♦️တော်လှန်ရေးဆင်ကန်းတောတိုးဝါဒ/ တော်လှန်ရေးမိုက်ရူးရဲဝါဒ♦️Revolutionary Adventurism
♦️တော်လှန်ရေးဆင်ကန်းတောတိုးဝါဒ/
တော်လှန်ရေးမိုက်ရူးရဲဝါဒ♦️
Revolutionary Adventurism
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
ဘာသာပြန်ဆောင်းပါး▪️ဆိုရှယ်ဒီမိုကရက်စာစဥ္
တော်လှန်ရေးဆင်ကန်းတောတိုးဝါဒမှာ နိုင်ငံရေးအုပ်စုများ သို့မဟုတ် သမိုင်းဝင်ပုဂ္ဂိုလ်များ၏ သဘောတရားနှင့်လက်တွေ့လှုပ်ရှားမှုများဖြစ်သည်။ ပြည်သူများ၏ လွတ်မြောက်ရေး အတွက် ပကတိဥပဒေသများကို လျစ်လျူရှု၍လည်းကောင်း၊ လူထုကြီး၏ အဆင်သင့် ဖြစ်မှုအနေအထားကို လျစ်လျူရှု၍ လည်းကောင်း (တော်လှန်ရေးဆင်နွှဲရန်အတွက် ဆန္ဒစွဲ အလိုဆန္ဒဖြင့် သဘောတရားရေးနှင့်လက်တွေ့လှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြစ်သည်။ တော်လှန်ရေးဆင်ကန်းတောတိုးဝါဒ၏ လက္ခဏာမှာ ပီပြင်သည့်လမ်းစဉ်မရှိခြင်းဖြစ်သည်။ သဘောတရားရေးအခြေခံမူများချို့တဲ့ခြင်းဖြစ်သည်။ စိတ်လိုက်မာန်ပါလုပ်ဆောင်ခြင်းဖြစ် သည်။
တော်လှန်ရေးဆင်ကန်းတောတိုးဝါဒ၏ သမိုင်းရေးရေသောက်မြစ်မှာ တော်လှန်ရေး ဖြစ်စဉ်တွင် စိတ်ပိုင်းဆိုင်ရာအချက်အလက်များရော၊ ရုပ်ပိုင်းဆိုင်ရာအချက်အလက်များပါ မညီမမျှဖွံ့ဖြိုးတိုးတက်မှုတွင်တွေ့ရသည်။ တော်လှန်ရေးဆင်ကန်းတောတိုးဝါဒက လူထုကြီး အနေဖြင့် အဆင်သင့်မဖြစ်သေးသည့် လူထုကြီးအနေဖြင့် မရယူနိုင်သေးသည့် လူနေမှုဘဝ ပုံသဏ္ဌာန်များနှင့် လှုပ်ရှားမှုများကို အတင်းအကြပ်လုပ်ခိုင်းခြင်းဖြစ်သည်။ ထို့ကြောင့်ပင် တော်လှန်ရေးဆင်ကန်းတောတိုးဝါဒီများက တော်လှန်ရေးကို လူပုဂ္ဂိုလ်များ သို့မဟုတ် လူ အုပ်စုများကပူးပေါင်းကာ တိုက်ရိုက်လှုပ်ရှားခြင်းဟု မြင်သည်။ လူထုကြီး၏ လှုပ်ရှားမှု များကို လက်ခံယုံကြည်သော၊ တိကျသည့်ဥပဒေသများက ထိန်းချုပ်ထားသော ရှုပ်ထွေးသည့် သမိုင်းဖြစ်စဉ်အဖြစ် မမြင်ပေ။
သိပ္ပံနည်းကျ ကွန်မြူနစ်ဝါဒကို တည်ထောင်ခဲ့သူများက လူထုကြီး၏ အုပ်စိုးသူလူတန်း စားများအပေါ် အစီအစဉ်မဲ့ ဆန့်ကျင်ခြင်းကို ဆင်ကန်းတောတိုးလုပ်ရပ်အဖြစ် မပြောဆိုပေ။ ထိုအစီအစဉ်မဲ့ ဆန့်ကျင်ခြင်းလုပ်ရပ်မှာ အရှုံးနှင့်ရင်ဆိုင်ရစေဦးတော့ မပြော။ သို့ရာတွင် တချိန်တည်း၌ ပုံသဏ္ဌာန်အမျိုးမျိုးသော တော်လှန်ရေးဆင်ကန်းတောတိုးလုပ်ရပ် ထင်ဟပ် ချက်များကိုမူ တိုက်ခိုက်ခဲ့သည်။ ၎င်းတို့သည် ချက်ချင်းလှုပ်ရှားခြင်းများ သို့မဟုတ် စိန်ခေါ် ခြင်းများ၏ စွမ်းအားအပေါ် မျက်စိမှိတ်ယုံကြည်ကြသည်။ ဤသို့ဖြင့် တော်လှန်ရေးလှုပ်ရှားသူ၏ စစ်မှန်သည့် အကျိုးစီးပွားများနှင့်လည်းကောင်း၊ လိုအပ်ချက်များနှင့်လည်းကောင်း ဆန့် ကျင်နေလေတော့သည်။ လီနင်က တော်လှန်ရေးဆင်ကန်းတောတိုး ဝါဒကို “… အပြောအား ဖြင့် အလွန်မှ တော်လှန်ရေးကျသောလမ်းကြောင်းဖြစ်သည်။ သို့ရာတွင် ၎င်းတို့၏တကယ့် အမြင်အယူအဆများ၊ တော်လှန်သောလူတန်းစားနှင့် ဆက်သွယ်ရေးများနှင့်စပ်လျဉ်း၍မူ နည်းနည်းလေးမှ တော်လှန်ရေးမကျပေ”ဟု ပြောခဲ့သည်။ (Vol.6 P.286)
တော်လှန်ရေးမီးရှူးမီးပန်းများ ဖုံးလွှမ်းနေခြင်းမှာ တော်လှန်ရေးဆင်ကန်းတောတိုးဝါဒ ၏ လက္ခဏာဖြစ်သည်။ အခြေအမြစ်မရှိသော တော်လှန်ရေးမီးရှူးမီးပန်းလွှတ်ခြင်းမှာ တုံ့ ဆိုင်းနေသည့်ကာလများ၊ တော်လှန်ရေးဒီရေကျနေချိန်များ၊ တက်ကြွသည့် နိုင်ငံရေးလှုပ်ရှားမှု များအတွက် လူထုကြီးက အဆင်သင့်မဖြစ်သေးသည့်အချိန်များတွင် အလွန်မှပင် အန္တရာယ် ကြီးလှသည်။ အများအားဖြင့် တော်လှန်ရေးဆင်ကန်းတောတိုးဝါဒက ပါတီ၏သဘောတရားရေးလုပ်ငန်းနှင့် ဝါဒဖြန့်ချီရေးလှုပ်ရှားမှုများ အရေးကြီးခြင်းကို လျစ်လျူရှုသည်။
တော်လှန်ရေးဆင်ကန်းတောတိုးဝါဒသည် လွတ်မြောက်ရေးလှုပ်ရှားမှုကို ထိခိုက်စေ သည်။ ၁၈၆၆ ခုနှစ်တွင် ရုရှားနိုင်ငံ၌ စိတ်အခံအားဖြင့် ရိုးသားသည့် တော်လှန်ရေးသမား တစ်ဦးဖြစ်သည့် ဒီဗွီကာရာကိုဇော့ဖ်က အဲလက်ဇန္ဒား(၂)ကို လုပ်ကြံရန်ကြိုးစားခဲ့သည်။ ဤအကြမ်းဖက်ဝါဒလုပ်ရပ်မှာ တကယ်တွင်မူ တော်လှန်ရေးဆင်ကန်းတောတိုးဝါဒဖြစ်သည်။ တိုင်းပြည်တွင် နိုင်ငံရေးအရ လက်တုံ့ပြန်မှုကာလကို ပေါ်ပေါက်စေခဲ့သည်။
တော်လှန်ရေးဆင်ကန်းတောတိုးဝါဒကို နိုင်ငံတကာပစ္စည်းမဲ့ တော်လှန်ရေးလှုပ်ရှားမှုအတွင်း၌ ပြတ်ပြတ်သားဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည်။ မာ့က်စ်နှင့်အိန်ဂျယ်တို့က ဓနရှင်ပေါက်စပါတီများနှင့် အုပ်စုများကတင်ပြလာကြသည့် အနောက်ဥရောပပစ္စည်းမဲ့များ၏တော်လှန်ရေးရင့်မှည့်မှုအား ပုံကြီးချဲ့ခြင်းကို မကြာခဏပယ်ချခဲ့ကြသည်။ မာ့က်စ်နှင့် အိန်ဂျယ်တို့က ဆိုရှယ်လစ်တော်လှန်ရေး လွယ်လွယ်ပေါ်ပေါက်မည်ဆိုသည့် ထင်ယောင် ထင်မှားဖြစ်မှုများကို ဆန့်ကျင်ခဲ့သည်။ (ဝီလစ်ချ်-ရှက်ပါဂိုဏ်းက ၁၈၄၀ ဆယ်ခုနှစ်များကို “တော်လှန်ရေး တင်ပို့ခြင်း” အယူအဆကို တင်ခဲ့ကြသည်။ ၁၈၇၀ ဆယ်စုနှစ်များ၌ စပိန်နှင့် ပြင်သစ်တွင် ဘာကူနင်၏ ဆင်ကန်းတောတိုးလုပ်ရပ်များကို ရှုတ်ချခဲ့သည်)။ လီနင်ကလည်း ရုရှားနှင့်နိုင်ငံတကာ အလုပ်သမားလူတန်းစားလှုပ်ရှားမှုအတွင်းမှ အမျိုးမျိုးသောလမ်း ကြောင်းများရှိသည့် တော်လှန်ရေးဆင်ကန်းတောတိုးဝါဒကို ရှုတ်ချခဲ့သည်။ (၁၉၀၅-၁၉၁၇ တော်လှန်ရေးအကြိုကာလနှင့် တော်လှန်ရေးကာလတွင်း ဆိုရှယ်လစ်တော်လှန်ရေးသမား များ၏ ဆင်ကန်းတောတိုးပေါ်လစီ၊ ဖောက်ပြန်ရေးကာလအတွင်း အော့ဇိုဗစ်များနှင့် အစွန်းရောက်ဝါဒီများ၏ ဥပဒေတွင်းတိုက်ပွဲပုံသဏ္ဌာန်များကို စွန့်လွှတ်ရန်တင်ပြချက်၊ ထရော့စကီး၏ ၏
လက်ဝဲဆင်ကန်းတောတိုးဝါဒအယူအဆများ၊ ဘရက်စ်ငြိမ်းချမ်းရေးစာချုပ်ကာလအတွင်း လက်ဝဲကွန်မြူနစ်များဟု ဆိုသူများ၏ အမှားများ၊ ၁၉၂၀ ဆယ်စုနှစ်များအတွင်း "လက်ဝဲဂိုဏ်း” ကွန်မြူနစ်ဝါဒ၊ သူငယ်နာအစရှိသည်တို့ဖြစ်သည်။) ဆင်ကန်းတောတိုးဝါဒ အုပ်စုများနှင့်စပ်လျဉ်းသည့်ကိစ္စတိုင်းတွင် လီနင်က လူထုကြားတွင် သိပ္ပံနည်းကျသဘောတရား လမ်းစဉ်နှင့်ဇစ်မြစ်များ ချို့ငဲ့ခြင်းကိုထောက်ပြသည်။ “လူထုကြီးမပါသည့်နိုင်ငံမှာ ဆင်ကန်းတောတိုးဝါဒ နိုင်ငံရေးဖြစ်သည်” ဟု လီနင်ကအလေးထားပြောကြားခဲ့သည်။ (Vol.20, p.256)
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️
♦️Dictionary Of Marxism(ဘာသာပြန်- အောင်ဇံ) မှကောက်နှုတ်ဖော်ပြသည်။
Comments
Post a Comment