မြေအောက်လျှို့ဝှက်လုပ်ငန်း အတွေ့အကြုံများ (Part-3)


(၂) မြေအောက်လုပ်ငန်းလုပ်သူတွေကို သူကလူကောင်းပါတို့ သူကဘယ်သူပါတို့ တခြားလူကို ထုတ်ဖော်ပြောဆိုခွင့် မရှိပါ။
(၃) ဟန်အမူအယာတွေ ပြောဆိုလှုပ်ရှားတာတွေဟာ သဘာဝကျရမယ်၊ ပုံမှန်ဖြစ်ရမယ်။ လူတွေကြားထဲ ထင်းကနဲ ဖြစ်မနေ စေရဘူး၊ လူတွေ အာရုံစိုက်လာတာမျိုး မဖြစ်စေရဘူး။
(၄) ပါးစပ်မဖွာနဲ့ အာမချောင်နဲ့။ လျှို့ဝှက်ချက်ကို အသက်တချောင်းလို တန်ဖိုးထားရမယ်။ လူတိုင်းကိုမယုံသင့်သလို စကားကိုလည်း နည်းနိုင်သမျှ နည်းနည်းပြောရမယ်။
(၅) အင်ဖော်မာ သတင်းပေးတွေကို အမြဲသတိပြုနေရမယ်။ သူတို့က သင်နဲ့ နီးနိုင်သမျှ နီးနီးရောက်အောင် လာမယ်၊ သင်ကြိုက်မယ့် သွေးကြွစရာစကားတွေ တော်လှန်ရေးစကားတွေ များများပြောမယ်၊ ဆွေမျိုးသားချင်းဆိုပြီး လုံးဝစိတ်ချတာမျိုးလည်း မဖြစ်ရဘူး။
(၆) စည်းကမ်းလိုက်နာရမယ်၊ လက်ရုံးရည် နှလုံးရည်ပြည့်စုံရမယ်၊ တိကျရမယ် အချိန်မှန်ရမယ်၊ ဆုံတွေ့ဖို့ချိန်းထားတဲ့နေရာမှာ ၁၀ မိနစ်ထက်ပိုမနေရဘူး၊ နောက်ကျမှ ရောက်လာသူဟာ ၁၀ မိနစ်ထက်ပိုနေရင် အဖမ်းအဆီးရှိလို့ နောက်ကျနေတာလားဆိုတာ သတိထားရမယ်။
(၇) တွေ့တာဖြစ်ဖြစ် မမျှော်လင့်တာနဲ့ တိုးတာဖြစ်ဖြစ် အရာရာ အဆင်သင့် ပြင်ဆင်ထားရမယ်။ ရန်သူက ခပ်လွယ်လွယ်အကဲခတ်လို့ ရစေမယ့် ထပ်တလဲလဲ ပုံစံတွေ အမူအကျင့်တွေကို ရှောင်ရှားရမယ်၊ ချိန်းထားတဲ့ နေရာကိုလည်း ဒီတနေရာထဲ ထပ်တလဲလဲ ရွေးတာမျိုး ရှောင်ရှားရမယ်။
(၈) သင်နဲ့မဆိုင်တဲ့ ကိစ္စမျိုးကို မစပ်စုပါနဲ့၊ သိအောင် မကြိုးစားပါနဲ့။ ကိုယ့်ကိုပေးတဲ့ တာဝန်ကိုပဲ ဘယ်လိုကျေအောင် လုပ်မလဲဆိုတာ အာရုံစိုက်ပါ။
(၉) ဖုန်းနဲ့ပြောတာဖြစ်ဖြစ် အများပြည်သူနေရာ တခုခုမှာ တွေ့ပြီးပြောတာဖြစ်ဖြစ် တခြားသူ ကြားသိသွားနိုင်သလား ဆိုတာကို အထူးသတိပြု ပြောဆိုဖို့လိုတယ်။ ပြောတဲ့အခါမှာလည်း လူနာမည်တို့ နေရာတို့ ကိစ္စတို့ကို စကားဝှက်သုံးပြီး ပြောဆိုတာလုပ်ရမယ်။
(၁၀) လျှို့ဝှက်လုပ်ငန်း လုပ်ကိုင်ပြီးနောက်ပိုင်း သင့်ကိုခြေရာခံနိုင်မယ့် ခြေရာလက်ရာတွေကို ဖယ်ရှားဖျက်ဆီးပစ်ပါ။ သင့်လက်ဗွေရာ တွေကိုဖျက်ပစ်ပါ၊ စာရိုက်တဲ့ လက်နှိပ်စက်တွေကနေပြီးလည်း နောက်ယောင်ခံလို့ ရတယ်ဆိုတာ သိထားပါ။ ပစ္စည်းဝယ်လာတဲ့ ဆိုင်တွေကိုလည်း ခြေရာခံလိုက်နိုင်တယ်။
(၁၁) စာရွက်စာတမ်းတွေ လက်နက်ခဲယမ်းတွေကို ဝှက်ထားရမယ်။ ဝှက်တဲ့နေရာကလဲ သင်နေထိုင်တဲ့နေရာမျိုးမှာမဖြစ်စေရဘူး။ နာမည်တွေနဲ့ နေရပ်လိပ်စာတွေကို မှတ်ဉာဏ်ထဲမှာပဲ မှတ်ပါ။ စာနဲ့ ရေးမမှတ်ပါနဲ့။
(၁၂) မှတ်ပုံတင်အတုလို လိုင်စင်လက်မှတ်လို ခိုင်လုံတဲ့ အထောက်အထား အဆင်သင့် ရှိနေရမယ်။
(၁၃) ကိုယ်နေတဲ့ မြို့၊ ရွာ၊ ရပ်ကွက်၊ လမ်းတွေအကြောင်း အသေးစိတ် သိနေရမယ်။ အဲသလိုသိနေမှ လျှို့ဝှက်နေရာကို သိနိုင်မှာဖြစ်သလို သင့်ကို ရန်သူ စောင့်ကြည့်မကြည့်၊ နောက်ယောင်ခံလိုက်မလိုက် သိနိုင်မှာ ဖြစ်ပါတယ်။
(၁၄) အဖမ်းခံရရင် လျှို့ဝှက်ချက်ကို လုံးဝမဖော်ထုတ်ရ၊ ကိုယ်ရဲဘော်တွေကို ဖော်မပြောရ၊ သတ်ပစ်မယ်ဆိုရင်တောင် မဖော်ပြောရ။
(၁၅) သင့်လျှို့ဝှက်ကလပ်စည်းထဲက တဦးဦးအဖမ်းခံရရင် အဲဒီလူဟာ နှိပ်စက်တာမခံနိုင်လို့ ဖော်ပြောတော့မှာဘဲလို့ မှတ်ယူပြီး ချက်ချင်းရှောင်တိမ်းတာ၊ ကိုယ့်လုပ်ငန်းတွေကို ကာကွယ်တာတွေ လုပ်ရမယ်။ ဒါဟာ လိုအပ်မှုအရဘဲ ယုံခြင်းမယုံခြင်းနဲ့ မဆိုင်ဘူး။
အထက်ပါလျှို့ဝှက်ရေးစည်းကမ်းချက်တွေကို တော်လှန်ရေးသမားတွေ တိတိကျကျလိုက်နာနိုင်ရင် တော်လှန်ရေးဟာ အဆုံးအရှုံးနည်းပြီး တိုးတက်မှု ကြီးမားနိုင်တယ်။ ဒီစည်းကမ်းချက်တွေကို လက်တွေ့ ထပ်တလဲလဲ လိုက်နာရင်း လက်တွေ့ထဲကနေ ပြီးပြည့်စုံတဲ့ လျှို့ဝှက်ရေးကွန်ရက်တပ်သားကောင်းတွေ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ အဲသလို ကျွမ်းကျင်ပြည့်စုံမှုကို တော်လှန်ရေးစိတ်ဓာတ်တွေ နိုးကြားဝီရိယရှိမှုတွေနဲ့ ပေါင်းစပ် လုပ်ကိုင်သွားကြမယ်ဆိုရင် ရန်သူထက် နှာတဖျားမက သာလွန်မှာ သေချာပါတယ်။
 
(ဂ) လျှို့ဝှက်အဆက်အသွယ်လုပ်ခြင်း
________

ရန်သူရဲ့ နောက်ယောင်ခံလိုက်မှု စောင့်ကြည့်စစ်ဆေးမှုတွေအောက်မှာ မိမိနိုင်ငံရေး ရည်မှန်းချက်တွေ အကောင်အထည်ဖော်ရေးနဲ့ လုပ်ငန်းရှင်သန်အောင်လုပ်ရေး၊ လုပ်ငန်းအောင်မြင်ရေးတွေ ရရှိလာဖို့ဆိုရင် လျှို့ဝှက်ဆက်သွယ်မှု ပုံသဏ္ဍာန်မျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင် အသုံးပြုနိုင်ဖို့ လိုတယ်။ လျှို့ဝှက်အဆက်အသွယ်စနစ် ထိထိရောက်ရောက် မထားရှိနိုင်ရင် ဘယ်မြေအောက်တော်လှန်ရေးလုပ်ငန်းမှ လုပ်လို့ မရဘူး။ မြေအောက်လုပ်ငန်းတွေလုပ်ဖို့ဆိုရင် လျှို့ဝှက်ဆက်သွယ်ရေးစနစ်ဟာ အဓိကမဏ္ဍိုင်အခန်းမှာ ရှိနေတယ်။ လျှို့ဝှက်ဆက်သွယ်ရေးလုပ်ငန်းဟာ တဖက်ကကြည့်ရင် သိပ်အရေးပါနေသလို နောက်တဖက်ကကြည့်ရင် လှုပ်ရှားသူ တွေအချင်းချင်း အဆက်အသွယ်လုပ်ငန်းဟာ ထိလွယ်ရှလွယ်ပြီး အတိမ်းအစောင်း မခံနိုင်တဲ့ အားနည်းချက် တခုလို့လည်း ပြောနိုင်တယ်။

အားလုံးသိကြတဲ့အတိုင်း ရန်သူပုလိပ်တွေ စုံထောက်တွေ ထောက်လှမ်းရေးတွေ သတင်းပေး အင်ဖော်မာတွေဟာ သူတို့သိထားပြီးသား လှုပ်ရှားသူတွေနဲ့ မသင်္ကာသူတွေကို မျက်ခြေပြတ်မခံဘဲ အမြဲစောင့်ကြည့် နေကြတယ်။ အဲဒီလှုပ်ရှားသူတွေ အချင်းချင်း အချိတ်အဆက်တွေ ဆုံရပ်တွေကိုလည်း သိအောင်လုပ်ကြတယ်။ ဒီလိုနဲ့ လျှို့ဝှက်ထားတဲ့ အရာတွေလည်း ပေါ်ကုန်တယ်။

Part-4 ဆက်ရန်

Comments