေးတပ်ဦး (Student's United Front)” ကို မြေအောက်သဏ္ဌာန်နဲ့ ဖွဲ့စည်းခဲ့ကြပါတယ်။ ကြီးမြတ်တဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့ရဲ့ အစဉ်အလာကို ဆက်ခံသယ်ဆောင်နိုင်ဖို့ ၁၉၆၂ မတိုင်မီက တည်ရှိလှုပ်ရှားခဲ့တဲ့ “ကျောင်းသားညီညွတ်ရေးတပ်ဦး” ရဲ့ အရိပ်တခုကို သိုသိုသိပ်သိပ် ပုံဖော်ခဲ့ကြတာပါ။ တပ်ဦး(Front)ကို အတိုကောက်အနေနဲ့ အက်ဖ်(F) လို့ လျှို့ဝှက်အသိအမှတ်ပြုခေါ်ဝေါ်ပြီး ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၊ ရန်ကုန်စက်မှုတက္ကသိုလ်၊ အင်းစိန်စက်မှုသိပ္ပံ၊ အင်းစိန်တိရိစ္ဆာန်မွေးမြူရေးနဲ့ဆေးကုသရေးတက္ကသိုလ်၊ ရန်ကုန်ဆေးတက္ကသိုလ်(၂)နဲ့ ပုသိမ်ကောလိပ် အစရှိတဲ့ အောက်ဗမာပြည်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံတွေကတဆင့် ဗမာတပြည်လုံး ဖြန့်ကျက် စုစည်းလှုပ်ရှားဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြပါတယ်။ ခေါင်းဆောင်မှုအရေအတွက် ဆယ်ဂဏန်းနှစ်စုဝန်းကျင်နဲ့ မူဘောင်၊ စည်းမျဉ်း၊ လုပ်ငန်းစဉ်တချို့ကို လုပ်ဆောင်ခဲ့ကြတာပါ။ တပ်ဦးရဲ့ အန္တိမရည်မှန်းချက်အဖြစ် ဒီမိုကရေစီပညာရေး၊ သိပ္ပံနည်းကျပညာရေး၊ လူထုပညာရေးကို ပန်းတိုင်ထားပြီး စစ်အုပ်စုရဲ့ လက်ချက်နဲ့ ၁၉၆၂ ခုနှစ်မှာ ပြိုပျက်ခဲ့ရတဲ့ မိခင်ကျောင်းသားသမဂ္ဂတရပ် မြေအောက်သဏ္ဌာန်နဲ့ ပြန်လည်ပေါ်ပေါက်ရေးကို ရေရှည်လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ မရလိုလုပ်ငန်းအဖြစ် ကျောင်းသားအခွင့်အရေးကာကွယ်ရေး၊ ကျောင်းသားထုညီညွတ်ရေး၊ လူထုတိုက်ပွဲအလွန်အတူ ကျောင်းသားတိုက်ပွဲတွေဖော်ထုတ်ရေး စတာ တွေကို လုပ်ဆောင်သွားဖို့ စုစည်းဆုံးဖြတ်ခဲ့ပါတယ်။
လေ့လာဆွေးနွေးမှုတွေအဖြစ် ၇၄-၇၅-၇၆ ကျောင်းသားလှုပ်ရှားမှု သုံးသပ်ချက်စာတမ်း၊ ၁၉၇၃ ခုနှစ် တက္ကသိုလ်ပညာရေးဥပဒေစစ်တမ်းနဲ့ နိုင်ငံတကာကျောင်းသားလှုပ်ရှားမှုများ လေ့လာရေးတွေကို တတ်စွမ်းသမျှ လုပ်ဆောင်ခဲ့ကြပါတယ်။ ကျောင်းသားထုအတွင်း စည်းရုံးရေးအတွက် ခွပ်ဒေါင်းဂျာနယ် အတွဲ ၁၊ အမှတ် ၁၂ နဲ့ ၁၃ (၁၆ နှစ်မြောက် ဂျူလိုင် ၇ ရက် နှစ်ပတ်လည် အထူးထုတ်) တို့ကို ထုတ်ဝေခဲ့ပါတယ်။ ၁၉၆၂ ဂျူလိုင် (၇) ရက် အရေးတော်ပုံသမိုင်းအကျဉ်းချုပ်ကို နောင်တော်ကျောင်းသားရဲဘော်ကြီးတဦးရဲ့ ကောင်းမှုနဲ့ ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။
တပ်ဦးဖွဲ့စည်းပုံဟာ မြေအောက်သဏ္ဍာန်ဖြစ်တာကြောင့် ဗဟိုခေါင်းဆောင်မှုအစုအစည်းနဲ့ ကျန် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံတွေရဲ့ ဆက်သွယ်လုပ်ဆောင်မှုဟာ ဒေါင်လိုက်ပုံသဏ္ဍာန် ဆောင်ပါတယ်။ တပ်ဦးရှင်သန်ရပ်တည်လှုပ်ရှားနိုင်ရေးအတွက် “ရေရှည်မြှုပ်နံ၊ ကိုယ့်အင်အားကိုယ်စု၊ အခွင့်အခါစောင့်” တဲ့ လုပ်ဟန်ကို ကျင့်သုံးပါတယ်။ ကျောင်းသားအခွင့်အရေးတိုက်ပွဲတွေကို “အကြောင်းအချက်ခိုင်လုံရမယ်၊ အကန့်အသတ်ရှိရမယ်၊ အကျိုးအမြတ်ရှိရမယ်” ဆိုတဲ့ “က”သုံးလုံးပေါ်လစီ ကျင့်သုံးဖော်ဆောင်ဖို့ ဆုံးဖြတ်ပါတယ်။ ရှေ့မှာကိုင်စွဲသွားရမယ့် တိုက်ပွဲနည်းနာတွေကို အဆက်ဆက်ကျောင်းသားတိုက်ပွဲနည်းနာတွေနဲ့ နိုင်ငံတကာကျောင်းတိုက်ပွဲနည်းနာတွေ ပေါင်းစပ်လုပ်ဆောင်သွားဖို့ လေ့လာခဲ့ကြပါတယ်။
ဒီမှာပြောစရာရှိတာက တပ်ဦးအဖြစ် မစုစည်းနိုင်သေးတဲ့ ကျောင်းသားခေါင်းဆောင်မှုအင်အားတွေကို စိတ်ရှည်သည်းခံပြီး သက်ဆိုင်ရာ အစိတ်အပိုင်းအလိုက်၊ နယ်ပယ်အလိုက် မဟာမိတ်ဖွဲ့ပူးတွဲ လှုပ်ရှားဆောင်ရွက်သွားဖို့ သဘောထားချထားပါတယ်။ သဘာ၀ကျစွာပဲ စစ်အာဏာဖိနှိပ်မှုစိပ်စိပ်အောက်မှာ လုံခြုံရေးကို အသက်ပမာ၊ ညီညွတ်ရေးကို မျက်လုံးအိမ်သဖွယ် စောင့်ရှောက်လိုက်နာသွားဖို့ ဆုံးဖြတ်ထားပါတယ်။ မိမိအင်အားနည်းပါးချိန်မှာ အင်အားပြုန်းတီးစေတဲ့ အကျိုးမဲ့အရဲစွန့်လှုပ်ရှားမှုတွေကို ရှောင်ရှားဖို့ သတိဝီရိယ ထားပါတယ်။ လျှို့ဝှက်သဏ္ဍာန်နဲ့ လှုံ့ဆော်စာရွက်များ ဖြန့်ဝေခဲ့ပါတယ်။ ခွပ်ဒေါင်းဂျာနယ်မှာ လက်ရှိ ပညာရေးစနစ်ရဲ့ ဖောက်ပြန်မှားယွင်းချက်တွေကို ဖွင့်ချဖော်ထုတ်၊ ရန်ကုန်နဲ့နယ်ကျောင်းသားလှုပ်ရှားမှုများနဲ့ ကျောင်းသားအခွင့်အရေးဆုံးရှုံးမှုတွေကို စုစည်းဖော်ပြ၊ ကမ္ဘာ့ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က ထုတ်တဲ့ “World Students' News” ဂျာနယ်အပါအ၀င် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများက ထုတ်ဝေတဲ့ ပညာရေးစနစ်ဆိုင်ရာနဲ့ ကျောင်းသားလှုပ်ရှားမှုဆိုင်ရာ သတင်း၊ ဆောင်းပါးတွေကို တတ်အားသမျှ ဘာသာပြန်ဆိုထည့်သွင်းတာတွေ လုပ်ခဲ့ပါတယ်။
ဒီလိုနဲ့ ၁၉၇၇ ခုနှစ်၊ ဂျူလိုင် (၇) ရက် (၁၅) နှစ်မြောက် နှစ်ပတ်လည် စွန်လေးလုံး (၇၊ ၇၊ ၇၇) အထိမ်းအမှတ်လှုပ်ရှားမှုကို တပ်ဦးအနေနဲ့ လုပ်နိုင်မလုပ်နိုင် စဉ်းစားတွက်ချက် ဆွေးနွေးခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ဒေသကောလိပ်တွေအဖြစ် ကျောင်းသားထုစုစည်းမှုကို မဆလစစ်အစိုးက ဒီခွဲပစ်တာ ပင်မတက္ကသိုလ်တွေမှာ အတန်းကြီးနဲ့ အတန်းလတ်ကျောင်းသားတွေသာရှိပြီး အများစုဖြစ်တဲ့ ကျောင်းသားသစ်စုစည်းမှု မရှိတာကြောင့် ကျောင်းသားထုရဲ့ အားဟာ နည်းပါးချည့်နဲ့နေတယ်လို့ သုံးသပ်ပါတယ်။
အပိုင်း ၃ ဆက်ရန်
Comments
Post a Comment