ကိုးကန့် (MNDAA)
ကိုးကန့် (MNDAA)
၁၉၅၈ မှာ ကိုးကားစော်ဘွား အာဏာစွန့်ရပြီးတဲ့နောက်မှာ ကိုးကန့်စော်ဘွားနဲ့ ဖုန်ကြားစင်း၊ ဖုန်ကြားဖူးတို့က အစိုးရကို ပုန်ကန်ခဲ့ကြပါတယ်။ ကိုးကန့်စော်ဘွားက ကိုးကန့်ဒေသကိုစွန့်ခွာသွားတဲ့နောက်မှာတော့ ဖုန်ကြားစင်းတို့က ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ပေါင်းပြီး အစိုးရကိုဆက်တိုက်ခဲ့ကြပါတယ်။ ၁၉၈၉ မတ်လ ၁၂ရက်နေ့မှာတော့ ဖုန်ကြားစင်းဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ဟာ ဗကပ ကနေ ခွဲထွက်ပြီး Myanmar National Truth and Justice Party (MNTJP)၊ Myanmar National Democratic Alliance Army (MNDAA) ကို တည်ထောင်ခဲ့ပါတယ်။ MNTJP ကတော့ နိုင်ငံရေးအင်အားစုဖြစ်ပြီး MNDAA ကတော့ လက်နက်ကိုင်တပ်ဖြစ်ပါတယ်။ ဒီလို MNTJP/MNDAA တည်ထောင်ပြီးနောက်မှာပဲ နဝတအစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့ပါတယ်။ နဝတအစိုးရကလည်း ကိုးကန့်ဒေသကို ရှမ်းပြည်နယ်အထူးဒေသ-၁အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ၁၉၉၂ က စပြီး ကိုးကန့်ဒေသထဲကို အစိုးရတပ်တွေ တစ်စတစ်စခြေကုပ်ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၀၉ မှာတော့ BGF ပြောင်းရေးကိစ္စ၊ လက်နက်စက်ရုံကိစ္စတို့ကြောင့် ဖုန်ကြားစင်းတို့နဲ့ အစိုးရတို့ပဋိပက္ခဖြစ်လာပြီး အစိုးရတပ်များက ကိုးကန့်ဒေသကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ MNDAA တို့ ကိုးကန့်ဒေသကိုစွန့်ခွာခဲ့ရပါတယ်။ ၂၀၁၅မှာတော့ MNDAA တို့ပြန်လည်စုဖွဲ့ပြီး ကိုးကန့်ဒေသကို ပြန်လည်ထိုးစစ်ဆင်ခဲ့ကြပါတယ်။ အစိုးရဘက်က လေကြောင်းနဲ့ အမြောက်ပစ်ကူတွေပါသုံးခဲ့ပြီး တိုက်ပွဲအတော်ပြင်းထန်ခဲ့ပါတယ်။ ကိုးကန့်ဒေသအများစုကိုတော့ အစိုးရတပ်ကပဲ ထိန်းချုပ်နိုင်လိုက်ပေမယ့် ကိုးကန့်ဒေသမြောက်စွန်းမှာရှိတဲ့ ဟုန်အန်ဒေသကိုတော့ MNDAA တို့ခြေကုပ်ယူနိုင်ခဲ့ပါတယ်။ အဲတာကြောင့် MNDAA ရဲ့ထိန်းချုပ်နယ်မြေဟာ ဟုန်အန်ပဲရှိပြီး ကျန်ကိုးကန့်ဒေသများဟာ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတယ်လို့ဆိုရမှာပါ။ လက်ရှိမှာတော့ ဖုန်ကြားစင်းရဲ့သားဖြစ်တဲ့ ဖုန်တာ့ရွှင်က MNTJP ရဲ့ ဥက္ကဌနဲ့ MNDAA ရဲ့ စစ်ဦးစီးချုပ်အဖြစ်တာဝန်ယူနေပါတယ်။ MNDAA မှာ တပ်မဟာ ၃ ခု ဖွဲ့စည်းထားပြီး အင်အားကတော့ ၂၅၀၀ ကနေ ၅၀၀၀ ကြားရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မဟာမိတ်အနေနဲ့ မြောက်ပိုင်းနိုင်ငံရေးမဟာမိတ်အဖွဲ့မှာပါဝင်ပြီး AA၊ TNLA တို့နဲ့ ညီနောင်မဟာမိတ်၃ဖွဲ့အဖြစ် စစ်ဆင်ရေးများပူးတွဲပြုလုပ်လေ့ရှိပါတယ်။ ၂၀၁၅ NCA လက်မှတ်ရေးထိုးရာမှာ AA၊ TNLA တို့နဲ့အတူ MNDAA ကိုလည်း အစိုးရ လက်မှတ်ထိုးခွင့်မပြုဘဲ လက်နက်အပ်ရန်သာဆိုသဖြင့် NCA လက်မှတ်ထိုးထားခြင်းမရှိပါ။
Comments
Post a Comment