မြေအောက်လျှို့ဝှက်လုပ်ငန်း အတွေ့အကြုံများ (Part-2)
(၆) အဖွဲ့ဝင်တိုင်းကို နာမည်ရင်းအတိုင်းမခေါ်ရ၊ နာမည်ဝှက် ဒါမှမဟုတ် ဝှက်စာနာမည်တခုခု ပေးထားရမယ်။ တကယ်အစစ် အတိုင်းနဲ့ မခြားတဲ့ မှတ်ပုံတင်အတု၊ ထောက်ခံစာအတုတွေကိုလည်း အသင့်ကိုင်ဆောင်ထားရမယ်။ အထူးသဖြင့် ပြေးနေရတဲ့သူတွေနဲ့ တရားမဝင် သတ်မှတ်ခံထားရသူတွေမှာ အခိုင်အမာ ထောက်ခံစာတွေ ရှာထားရမယ်။ အရေးအကြီးဆုံးက တဖက်လူ သံသယလုံးဝအဖြစ်မခံဘဲ ပတ်ဝန်းကျင်က တခြားသူတွေထဲမှာ အတူတူရှိနေဖို့ဘဲ။
(၇) အရေးကြီးတဲ့စာရွက်စာတမ်းတွေ တရားမဝင်စာအုပ်တွေ အစီရင်ခံစာတွေ လက်နက်ခဲယမ်းတွေ (အသုံးမပြုသေးလျှင်) သေသေချာချာ ဝှက်ထားဖို့လိုတယ်။ ဒါတွေကိုဖွက်ဖို့အတွက် ဖွက်တဲ့နေရာ သက်သက် စီစဉ်ထားရမယ်။ အစီရင်ခံစာတွေ စာရွက်စာတမ်းတွေကို ရေးသားရာမှာ အထဲမှာပါတဲ့ လူတွေ၊ နေရာတွေနဲ့ ပစ္စည်းတွေကို နာမည်လွဲ နေရာလွဲ စကားဝှက်တွေနဲ့ ရေးသားရမယ်။
(၈) ကလပ်စည်းခေါင်းဆောင်တွေဟာ ကိုယ့်အဖွဲ့ဝင်တွေကို လျှို့ဝှက်ရေးစည်းကမ်းတွေ သေချာသင်တန်းပေး လေ့ကျင့်တာ လုပ်ရမယ်။ ရန်သူကို နှာတဖျားသာဖို့ဆိုရင် ကိုယ့်အဖွဲ့ဝင်တွေကို အဆက်မပြတ် သင်တန်းပေးပြီး အရည်အသွေး မြှင့်တင်တဲ့နည်းပဲ ရှိတယ်။
(၉) နည်းပညာတွေ သိပ္ပံပညာတွေကို ရနိုင်သမျှ လေ့လာအသုံးပြုရမယ်။ မမြင်ရတဲ့မှင်နဲ့ ရေးနည်းတို့၊ ဝှက်စာနည်းပညာတို့၊ ရုပ်ပြောင်း ရုပ်လွှဲနည်းတို့ အင်တာနက်ဆက်သွယ်ရေးတို့ ကြားဖြတ်သတင်းယူနည်းတို့ကို လေ့လာသင်ယူမှုမပြတ် ပြုလုပ်ရမယ်။ တန်ပြန်စောင့်ကြည့်နည်းနဲ့ ကိုယ့်ကွန်ရက်ကို ရန်သူစောင့်ကြည့်မကြည့် အမြဲထောက်လှမ်းတာတွေ လုပ်ရမယ်။ ကိုယ့်အချင်းချင်း ဆက်သွယ်ရေးမှာလည်း ခေတ်မှီနည်းပညာတွေ အသုံးချတတ်အောင် သင်ကြားပေးရမယ်။ ဖြစ်နိုင်ရင် သင်တန်းတွေနဲ့ စနစ်တကျသင်ကြားရမယ်။
(၁၀) ကွန်ရက်ထူထောင်ရာမှာ ကလပ်စည်းတချို့ကို သီးသန့်အထူးလုပ်ငန်းအဖြစ် ဝါဒဖြန့်ချိရေးလုပ်ငန်း၊ အစိုးရကို နှောင့်ယှက် ဖျက်ဆီးရေးလုပ်ငန်း၊ အနီးကပ် တိုက်ခိုက်ရေးလုပ်ငန်း၊ လူထုစည်းရုံးရေးနဲ့ လူထုလှုပ်ရှားမှုလုပ်ငန်း၊ စက်ရုံတွင်း စည်းရုံးရေးလုပ်ငန်းစသဖြင့် အထူးသီးသန့်တာဝန်တွေ သက်သက်စီ ခွဲခြားပေးရမယ်။
လျှို့ဝှက်ရေးကွန်ရက်တခု ထူထောင်ဖို့အတွက် မရှိမဖြစ်လိုအပ်ချက်ကတော့ လျှို့ဝှက်ရေးစည်းကမ်း လိုက်နာမှုပဲ ဖြစ်ပါတယ်။ အဖွဲ့ဝင်တဦးဦးရဲ့ ပေါ့လျော့မှု၊ နမော်နမဲ့နိုင်မှု၊ ပါးစပ်ဖွာမှုတွေကြောင့် ဖမ်းဆီးတာ ခံရတဲ့အထိ ကြုံရတတ်တယ်။ ပုလိပ်တွေ သတင်းပေးတွေ အာရုံအစိုက်ခံရတဲ့ ထူးခြားတဲ့ အပြုအမူတွေကြောင့်လည်း ဒုက္ခရောက်တတ်တယ်။ လျှို့ဝှက်ရေးလုပ်ငန်းဟာ သတိဝီရိယရှိပြီး နိုးနိုးကြားကြားနဲ့ အရာရာ သတိကြီးကြီးထားဖို့ တောင်းဆိုတယ်။ လျှို့ဝှက်ရေးစည်းကမ်းတွေဟာ ရန်သူကဖန်တီးတဲ့ အတားအဆီးတွေကို ကျော်လွှားဖို့နဲ့ ကိုယ့်လှုပ်ရှားမှုတွေကို မျက်နှာဖုံးစွပ်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်ပါတယ်။
ဥပမာအဖြစ် အလုပ်သမားသမဂ္ဂဝင်တယောက် ခေါင်းဆောင်တဲ့ လျှို့ဝှက်ကလပ်စည်းတခု ဆိုပါစို့။ ခေါင်းဆောင်က သူ့အဖွဲ့ဝင် နှစ်ယောက်ကို ရုပ်ရှင်ရုံတခု အပြင်မှာတွေ့ဖို့ ချိန်းထားတယ်။ ကျန်တဲ့သူတွေက ခေါင်းဆောင်ကိုမျှော်ပေမဲ့ တော်တော်နဲ့ ပေါ်မလာဘူး။ ရုပ်ရှင်ရုံရှေ့မှာ ခေါက်တုံ့ ခေါက်ပြန်လျှောက်ပြီး စောင့်နေကြတာ နာရီဝက်နောက်ကျပြီးမှ သူရောက်လာတယ်။ သူရောက်လာတော့ ခါတိုင်းတွေ့နေကျ လက်ဖက်ရည်ဆိုင် တဆိုင်ကို သွားကြတယ်။ ခပ်တိုးတိုး စကားပြောနေကြတုန်း ရုပ်ရှင်ကပြီးသွားတော့ လူတွေလည်း လဖက်ရည်ဆိုင်ထဲ ဝင်လာကြတယ်။ ဝင်လာတဲ့ထဲမှာ ခေါင်းဆောင်ရဲ့ ဆွေမျိုးတယောက်လည်းပါပြီး ခေါင်းဆောင်ကို နှုတ်ဆက်တယ်။ ခေါင်းဆောင်က သူ့ဆွေမျိုးအထင်ကြီးအောင်ဆိုပြီး ကျန်တဲ့ ၂ ယောက်နဲ့ မိတ်ဆက်ပေးလိုက်တယ်။ သူတို့က လူကောင်းတွေပါ၊ ကျွန်တော်ဆီကနေ ဘာတွေထူးသလဲ သိချင်လို့ မေးနေကြတာပါဆိုပြီး ပြောလိုက်တယ်တဲ့။ အဲဒီဆွေမျိုးနဲ့အတူ သူတို့ သုံးယောက်အချိန် အကြာကြီးစကားတွေ ပြောခဲ့ကြတယ်တဲ့။ ကဲ . . . အဲဒီဖြစ်ရပ်မှာ ဘာတွေလိုအပ်သလဲ။
ဒီဖြစ်ရပ်ကို ကြည့်လိုက်ရင် သူတို့အားလုံးပြင်ဆင်မှု မပြည့်စုံဘူးဆိုတာ ထင်ရှားနေတယ်။ ခေါင်းဆောင်လုပ်တဲ့သူက သတ်မှတ်တဲ့ အချိန်အတွင်း ရောက်မလာဘူး၊ စောင့်တဲ့သူတွေကလည်း ဂနာမငြိမ် ရုပ်ရှင်ရုံရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကြတယ်။ တွေ့ဆုံမှုအတွက် ကြိုတင်ဇာတ်တိုက်ထားတဲ့ ဟန်ပြဇာတ်လမ်းလည်း မရှိဘူး။ မမျှော်လင့်ဘဲတွေ့ရတဲ့ ဆွေမျိုးကို ဆွဲသွင်းပြီး နိုင်ငံရေးအ ကြောင်းတွေ ဖောင်ဖွဲ့ပြောဆိုကြတယ်။ ခေါင်းဆောင်လုပ်သူက လျှို့ဝှက်ရေးမှာ စံပြဖြစ်ရမယ့်အစား ပေါ့ပေါ့လျော့လျော့ လုပ်ပြခဲ့တယ်။
ဒီလိုဖြစ်ရပ်တွေ ထပ်တလဲလဲ ဖြစ်လာရင် လျှို့ဝှက်လုပ်ငန်းလည်း ခပ်မြန်မြန် ဖြိုခွင်းခံရမှာဘဲ။ ဒါကြောင့် လျှို့ဝှက်စည်းမျဉ်းစည်းကမ်းတွေအဖြစ် အောက်ပါအချက်တွေကို လိုက်နာဖို့တိုက်တွန်းလိုပါတယ်။
(၁) ကိုယ့်လုပ်ငန်းကို ဖုံးကွယ်ဖို့ ယုံကြည်နိုင်လောက်တဲ့ ဟန်ပြဇာတ်လမ်း အမြဲရှိနေရမယ်။
Part-3 ဆက်ရန်
Comments
Post a Comment