Criticism and Self Criticism
(ဝေဖန်ရေးနှင့် မိမိကိုယ်ကိုဝေဖန်ရေး)
🔺 🔺 🔺 🔺 🔺 🔺 🔺 🔺 🔺 🔺 🔺 🔺
“ကိုယ့်ကိုယ်ကို ကျကျနန ဝေဖန် မဝေဖန် ဆိုတာဟာလည်း ကျုပ်တို့နဲ့ တခြားနိုင်ငံရေးပါတီတွေ ကွဲပြားခြားနားတဲ့ ထင်ရှားတဲ့ အမှတ်အသားတခုဖြစ်တယ်။ အိမ်ခန်းကို အမှိုက်မလှည်းရင် ဖုံထူနေလိမ့်မယ်။ ကျုပ်တို့ရဲ့ မျက်နှာကိုလည်း အမြဲသစ်ပေးရမယ်။ မသစ်ရင် ညစ်ပတ်နေလိမ့်မယ်လို့ ကျုပ်တို့ပြောဘူးတယ်။ ကျုပ်တို့ ရဲဘော်တွေရဲ့ အတွေးအခေါ်တွေမှာ ကျုပ်တို့ပါတီရဲ့ လုပ်ငန်းတွေမှာလည်း အညစ်အကြေးတွေ ရှိနေတတ်တယ်။ ဒါကြောင့် သုတ်သင် ရှင်းလင်းပစ်ရမယ်။ ‘စီးနေတဲ့ရေဟာ မပုပ်၊ တံခါးဒလက်ဟာ ပိုးမထိုး’ ဆိုတာဟာ အဆက်မပြတ် လှုပ်ရှားနေလို့ ပိုးတွေ ဒါမှမဟုတ် တခြားသက်ရှိသတ္တဝါကလေးတွေရဲ့ လှိုက်စားမှုကို ခုခံနိုင် တယ်လို့ဆိုလိုတာပဲ။ လုပ်ငန်းတွေကို အမြဲတမ်းဆန်းစစ်တာ၊ ဆန်းစစ်တဲ့အခါ ဒီမိုကရေစီလုပ်ဟန် ထွန်းကားအောင်လုပ်တာ၊ ဝေဖန်ရေးနဲ့ ကိုယ့်ကိုယ်ကိုဝေဖန်ရေးကို မကြောက်တာ၊ ‘သိရင် မပြောဘဲမနေနဲ့၊ ပြောရင်အကုန်ပြော' 'ပြောသူအဖို့ အပြစ်မရှိ၊ နားထောင်သူက သတိပြုစရာ အဖြစ်ခံယူ' 'အမှားရှိရင်ပြင်၊ မရှိရင် နောင်မမှားအောင်ရှောင်’ ဆိုတဲ့ တရုတ်ပြည်သူတွေရဲ့ အကျိုးရှိတဲ့ ဆုံးမစကားတွေအတိုင်း လုပ်ဆောင်တာတွေဟာ ကျုပ်တို့ရဲဘော်တွေရဲ့ အတွေးအခေါ် နဲ့ ကျုပ်တို့ပါတီရဲ့ ကိုယ်ခန္ဓာကို နိုင်ငံရေးအညစ်အကြေးအတွေနဲ့ နိုင်ငံရေးပိုးမွှားတွေက လှိုက်မစားနိုင်အောင် ထိထိရောက်ရောက် တားဆီးတဲ့ တခုတည်းသောနည်းလမ်းဖြစ်တယ်”
ဤသည်မှာ မော်စီတုန်း၏ ဝေဖန်ရေးနှင့် ကိုယ့်ကိုယ်ကိုဝေဖန်ရေးအပေါ် အမြင်ဖြစ်သည်။
ဝေဖန်ရေးနှင့် ကိုယ့်ကိုယ်ကိုဝေဖန်ရေးမှာ မာ့က်စ်ဝါဒပါတီများနှင့် အခြားအလုပ်သမား အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများတွင် အမှားများကို ရှာဖွေခြင်း၊ ပြုပြင်ခြင်းနှင့် အားနည်းချက်များကို ဖယ်ရှားခြင်းနည်းလမ်းဖြစ်သည်။ ပစ္စည်းမဲ့တော်လှန်ရေးသမားများသည် မိမိတို့ကိုယ်တိုင်၏ တိုးတက်ရေးအတွက် မိမိကိုယ်မိမိ ဝေဖန်ရေး လုပ်ရမည်ဖြစ်ကြောင်း ထောက်ပြသူမှာ မာ့က်စ်ဖြစ်သည်။ လီနင်ကလည်း ကိုယ့်ကိုယ်ကို ဝေဖန်ရေးသည် ကွန်မြူနစ်ပါတီ၏ လုပ်ငန်းတာဝန်တွင် အရေးအကြီးဆုံးသော အခြေခံမူဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ၏ ဆိုရှယ်လစ်တော်လှန်ရေး အောင်မြင်ပြီးသောအခါ လူမှုဖြစ်ပေါ်တိုးတက်ရေးအတွက် ဝေဖန်ရေးနှင့် ကိုယ့်ကိုယ်ကိုဝေဖန်ရေးသည် အရေးကြီးသည့် ကိစ္စရပ်များအနက် တခုအပါအဝင်ဖြစ်သည်။ ဝေဖန်ရေးနှင့် ကိုယ့်ကိုယ်ကိုဝေဖန်ရေးသည် ဆိုရှယ်လစ်စနစ်၏ ရန်ဘက်အသွင်မဆောင်သော ပဋိပက္ခများဖော်ထုတ်ရေးနှင့် ဖြေရှင်းရေးအတွက် အထူးနည်းနာတရပ် ဖြစ်လာသည်။
မတူသည့် အတွေးခေါ်ချင်း ဆန့်ကျင်ဘက်ဖြစ်မှုနှင့် တိုက်ခိုက်မှုသည် ပါတီတွင်း၌ အမြဲ ဖြစ်ပွားနေခြင်းဖြစ်သည်။ ဤသည်မှာ လူ့အဖွဲ့အစည်းအတွင်းရှိ လူတန်းစားပဋိပက္ခများနှင့် အရာကိစ္စအသစ်နှင့် အဟောင်းတို့၏ ပဋိပက္ခများ ပါတီတွင်း၌ ထင်ဟပ်လာခြင်းဖြစ်သည်။ အကယ်၍ ပါတီတွင်း၌ ပဋိပက္ခများမရှိလျှင်၊ ပဋိပက္ခများကို ဖြေရှင်းသည့် တွေးခေါ်မှုတိုက်ပွဲမရှိလျှင်၊ ပါတီ၏အသက်သည် ချုပ်ငြိမ်းသွားမည်ဖြစ်ကြောင်း မော်စီတုန်းကဆိုသည်။
ထို့ကြောင့် မော်စီတုန်းက တွေးခေါ်မှုတိုက်ပွဲကို တက်တက်ကြွကြွ ဆင်နွှဲရန် တိုက်တွန်းသည်။ ဤကဲ့သို့ တိုက်ပွဲဆင်ခြင်းမှာ ပါတီတွင်းနှင့် တော်လှန်ရေးအဖွဲ့အစည်းများအတွင်း စည်းလုံးညီညွတ်မှုရှိစေပြီး ပါတီနှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ တိုက်ခိုက်ရေးအတွက် အကျိုးရှိစေသော လက်နက်ဖြစ်၍ဖြစ်သည်။ ကွန်မြူနစ်ပါတီဝင်တိုင်း တော်လှန်ရေးသမားတိုင်း ဤလက်နက်ကို ကိုင်စွဲသင့်သည်ဟု ဆိုသည်။
သို့ရာတွင် လစ်ဘရယ်ဝါဒမှာမူ တွေးခေါ်မှုတိုက်ပွဲကို ဖျက်သိမ်းပြီး၊ မူမရှိသည့် ငြိမ်းချမ်းမှုကို လိုလားသည်။ ထို့ကြောင့် ဆွေးမြေ့သိမ်ဖျင်း ပါတီနှင့် တော်လှန်ရေးအဖွဲ့အတွင်းမှ အဖွဲ့အစည်းအချို့နှင့် သည့် လုပ်ဟန်များ ပေါ်ပေါက်ကာ လူအချို့ကို နိုင်ငံရေးအရ ဆုတ်ယုတ်ပျက်စီးသွားစေသည်ဟု မော်စီတုန်းက သတိပေးသည်။
ဝေဖန်ကြရာ၌ ရည်ရွယ်ချက်နှစ်ခုကို ဂရုစိုက်ရမည်ဖြစ်ကြောင်း အောက်ပါအတိုင်း မော်စီတုန်းကပြောသည်။ “ပထမရည်ရွယ်ချက်ကတော့ ‘အတိတ်ကသင်ခန်းစာကိုယူ၊ နောင်မမှားအောင်သတိပြု’ ဖို့ ဖြစ်တယ်။ ဒုတိယရည်ရွယ်ချက်ကတော့ ‘ရောဂါပျောက်အောင်ကုပြီး လူမမာကိုကယ်တင်’ ဖို့ ဖြစ်တယ်။ အရင်က အမှားတွေကို မုချဖော်ထုတ်ရမယ်၊ အားမနာရ၊ အတိတ်ကမကောင်းတဲ့ အရာတွေကို ဝိဇ္ဇာနည်းကျ သဘောထားနဲ့ ခွဲခြမ်းစိတ်ဖြာပြီး ဝေဖန်ဆန်းစစ်ရမယ်၊ ဒါမှ နောင်အလုပ်လုပ်တဲ့အခါ ပိုပြီးသတိထားနိုင်မယ်။ ပိုပြီးကောင်းအောင်လုပ်နိုင်မယ်။ 'အတိတ်သင်ခန်းစာကိုယူ၊ နောင်မမှားအောင်သတိပြု' ဆိုတာ ဒီသဘောပဲ။
ဒါပေမယ့် အမှားတွေကို ကျုပ်တို့ ထုတ်ဖော်တာ၊ ချွတ်ယွင်းချက်တွေကို ဝေဖန်ဆန်းစစ်တာရဲ့ က ရည်ရွယ်ချက်ဟာ ဆရာဝ ရောဂါကုတာနဲ့ အတူတူပဲ၊ လူမမာကို အသေသတ်ဖို့မဟုတ် ကယ်တင်ဖို့အတွက်သာဖြစ်တယ်။ လူတယောက် အူအတက်ရောင်တဲ့ ရောဂါရှိတဲ့အခါ ဆရာဝန်ကခွဲပြီး ဒီအူအတက်ကို ဖြတ်ပစ်လိုက်ရင် ဒီလူနာဟာ ချမ်းသာရာ ရသွားမယ်။ အမှားပြုမိတဲ့လူတိုင်း အကုခံရမှာ မကြောက်ရင်၊ အမှားကို တွယ်ကပ်မနေရင် ကယ်လို့မရတော့တဲ့အထိ ခေါင်းမာမနေဘဲ
ရိုးရိုးသားသား တကယ်ပဲ အကုခံချင်ရင်၊ အမှားကိုပြင်ချင်ရင် သူ့ကို ကျုပ်တို့ကြိုဆိုလက်ခံရမယ်။ သူ့ရောဂါ ပျောက်အောင် ကုပေးရမယ်။ ရဲဘော်ကောင်းတယောက် ဖြစ်လာအောင် လုပ်ပေးရမယ်။ ဒီလုပ်ငန်းဟာ တခဏလောက် အားရပါးရ လုပ်ရင်ပြီးရောဆိုပြီး အရမ်းကာရော ထိုးနှက်ရုံနဲ့ ပြီးတဲ့ကိစ္စမဟုတ်ဘူး။ အတွေးအခေါ်အရ၊ နိုင်ငံရေးအရ ဝေဒနာစွဲကပ်လာရင် ဘယ်တော့မှ အကြမ်းမကိုင်ရ၊ 'ရောဂါပျောက်အောင်ကုပြီး လူမမာကိုကယ်တင်’ တဲ့ သဘောထားနဲ့ လုပ်ရမယ်၊ ဒါမှ မှန်ကန်ထိရောက်တဲ့နည်းဖြစ်တယ်
ဝေဖန်ရေးနှင့် စပ်လျဉ်းလို့ မှားယွင်းသည့် သဘောထားနှင့် လုပ်ဆောင်ချက်များကိုလည်း မော်စီတုန်းက ထောက်ပြသည်။
“ပါတီတွင်း ဝေဖန်ရေးနဲ့ ပတ်သက်လို့ နောက်ထပ်တချက် ပြောချင်သေးတယ်။ ရဲဘော်တချို့ဟာ ဝေဖန်ရာမှာ ပြဿနာကြီးတွေကို အာရုံမစိုက်ဘဲ၊ ပြဿနာ အသေးအမွှားတွေကိုသာ အာရုံစိုက်ကြတယ်။ ဝေဖန်ရေးရဲ့ အဓိက တာဝန်ဟာ နိုင်ငံရေးအရ မှားတာနဲ့ စည်းရုံးရေးအရ မှားတာကို ဖော်ထုတ်ညွှန်ပြဖို့ဖြစ်တယ်ဆိုတာကို သူတို့ နားမလည်ကြဘူး။ ရဲဘော်တယောက်ရဲ့ ချွတ်ယွင်းချက်ဟာ နိုင်ငံရေးအမှား၊ စည်းရုံးရေးအမှားနဲ့ ဆက်စပ်မနေရင်၊ ဒီရဲဘော် အနေရကျပ်အောင် အလွန်အမင်း အပြစ်မတင်သင့်ဘူး။ ဒီလိုဝေဖန်မှုမျိုး တိုးပွားလာရင် ပါတီထဲမှာ ချွတ်ယွင်းချက်အသေးအမွှားတွေကိုသာ လုံးဝအာရုံစိုက်ကြလိမ့်မယ်။ ပါတီဝင်တိုင်းလည်း မလုပ်ရဲမကိုင်ရဲနဲ့ အစိုးရိမ်လွန်ပြီး၊ ပါတီရဲ့ နိုင်ငံရေးတာဝန်တွေကိုတောင် မေ့သွားကြလိမ့်မယ်။ ဒါဟာ သိပ်အန္တရာယ်ကြီးတယ်။
ထို့ကြောင့် “ပါတီတွင်း ဝေဖန်ရေးလုပ်သည့်အခါတွင် စိတ်အထင်နှင့် ဇွတ်တရွတ်ပြောခြင်းမျိုးနှင့် ဝေဖန်ရေးကို သိမ်ဖျင်းအောင် လုပ်ခြင်းမျိုးကို တားမြစ်ရမည်ဖြစ်သည်။ စကားပြောလျှင် အထောက်အထားရှိရမည်ဖြစ်သည်။ ဝေဖန်သည့်အခါ နိုင်ငံရေးဖက်ကို အလေးထားရမည် ဖြစ်သည်”
“ဝေဖန်လျှင် အချိန်မီ ဝေဖန်ဖို့လိုသည်။ ကိစ္စပြီးမှချည်း ဝေဖန်ချင်သည့် ဝါသနာကို စွန့်ပစ်ဖို့လိုသည်”(မော်စီတုန်း-လယ်ယာသမဝါယမဖြစ်ထွန်းရေး) တကယ်တွင်မူ “ဝေဖန်ရေး၏ ရည်ရွယ်ချက်မှာ လူတန်းစားတိုက်ပွဲတွင် အောင်ပွဲရရှိစေရန် ပါတီ၏ တိုက်ရည်ခိုက်ရည်ကို တိုးတက်အောင်လုပ်ခြင်းဖြစ်သည်။ တဦးတယောက်ကို ပုတ်ခတ်သည့် လက်နက်အဖြစ် ဝေဖန်ရေးကို အသုံးမချသင့်ပေ”။
▪️ ▪️ ▪️ ▪️ ▪️ ▪️ ▪️ ▪️ ▪️ ▪️ ▪️ ▪️ ▪️
Telegram Channel:
https://t.me/socialdemocratchannel2022
#thesocialdemocratpost #ဆိုရှယ်ဒီမိုကရက်စာစဉ် #criticism #self-criticism #ဝေဖန်ရေးနှင့်မိမိကိုယ်ကိုဝေဖန်ရေး
Comments
Post a Comment