မြေအောက်လျှို့ဝှက်လုပ်ငန်း အတွေ့အကြုံများ (Part-5)
(၃) ယုံနိုင်လောက်တဲ့ ပုံပြင်ဇာတ်လမ်းတခုခု ကြိုတင်ပြင်ဆင်ထားရမယ်။ ဒီ သုံးယောက်ဒီနေရာမှာ ဘာကြောင့်တွေ့ဆုံပြီး ဘာတွေပြောကြဆိုကြတယ်ဆိုတဲ့ အချက်ကို ယုံလောက်တဲ့ ဇာတ်လမ်းတခုနဲ့ အချိန်မရွေး ရှင်းပြနိုင်အောင် သုံးယောက်စလုံးတိုင်ပင် ထားရမယ်။ အဲဒီဇာတ်လမ်းဟာ ပါဝင်သူတွေရဲ့ အနေအထားနဲ့ လိုက်ဖက်ရမယ်။ လူမည်းလူငယ် ၂ ယောက်နဲ့ လူဖြူအဖွားအိုတစ်ဦး တွေ့ဆုံမယ်ဆိုရင် အထူးအဆန်းဖြစ်မှာ သေခြာတယ်။ အများပြည်သူအကြားတွေ့ဆုံတာထက် ရုံးဆင်းပြီးနောက်ပိုင်း ရုံးခန်းတခုခု ထဲမှာတွေ့ဆုံတာက ပိုသင့်တော်တယ်။ အကြောင်းပြဇာတ်လမ်း cover story ကိုလည်း ရုံးတာဝန်ခံ လူဖြူအဖွားကြီးက အလုပ်လျှောက် ထားကြတဲ့ လူမည်းလူငယ်လေးတွေကို အင်တာဗျူးနေတာဆိုပြီး ဖုံးဖိပြောဆိုလို့ရတယ်။ ယုတ္တိရှိအောင် စာဖိုင်တွဲတွေ အလုပ်လျှောက် လွှာတွေလည်း ပြင်ဆင်ပြီးယူလာဖို့လိုမယ်။
(၄) တွေ့ဆုံကြတဲ့နေရာမှာ ဘာပြီးရင် ဘာလာမယ်ဆိုတဲ့ အစီအစဉ်ရေးဆွဲထားဖို့ လိုတယ်။ စစချင်း ကိုယ့်လူတွေရဲ့ နေရေးထိုင် လုံခြုံရေးတွေကို စစ်ဆေးရမယ်။ အထူးသဖြင့် ဆုံရပ်ကိုလာတဲ့လမ်းမှာ ထူးခြားတာရှိမရှိစစ်ဆေးရမယ်။ ရန်သူစောင့်ကြည့်စုံစမ်းမှု ရှိမရှိ ဘယ်လိုသိအောင် လုပ်ကြသလဲဆိုတာတွေလည်း စစ်ဆေးရမယ်။ ဒါတွေပြီးရင် အစည်းအဝေး မစခင်မှာ နံပတ် ၃ မှာပါတဲ့အတိုင်း ယုံကြည်လောက်တဲ့ အကြောင်းပြစရာ ဇာတ်လမ်းကို ကျန်တဲ့သူတွေထံ ပြောပြပြီး ဇာတ်တိုက်ရမယ်။ နောက်အရေးကြီးတာတခုက နောက်တကြိမ်အစည်းအဝေးကို ဘယ်နေရာ ဘယ်အချိန်မှာ တွေ့ကြမယ်ဆိုတာတွေ ရေးထားတဲ့ စာရွက်ကလေးကို လှည့်ဖတ်ခိုင်း ရမယ်။ အရေးသိပ်ကြီးတဲ့ကိစ္စဆိုရင် စကားနဲ့မပြောဘဲ စာတိုနဲ့လှည့်ဖတ်တာပဲ လုပ်ရမယ်။ ဒါဆိုရင် ဖတ်ပြီးတာနဲ့ ကိစ္စကို အမြန်ဖြတ်ပြီး ဆုံရပ်က အမြန်ပြန်ထွက်ရမယ်ဆိုတာ အားလုံး သဘောပေါက်နေရမယ်။ ဒီလို အဆင့်ဆင့် အစီစဉ်ရှိထားရင် လုပ်ငန်းအဆက်ပြတ်စရာ မရှိတော့ဘူး။
(၅) အရံတွေ့ဆုံမှုထားရှိခြင်း။ ယူနစ်တွေဟာ ပုံမှန်အစည်းဝေးလုပ်တဲ့အခါတိုင်း တစုံတယောက်မလာနိုင်ခဲ့ရင် နောက်ထပ် တွေ့ဆုံနိုင်မယ့် နေရာနဲ့ အချိန်တွေကိုလည်း အသင့်ပြင်ဆင်ထားဖို့ လိုတယ်။ အချိန်ကို ပုံမှန်လုပ်နေကျ အချိန်သတ်မှတ်လို့ရပေမယ့် ဆုံရပ်ကိုတော့ အခုဆုံရပ်အတိုင်း ပေးလို့မရတော့ဘူး။ ခေါင်းဆောင်လုပ်သူအနေနဲ့ အစည်းအဝေးတခုခု မလုပ်ဖြစ်ရင် နောက် ၂ ရက်အကြာ ဘယ်အချိန် ဘယ်နေရာမှာ ပြန်ဆုံမယ်ဆိုပြီး အရန်တွေ့ဆုံမှုကို ချိန်းဆိုပေးလိုက်လို့လည်း ရတယ်။ ဒါတွေဟာ ကိုယ့်လူတွေအကြား ဆက်သွယ် မှု မပြတ်တောက်စေဘဲ ယုံကြည်စိတ်ချမှုတွေ တိုးပွားလာစေသလို ကိုယ့်ယူနစ်ဝင်တွေအကြား လျှို့ဝှက်ရေးစနစ် လိုက်နာမှုစိတ်ဓာတ်တွေကို ပိုမိုမြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒီအချက်တွေဟာ ပုံမှန် လူချင်းတွေ့ဆုံမှုအတွက် အခြေခံစည်းကမ်းချက်တွေဖြစ်ပါတယ်။ ပုံမှန်တွေ့ဆုံမှု တခုနဲ့တခုအကြား အရေးပေါ်တွေ့ဆုံမှုလုပ်ဖို့ လိုလာတာတို့ ကိုယ့်လူတစ်ယောက် ရန်သူအစစ်ဆေးခံရရာက ပြန်လွတ်လာရင် အန္တရာယ်ကင်းမကင်းသိဖို့ စုံစမ်းတဲ့တွေ့ဆုံမှုတို့ ကိုယ့်ကလပ်စည်းက မဟုတ်တဲ့ တခြားသူ တယောက်ကို အထက်အမိန့်နဲ့ တွေ့ဆုံရတာတို့၊ အထက်ခေါင်းဆောင်က အောက်ခြေအဖွဲ့ဝင်ကို လိုအပ်မှုအရ ရှောင်တခင်တွေ့ဆုံရတာတို့ စတဲ့ တခြားလူချင်းတွေ့ဆုံမှုတွေလည်း အများအပြား ရှိပါသေးတယ်။ ဒီနေရာမှာ အထက်က အခြေခံအချက် ပထမ ၃ ချက်ကို ဆက်လက် ကျင့်သုံးရမှာဖြစ်ပေမဲ့ လူချင်းတွေ့ဆုံမှုမဟုတ်တဲ့ အချက်ပြဆက်သွယ်ခြင်း သင်္ကေတပစ္စည်းအသုံးပြုခြင်း နည်းလမ်းတွေ စကားဝှက်အချက်ပြနည်းတွေကို ပေါင်းစပ်ပေးဖို့ လိုအပ်တယ်။
(နောက်စာစောင်မှာ ဆက်လက်ဖော်ပြပါမယ်)
━
ဒီတပတ်အိုးဝေစာစောင်ကို ဖတ်ရှုချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှာ ဒေါင်းလုတ်ရယူ ဖတ်ရှုနိုင်ပါတယ်။
➥ https://bit.ly/3vsq2BD
◾️ အိုးဝေစာစောင်တွေကို Oway App မှာ တိုက်ရိုက်ဖတ်ရှုပြီး ရန်ပုံငွေလှူဒါန်းရန် - https://www.facebook.com/736805910427676/posts/812482512860015/?d=n
အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။
━
#Oway0207 #Oway #ABFSU #UYSU #Whatshappeninginmyanmar #PoliticalPrisoners
Comments
Post a Comment