မြေအောက်လျှို့ဝှက်လုပ်ငန်း အတွေ့အကြုံများ (Part-4)


ဘယ်သူနဲ့ဘယ်သူ အဆက်အသွယ် လုပ်တယ်ဆိုတာ စောင့်ကြည့်နေပြီး တွေ့တာနဲ့ ဝင်ဖမ်းမယ်၊ အဲဒီကနေ ကွန်ရက်တစ်ခုလုံး မြေလှန်ပစ်မယ်။ လှုပ်ရှားသူရော ထောက်ခံအားပေးနေသူတွေပါမကျန် ချေမှုန်းပစ်မယ်။ တကယ်တော့ လျှို့ဝှက်အဆက်အသွယ်လုပ်ငန်းဆိုတာ ရိုးရှင်းတဲ့ဆက် သွယ်နည်းတွေကိုအသုံးပြုပြီး ရန်သူခြေရာမခံနိုင်အောင် ရန်သူမရိပ်မိနိုင်အောင် ကျော်လွှားလို့ရတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ရိုးရှင်းပေမယ့် အထူးသီးသန့် လေ့ကျင့်သင်ယူဖို့တော့ လိုတယ်။ ဒီနည်းတွေကို အစိုးရအဖွဲ့အစည်းတွေ ကိုယ်တိုင်လည်း အသုံးချသလို တော်လှန်တဲ့ လှုပ်ရှားမှုတွေမှာလည်း ကမ္ဘာအနှံ့ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ဒီနည်းတွေဟာ တဖက်ရန်သူပြိုင်ဖက်ရဲ့ မျက်ခုံးမွေးပေါ် စင်္ကြံလျှောက်တဲ့ နည်းလမ်းတွေဖြစ်တဲ့အတွက် တိကျဖို့၊ အချိန်မှန်ဖို့၊ စည်းကမ်းအတိုင်း လုပ်ကိုင်ဖို့ သတိဝီရိယရှိဖို့ လုပ်ငန်းဆက်မပြတ်အောင် စီစဉ်ဖို့နဲ့ စိတ်ချ အားကိုးရသူတွေဖြစ်အောင် ကြိုးစားဖို့ဘဲ တောင်းဆိုတယ်။

ဒီနေရာမှာလဲ မြေအောက်ယူနစ်တခုက အဖွဲ့ဝင်သုံးယောက် အဆက်အသွယ် လုပ်ပုံကလေးတခုကို ဥပမာအဖြစ်ပေးချင်တယ်။ ချိန်းထားတဲ့ လျှို့ဝှက်ဆုံရပ်ကို ၂ ယောက်က အချိန်ကိုက်ရောက်လာပေမဲ့ ၁ ယောက်က နောက်ကျနေတယ်။ ဒါနဲ့ ရှေ့လူ ၂ ယောက် ဆက်မစောင့်တော့ဘဲ ထွက်သွားကြတယ်။ တတိယလူရောက်လာတော့ ဆုံရပ်မှာ ဘယ်သူကိုမှ မတွေ့တော့ဘူး။ သူ့လူ ၂ ယောက်ကို ပြောစရာရှိနေတဲ့အတွက် သူတို့ရှိတတ်တဲ့ အိမ်တွေ အလုပ်ရုံတွေ ဆုံတတ်တဲ့နေရာတွေအနှံ့ သူကလိုက်ရှာတယ်။ ဖုန်းဆက်ပြီးလည်း အမှာသတင်းတွေပေးထားခဲ့တယ်။ ပြောချင်တဲ့ အကြောင်းအရာက အရေးကြီးတော့ ပျာယာခတ်နေတာပေါ့။ နောက်ဆုံးမှာ သူ့လူ ၂ ယောက်နဲ့ ဆက်သွယ်လို့ရသွားတယ်။ ဟိုလူ ၂ ယောက်ကတော့ ချိန်းတဲ့နေရာကို အချိန်မှီ ရောက်မလာတာရော သူတို့ကို ပေါ်ပေါ် ထင်ထင်လိုက်ရှာ ဆက်သွယ်နေတာတွေကိုရော ဒေါသတွေ ဖြစ်နေကြတယ်။ လျှို့ဝှက်စည်းကမ်းဖောက်ဖျက်လို့ အပြစ်တင် ဝေဖန်နေကြတယ်။ တတိယလူက သူ့အပြစ်ဝန်ခံပေမဲ့ သူ့ဆီမှာ တကယ်အရေးကြီးတဲ့ ပြောစရာရှိနေကြောင်း၊ နောက်ပြီး အချိန်းအချက်တခု လွဲသွားရင် နောက်ထပ်ပြန်တွေ့နိုင်မယ့် နည်းလမ်းလည်း ပေးမထားတဲ့အတွက် အခုလိုအဖြစ်မျိုး ရောက်သွားရတာပါလို့ ဖြေရှင်းတယ်။ သူတို့ ၃ ယောက်အဖြစ်အပျက်မျိုးကို လျှို့ဝှက်လုပ်ငန်းလုပ်သူ အတော်များများ ကြုံဘူးကြမှာ အသေအချာပဲ။ ဒီနေရာမှာ အချက် ၂ ချက်ကို တွေ့ရမယ်။ ပထမအချက်က လျှို့ဝှက်မှုကို ရန်သူ အလွယ်တကူ သိသွားနိုင်တယ်။ ဒုတိယအချက်က ကြိုတင်ပြင်ဆင်မှုမပြည့် စုံတဲ့အတွက် လုပ်ငန်းတွေ အဆက်ပြတ် သွားနိုင်တယ်။ ဒါမျိုးတွေကျော်နင်းဖို့ လျှို့ဝှက်အဆက်အသွယ်စနစ် ကောင်းမွန်နေရမယ်။ အချိန်းအချက်တခုနဲ့ လွဲသွားရင် လုပ်ငန်းအဆက်ပြတ်တာမျိုး အဖြစ်မခံဘဲ နောက်ထပ် တွေ့ဆုံနိုင်မယ့် အရန်ဆုံရပ်စီစဉ်တာမျိုးလည်း လိုအပ်တယ်။

လျှို့ဝှက်အဆက်အသွယ်လုပ်တဲ့နေရာမှာ လူချင်းတွေ့ပြီး ဆက်သွယ်တဲ့နည်းနဲ့ လူမပါဘဲ ဆက်သွယ်တဲ့နည်းဆိုပြီး အကြမ်းအား ဖြင့် ၂ မျိုးခွဲလို့ရတယ်။ လူချင်းဆက်သွယ်ရာမှာလည်း ပုံမှန်တွေ့ခြင်းလား၊ အရေးပေါ် တွေ့ခြင်းလား၊ လွဲသွားလို့ ထပ်တွေ့တာလား၊  ရှောင်တခင် တိုးခြင်းလား၊ စစ်ဆေးဖို့ တွေ့တာလား စသဖြင့် ရှိသလို လူမပါဘဲ ဆက်သွယ်တဲ့ နည်းတွေမှာလည်း ဝှက်စာတွေ၊ မမြင်ရတဲ့မှင်နဲ့ ရေးတဲ့စာတွေ၊ ရေဒီယိုကြော်ငြာ သတင်းစာကြော်ငြာထဲက အချက်ပြတာတွေ၊ တယ်လီဖုန်းရုံလမ်းညွှန်စာအုပ်ပေါ်မှာ ရေးခြစ်အမှတ် အသားပြတာတွေ ပြတင်းပေါက်မှန်တို့ ဓာတ်တိုင်တို့ပေါ်မှာ ဆေးရောင်အမျိုးမျိုးသုံး သင်္ကေတရေးခြစ်တာတွေကနေ လျှို့ဝှက်နေရာ အမျိုးမျိုးကို စာတိုက်ပုံးလိုအသုံးပြုပြီး သတင်းစကားထားရှိတာတွေ၊ ဒီနည်းကို DLB (Dead - Letter - Box) လို့ခေါ်ကြတယ်။ ဒီလျှို့ဝှက်ဆက်သွယ်ရေး နည်းပေါင်းစုံကို စုံထောက်ရုပ်ရှင်တွေ စပိုင်ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာ လူတိုင်းကြည့်ဖူးကြမယ် ထင်ပါတယ်။

လူချင်းတွေ့ပြီးဆက်သွယ်တဲ့နည်းဆိုရင် အောက်ပါစည်းကမ်းချက်တချို့ကိုလိုက်နာဖို့လိုတယ်။
   (၁) တွေ့မယ့် ဆုံရပ်သတ်မှတ်ရာမှာ ရှာလို့လွယ်ရမယ်၊ ဝင်ရထွက်ရအဆင်ပြေရမယ်၊ လုံခြုံမှုလည်းရှိ ကိုယ်ရေးကိုယ်တာ လွတ်လပ်မှုလည်းရှိမယ့် နေရာမျိုး ဖြစ်ရမယ်။ မိတ်ဆွေတယောက်အိမ်တို့ ရုံးခန်းတို့ ဖြစ်နိုင်သလို အများပြည်သူ ပျော်ပွဲစားထွက်ရာ ပန်းခြံတွေ ကမ်းခြေတွေလည်း ဖြစ်နိုင်တယ်။ လူရှင်းတဲ့ လဖက်ရည်ဆိုင် ဖြစ်နိုင်သလို ကားတစင်းထဲမှာလည်း ဖြစ်နိုင်တယ်။ တွေ့နိုင်တဲ့နေရာကတော့ ရေတွက်ပြလို့ တောင်မကုန်နိုင်ဘူး။ အရေးကြီးတာက တနေရာထဲ ထပ်တလဲလဲ ဆုံရပ်မလုပ်ဖို့ပဲ။ ဆုံရပ်နေရာကို များများပြောင်းလဲလေ စိတ်ချရလေပဲ။ တခါတလေ ဆုံရပ်ကို တန်းမသွားဘဲ ရုပ်ရှင်ရုံတို့ ဘူတာရုံတို့ ဘတ်စကားမှတ်တိုင်တို့ စတိုးဆိုင်တို့ကို အရင်ချိန်းပြီးမှ ဆုံရပ်ဆီ ဆက်သွားရတာမျိုးလည်း ရှိတယ်။
   (၂) အချိန်ကာလသတ်မှတ်ရာမှာ ဘယ်နေ့ ဘယ်နှနာရီဆိုပြီး အလွယ်တကူမှတ်မိတဲ့ သတ်မှတ်ချက်ပေးရမယ်။ သတ်မှတ်ချိန်အတိုင်း တိတိကျကျ ရောက်လာရမယ်။ သတ်မှတ်ချိန်အတွင်းရောက်မလာရင် တွေ့ဆုံမှုကို ဖျက်သိမ်းပါ။ အကြမ်းအားဖြင့် သတ်မှတ်ချိန်ကျော်ပြီး ၁၀ မိနစ်ထက် ပိုမစောင့်ပါနဲ့။ ကိုယ့်ကို စောင့်ကြည့်နေတယ်လို့ သိနေရင် ဆုံရပ်ကို မသွားပါနဲ့။

Part-5 ဆက်ရန်

Comments