တအောင်း/ပလောင် (TNLA)


တအောင်း/ပလောင် (TNLA)
၁၉၆၃ မှာ ပလောင်အမျိုးသားတပ်ဦး (Palaung National Front-PNF) ကို စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ ၁၉၇၆ မှာ ပလောင်ပြဘ်နယ်လွတ်မြောက်ရေးအဖွဲ့ (PSLO) နဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (PSLA) ဆိုပြီးဖြစ်လာပါတယ်။ ၁၉၉၁ မှာတော့ ဗကပပြိုကွဲပြီး အဖွဲ့အသီးသီးက အစိုးရနဲ့ငြိမ်းချမ်းရေးယူလာကြတဲ့အခါ PSLO/PSLA လည်း နဝတနဲ့ ငြိမ်းချမ်းရေးယူခဲ့ပါတယ်။ ဒါကိုလက်မခံနိုင်တဲ့လူငယ်ရဲဘော်တွေက အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ရဲ့ အကူအညီနဲ့ ထိုင်းနယ်စပ်မှာ Palaung State Liberation Front (PSLF) ကို ၁၉၉၂ ဇန်နဝါရီမှာ ဖွဲ့စည်းခဲ့ကြပါတယ်။ အင်အား ၃၀၀ ကနေ ၅၀၀ ဝန်းကျင်သာရှိတဲ့ PSLAဟာ နအဖရဲ့ ဖိအားတွေကိုမခံနိုင်ဘဲ ၂၀၀၅ မှာတော့ လက်နက်အပ်၊ တပ်ဖျက်ခဲ့ရပါတယ်။ ထိုင်းနယ်စပ်မှာရှိတဲ့ PSLF လက်ကျန်ရဲဘော်တွေနဲ့ PSLO တုန်းက စစ်ဦးစီးချုပ်ဖြစ်ခဲ့တဲ့ တာညီလုံးတို့ရဲ့ ပြန်လည်ကြိုးစားမှုနဲ့ ၂၀၀၉ မှာတော့ Ta-ang National Liberation Army ကို ပြန်လည်ဖွဲ့စည်းခဲ့ကြပါတယ်။ KIA ဆီမှာ စစ်ပညာသင်၊ လက်ကန်အကူအညီယူပြီး ၂၀၁၁ ဒီဇင်ဘာမှာတော့ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းကို PSLF/TNLA အနေနဲ့ ပြန်လည်ဝင်ရောက်လှုပ်ရှားလာခဲ့ကြပါတယ်။ TNLA မှာ တပ်မဟာ ၇ခု၊ တပ်ရင်း ၃၅ ရင်းခန့်ဖွဲ့စည်းထားပြီး တပ်ရင်းတစ်ရင်းကို အင်အား ၁၀၀ ကနေ ၁၅၀ ခန့်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှာပါဝင်ပြီး AA၊MNDAA တို့နဲ့ပူးပေါင်းပြီး ညီနောင်မဟာမိတ် ၃ဖွဲ့အနေနဲ့ စစ်ရေးလှုပ်ရှားမှုများပူးပေါင်းဆောင်ရွက်လေ့ရှိပါတယ်။ သူတို့ကိုစတင်တည်ထောင်ဖို့ကူညီပေးခဲ့တဲ့ KIA နဲ့ဆက်ဆံရေးကောင်းသလို UWSA နဲ့လည်း ဆက်ဆံရေးကောင်းတယ်လို့သိရပါတယ်။ SSPP နဲ့ TNLA နဲ့ ပူးပေါင်းပြီး RCSS နဲ့တိုက်ပွဲများတော့ဖြစ်ပွားလေ့ရှိပါတယ်။ TNLA ဟာလည်း AA နဲ့ MNDAA လိုပဲ အစိုးရရဲ့ငြင်းပယ်မှုကြောင့် NCA လက်မှတ်ထိုးထားခြင်းမရှိပါဘူး။ နိုင်ငံရေးအရ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ တအောင်းပြည်နယ်ကို တောင်းဆိုကြပါတယ်။

Comments