ဗမာပြည်ကွန်မြူနစ်ပါတီ (အပိုင်း ၂)


‘ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများသမဂ္ဂ’ကိုလည်း သြဇာလွှမ်းမိုးနိုင်ခဲ့တယ်။ 
ရန်ကုန်မှာ နေ့စဉ်သတင်းစာ (ကွန်မြူနစ်နေ့စဉ်)နဲ့ အပတ်စဉ်သဘောတရားရေးဂျာနယ် (ပြည်သူ့အာဏာ) တို့ကို ပုံမှန်ထုတ်ဝေခဲ့တယ်။ သို့ပေမယ့် ဗကပ ဟာ ပြည်သူ့အရေးတော်ပုံပါတီကနေ ပြန်ဖွဲ့စည်းတဲ့ ဗမာပြည်ဆိုရှယ်လစ်ပါတီ (Burma Socialist Party- BSP)လောက် ရန်ကုန်မှာ လူကြိုက် မများခဲ့ပေ။ BSPက ဖဆပလ လက်အောက်က မထွက်ဘဲဆက်လှုပ်ရှားခဲ့တာကြောင့် ပိုပြီး လူကြိုက်များ ရတာလည်း ဖြစ်တယ်။ ဗကပအနေနဲ့ တရားဝင်အတိုက်ခံပါတီအဖြစ်ကနေ မြေအောက်သူပုန်အဖွဲ့အဖြစ်ရွေ့လာခဲ့တာက ၁၉၄၇ ဧပြီလောက်မှဖြစ်တယ်။ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တာမျိုးရှိပေမယ့် အမတ် ၂၅၅ နေရာမှာ ဗကပ က ၇ နေရာသာအနိုင်ရပြီး ၂၄၈ နေရာကို ဖဆပလ က အနိုင်ရခဲ့တဲ့အတွက် ဗကပ အနေနဲ့ ဖဆပလကို ယှဉ်ပြိုင်နိုင်တဲ့ အနေအထားတစ်ခုမဟုတ် တော့ပေ။ ၁၉၄၈ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ဖက်ဆစ်တော်လှန်ရေး အထိမ်းအမှတ်လူထုအစည်းအဝေးကိုကျင်းပရာ သခင်သန်းထွန်းက တက်ရောက်လာတဲ့ အလုပ်သမားထု ၃၀၀၀ ခန့်ကို မိန့်ခွန်းပြောခဲ့တယ်။ အဲ့နေ့ညမှာပဲ ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းက ဗကပကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့တယ်။ ဧပြီလအရောက်မှာတော့ ဗကပ ခေါင်းဆောင်တွေအကုန် ရန်ကုန်ကို စွန့်ခွာပြီး တောခိုခဲ့တယ်။ ဧပြီ ၂ ရက်နေ့က ပဲခူးခရိုင်၊ ပေါက်ကုန်းကြီးတိုက်ပွဲမှာ ဗကပနဲ့ မြန်မာနဲ့ တိုက်ကြပြီး မြန်မာနိုင်ငံမှာ နှစ် ၇၀ ကျော်ဖြစ်ပွားနေခဲ့တဲ့ ပြည်တွင်းစစ် စခဲ့ပါတော့တယ်။ 

ဗကပ၏ လက်နက်ကိုင်တော်လှန်ရေး

ဗကပရဲ့ လက်နက်ကိုင်တော်လှန်ရေးကို ယေဘုယျအားဖြင့် ကာလအပိုင်းအခြား ၅ ခုနဲ့ ခွဲခြားလို့ရတယ်လို့ ၁၉၆၈ က ပန်ဆန်းက အင်တာဗျူးတစ်ခုမှာ သခင်ဗသိန်းတင်က ပြောပါတယ်။ ၁၉၄၈ ကနေ ၁၉၅၅ ထိက ဗကပရဲ့ လက်နက်ကိုင်တော်လှန်မှုတွေအရှိန်အမြင့်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ကျေးလက်ဒေသအတော်များများကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်တည်းက လုပ်ဆောင်ခဲ့တဲ့ မြေရှင်ကြီးများဆီက မြေတွေကို မြေယာမဲ့လယ်သမားတွေဆီ ဝေခြမ်းပေးခြင်းကို မြေယာတော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လုပ်ဆောင်ခဲ့တယ်။ တရုတ်ဖြူ ကူမင်တန်တွေကိုလည်း တိုက်ခဲ့တယ်။ 
၁၉၅၅ ကနေ ၁၉၆၃ ထိက လက်ယာအမှားများကျူးလွန်တဲ့ကာလလို့ဆိုတယ်။ ဒီကာလမှာတော့ ပါတီခေါင်းဆောင်သူတွေက ရန်ကုန်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းဖို့ စိတ်အားသန်နေခဲ့ကြတယ်။ ဗမာပြည် အလုပ်သမားလယ်သမားပါတီ (BWPP) ကို တည်ထောင်ပြီး အခြားလက်ဝဲပါတီများနှင့် စုပေါင်းက ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု (ပမညတ) ကိုဖွဲ့စည်းခဲ့တယ်။ ပညမတ က ၁၉၅၆ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး ၃၀.၄%ထိ မဲရခဲ့တယ်။ အောက်လွှတ်တော် ၂၅၀ နေရာမှာ ၄၈ နေရာရခဲ့ပြီး ဖဆပလရဲ့ အတိုက်ခံပြန်ဖြစ်လာခဲ့တယ်။ သခင်ဗသိန်းတင်က BWPPဟာ ပါလီမန်စနစ်ကို လက်ခံခဲ့တဲ့အတွက် ‘လက်ယာသွေဖီရေး’လို့ ယူဆခဲ့တယ်။ ၁၉၅၈ မှာ ရန်ကုန်အစိုးရက ‘အောင်မာဃ’ (အောင်ပွဲလမ်း)လို့အမည်ပေးထားတဲ့ စစ်ဆင်ရေးနဲ့ ကွန်မြူနစ်တွေကို တိုက်ထုတ်ဖို့ရည်ရွယ်ခဲ့တယ်။ ဒါကြောင့်လည်း ဗကပ က ပါတီကေဒါတွေဟာ တရုတ်ပြည် စီချွမ်မှာ ခိုလှုံပြီး စစ်ပညာသင်ခဲ့ကြတယ်။ (၁၉၅၈ မတိုင်ခင်တည်းက တရုတ်ပြည်မှာ ခိုလှုံခဲ့သူများလည်း ရှိပါတယ်။) နောက်ပိုင်းမှာ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ အကူအညီနဲ့ ပေကျင်း၊ ရုရှားတို့ကို စေလွှတ်၍ ကွန်မြူနစ်ဝါဒများ ပို့ချသင်ယူစေခြင်းများလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။

၁၉၆၃ ကနေ ၁၉၆၈ ထိကို ပေကျင်းမှာ ခိုလှုံပြီး အရှေ့မြောက်ဒေသကို ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်တဲ့ကာလဖြစ်တယ်။ ၁၉၆၂ မှာ နေဝင်းအာဏာသိမ်းပြီး တစ်နှစ်မပြည့်ခင်မှာပင် တောတွင်း လက်နက်ကိုင်တပ်ဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုပြီး ရန်ကုန်ကို ဖိတ်ခေါ်ခဲ့တယ်။ သခင်စိုးရဲ့ အလံနီကွန်မြူနစ်ပါတီအပြင် ဗကပ က တာဝန်ရှိသူအချို့လည်း တက်ရောက်ခဲ့ကြတယ်။ အဆိုပါ ဆွေးနွေးပွဲက အပြန် တရုတ်ပြည်ရှိလုပ်ငန်းတွေကို ဦးစီးညွှန်ကြားနိုင်ရန်ဆိုပြီး ဗကပထဲ ခေါင်းဆောင်မှု ကို ပြန်လည်စိစစ်တာတွေရှိလာတယ်။ အဲ့ကနေပြီး သခင်ဗသိန်းတင်ဟာ ဗကပအတွင်းမှာ နံပါတ်တစ်ခေါင်းဆောင်သဘောမျိုးဖြစ်လာခဲ့တယ်။ ဒီကာလမှာ တရုတ်ပြည်မှာလည်း ယဉ်ကျေးမှု တော်လှန်ရေးဖြစ်နေပြီး ဗကပကလည်း ‘ပါတီတွင်းသန့်ရှင်းရေး’ကို ဆင်နွှဲခဲ့ကြတယ်။ ရဲဘော်ဌေး၊ ရဲဘော်ဘတင် (ဂိုရှယ်)၊ ဗိုလ်ရန်အောင်တို့က ပါတီတွင်းသန့်ရှင်းရေးအစီအစဉ်မှာ အသတ်ခံခဲ့ရတယ်။ ၁၉၆၂ အာဏာသိမ်းမှုနောက်ပိုင်းမှ ဗကပထဲ ဝင်လာကြသူများလည်း ဒီအစီအစဉ်မှာ အသတ်ခံခဲ့ရပြီး အဆိုပါအပြုအမူများကို ‘ဖြုတ်၊ ထုတ်၊ သတ် ပေါ်လစီ’လို့ ညွှန်းဆိုကြတယ်။ သခင်ဗသိန်းတင်ကမူ ၎င်းကို ပါတီတွင်းတော်လှန်ရေးလို့ ခေါ်ဆိုခဲ့တယ်။ 
၁၉၆၈ ကနေ ၁၉၇၅ အတွင်းမှာ အရှေ့မြောက်ပိုင်း၊ ရှမ်းပြည်နယ်နဲ့ သံလွင်အရှေ့ခြမ်းမှာ အခြေခံဒေသတစ်ခုတည်ဆောက်ပြီး အရှေ့မြောက်ဒေသနဲ့ မြန်မာပြည်အလယ်ပိုင်း မှာရှိခဲ့ ယခင်က ဗကပ အမာခံနယ်မြေတွေကို ချိတ်ဆက်ဖို့ကြိုးစားတဲ့ ကာလဖြစ်တယ်။ ဒီကာလမှာ ကချင်ပြည်နယ်အခြေစိုက် ကေအိုင်အိုနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိခဲ့တယ်။ သို့ပေမယ့် အောင်မြင်မှု မရရှိခဲ့ပဲ နောက်ပိုင်းမှာ ပြိုကွဲဖို့ ကြောင်းဖန်လာပါတော့တယ်။

အပိုင်း ၃ ဆက်ရန်

Comments