မြေအောက်လျှို့ဝှက်လုပ်ငန်း အတွေ့အကြုံများ (Part-1)


မြေအောက်လျှို့ဝှက်လုပ်ငန်း အတွေ့အကြုံများ (အပိိုင်း ၂)
______

◾️လေ့လာသူတဦး | ဆောင်းပါး | အိုးဝေစာစောင်

(ခ) လျှို့ဝှက်လုပ်ငန်းကွန်ရက်နဲ့ လျှို့ဝှက်ရေးစည်းကမ်း
________

လျှို့ဝှက်လုပ်ငန်းအကြောင်း ရုပ်ရှင်တွေ၊ ဝတ္ထုတွေ၊ ဖြစ်ရပ်မှန် မှတ်တမ်းတွေထဲမှာ လူတိုင်း ကြားဖူးနားဝ ဖြစ်နေကြပြီ။ အခုနောက်ပိုင်းဆို နည်းပညာကရိယာကလေး မျိုးစုံသုံးပြီး မသင်္ကာသူနဲ့ ထည့်လွှတ်လိုက်တာတွေတောင် လုပ်နေကြတယ်။ သမရိုးကျ လျှို့ဝှက်လုပ်ငန်းတွေမှာတော့ စကားဝှက်တို့ ဝှက်စာတို့ ပုန်းစရာနေရာတို့ စိတ်ချရတဲ့ဆုံရပ်တို့ ထည်လဲသုံးတာတို့လဲ မြင်ဖူးကြမှာ ဖြစ်ပါတယ်။ အရေးကြီးတာက အဲသလိုလျှို့ဝှက်လုပ်ငန်းကို လုပ်နိုင်ဖို့ အချက် ၂ ချက် လိုအပ်တယ်။ တချက်က စနစ်တကျတည်ဆောက် ထားတဲ့ လျှို့ဝှက်ရေးကွန်ရက်ဖြစ်ပြီး ဒုတိယတချက်ကတော့ လျှို့ဝှက်ရေးလုပ်ငန်းလုပ်သူတွေရဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။

လျှို့ဝှက်လုပ်ငန်းကွန်ရက်ဆိုတာ ပုံစံအမျိုးမျိုး အသွင်အမျိုးမျိုးရှိပြီး တခြားလုပ်ငန်းတွေမှာလည်း အသုံးပြုနေကြတယ်။ ယုတ်စွအဆုံး မူးယစ်ဆေးမှောင်ခိုတွေ ရာဇဝတ်ဂိုဏ်းတွေမှာလည်း ရှိတယ်၊ နိုင်ငံရေးဘက်မှာလည်း လုပ်ကြံသတ်ဖြတ်ရေးဂိုဏ်းတွေ ရှိနေတတ်တာပဲ။ အခုပြောတဲ့ လျှို့ဝှက်ရေးကွန်ရက်ဆိုတာ အဲဒီအဖွဲ့တွေနဲ့မတူတဲ့ ပြည်သူလူထု အကျိုးအတွက် ပြည်သူလူထု တော်လှန်ရေးအတွက် ဆိုတဲ့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ တည်ဆောက်တဲ့ ကွန်ရက်ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေရဲ့ အရည်အချင်းဆိုရာမှာ အဓိကအား ဖြင့် လျှို့ဝှက်ရေး စည်းကမ်းချက်တွေကို သေချာလေ့လာနားလည်ပြီး လက်တွေ့မှာ တင်းတင်းကျပ် ကျပ် လိုက်နာကျင့်သုံးတာကို ဆိုလိုပါတယ်။ ဒီအရည်အချင်းတွေကလည်း ထက်ထက်သန်သန် သင်ယူလို့ရတဲ့ အရည်အချင်းတွေ ဖြစ်ပါတယ်။ 

လျှို့ဝှက်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ပုံလုပ်နည်းတွေဟာ ရန်သူက ဖန်တီးထားတဲ့ ပိတ်ပင်တားဆီးမှု အဟန့်အတားတွေကို ကျော်နင်းပြီး တော်လှန်ရေး အင်အားတွေကို ထိန်းသိမ်းဖို့နဲ့ ကြီးထွားလာအောင်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် လျှို့ဝှက်ရေးစနစ်ကို ကျင့်သုံးပြီး မတရားတဲ့ ဖက်ဆစ်အစိုးရကို ဖြုတ်ချရာမှာ ပြည်သူလူထုကို ဦးဆောင်မယ့် ကွန်ရက်တစ်ခုကို ကျစ်ကျစ်လစ်လစ် ထူထောင်ဖို့ဘဲဖြစ်ပါတယ်။ လျှို့ဝှက် ရေးကွန်ရက်ထူထောင်ရာမှာ အရေးကြီးတဲ့အချက်တချို့ကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။
 
(၁) လျှို့ဝှက်လုပ်ငန်းကွန်ရက်ထဲမှာ တွေ့ရာလူ ဆွဲသွင်းတာမျိုး ရှောင်ရှားပြီး လေးလေးနက်နက်လုပ်မယ့်သူ စိတ်ချအားကိုးရသူမျိုးကိုပဲ ထည့်သွင်းဖို့ ကြိုးစားရမယ်။ လူသစ်စုဆောင်းရာမှာ ခေါင်းဆောင်တွေက သေချာလေ့လာပြီး ဂရုတစိုက် စုဆောင်းရမယ်။ နိုင်ငံရေးအရ နောက်ကြောင်းရှင်းလင်းတဲ့၊ ပိုင်းဖြတ်မှုရှိတဲ့၊ စည်းကမ်းရှိတဲ့၊ ရိုးသားတဲ့၊ ချုပ်တည်းမှုရှိတဲ့ တည်ငြိမ်တဲ့သူမျိုးကို ရွေးဖို့လိုတယ်။ နှုတ်လုံတဲ့ လျှို့ဝှက်မှုကို ထိန်းနိုင်တဲ့လူလည်း ဖြစ်ဖို့လိုတယ်။ သတ္တိရှိပြီး ရန်သူအဖမ်းခံရရင် အာခံနိုင်စွမ်းရှိသူမျိုးဆို ပိုကောင်းတယ်။
(၂) ကလပ်စည်းတခုကို လူ ၃ ယောက် ၄ ယောက်ထက်မပိုရ။ အတွေ့အကြုံရှိပြီး ဝါအရင့်ဆုံးသူကို အဲဒီကလပ်စည်းရဲ့ ခေါင်းဆောင်အဖြစ် ထားရမယ်။ ကလပ်စည်းတခုရဲ့ အဖွဲ့ဝင်ဟာ ကွန်ရက်အကြောင်းနဲ့ တခြားကလပ်စည်းက လူတွေအကြောင်းတွေ သိစရာမလို။ ကလပ်စည်းဝင်တိုင်းဟာ ကိုယ့်ကိုပေးအပ်တဲ့ တာဝန်ကလွဲပြီး တခြားအကြောင်းတွေကို သိခွင့်မရှိ။
(၃) ကလပ်စည်းခေါင်းဆောင် တယောက်ကပဲ အထက်ဆင့်ကွန်ရက်အဖွဲ့ဝင်နဲ့ ဆက်သွယ်ရမယ်။ အထက်ဆင့်အဖွဲ့ဝင်ကနေ အဲဒီ ကလပ်စည်းခေါင်းဆောင်ဆီက အစီရင်ခံချက်တွေ လက်ခံပြီး ကွန်ရက်ခေါင်းဆောင်မှုရဲ့ ညွှန်ကြားချက်တွေကို ပေးအပ်ရမယ်။
(၄) ကွန်ရက်ကို အတွေ့အကြုံကြီးမားတဲ့ ခေါင်းဆောင်အနည်းငယ်နဲ့ ကော်မတီတခုဖွဲ့ ခေါင်းဆောင်ရမယ်။ ခေါင်းဆောင်အဖွဲ့တွေကို ပိရမစ်ပုံ အောက်ခြေကနေ အထက်ကို တဖြည်းဖြည်း သေးငယ်စေတဲ့နည်းနဲ့ ဖွဲ့စည်းရမယ်။ ဒေသန္တရ ကလပ်စည်းလေးတွေကို အခြေခံအဖြစ် အောက်ဆုံးမှာရှိစေပြီး သူတို့အထက်မှာ စက်ရုံအလုပ်ရုံအလိုက်၊ မြို့နယ်အလိုက် ဦးဆောင်ကလပ်စည်းတွေ ထားရှိရမယ်။ မြို့ကြီးတွေ မြို့တော်တွေက ဦးဆောင်ကော်မတီတွေက ထိပ်ဆုံးမှာ ရှိရမယ်။ အောက်ခြေနဲ့ ထိပ်ပိုင်းကို အလယ်အလတ်ကြားအဆင့် ဦးစီးကလပ်စည်းတွေလည်း ထားရှိရမယ်။ စစချင်း အောက်ခြေကလပ်စည်း တစ်ခုနှစ်ခုကို အရင်တည်ဆောက်ပြီး အဲဒီကမှတဆင့် အတွေ့အကြုံတွေရအောင် သင်ကြားပြီး တဖြည်းဖြည်းပွားယူပြီး အလယ်အလတ်အဆင့် အထက်အဆင့်တွေ ထူထောင်တဲ့နည်းကို ကျင့်သုံးကြတာများတယ်။
(၅) အထက်အဆင့်ကနေ အောက်ခြေအထိ ကွန်ရက်အဖွဲ့ဝင်တိုင်းမှာ ကိုယ့်အဖြစ်မှန်ကိုဖုံးကွယ် အကာအကွယ်ပေးနိုင်မယ့် ဟန်ပြ ဇာတ်လမ်းတခုစီ ရှိထားရမယ်။ တကယ်လုပ်ကိုင်နေတာကို ယုတ္တိရှိရှိ ဖုံးကွယ်ပေးနိုင်မယ့် ဇာတ်လမ်းတွေကို ကြိုပြီးတိုက်ထားရမယ်။ ပန်းခြံထဲ လဖက်ရည်ဆိုင်ထဲ ချိန်းပြီး တွေ့ဆုံတယ်ဆိုရင် တမင်ချိန်းတွေ့တာမဟုတ်ဘဲ ခရီးသွားဟန်လွဲတွေ့ကြတာ ဖြစ်ရမယ်၊ ပြောခဲ့ကြတဲ့ စကားတွေကလည်း ဘောလုံးပွဲအကြောင်း စီးပွားရေးအကြောင်း စသဖြင့် ဇာတ်လမ်းအသင့်ရှိနေရမယ်။

Part-1 ဆက်ရန်

Comments