ကိုကိုးကျွန်းက ခွာခဲ့တာ အနှစ်လေးဆယ် ပြည့်ပြီ
ကိုကိုးကျွန်းက ခွာခဲ့တာ အနှစ်လေးဆယ် ပြည့်ပြီ ရေးသူ - ရဲဘော်ဖိုးသံချောင်း ဒီနှစ် ဇူလိုင်၃၁ရက်ဆိုရင် ကိုကိုးကျွန်းပေါ်က (၅၃)ရက် အစာငတ်ခံတိုက်ပွဲကြီးဟာ အနှစ်၄ဝတိတိ ပြည့်ပါပြီ။ ဒီလိုအခါမှာ ညံ့ဖျင်းလှတဲ့ ကိုယ့်မှတ်ဉာဏ်ထဲက ကိန်းဂဏန်း တချို့ကို ပြန်စီနေမိပါတယ်။ ကိုကိုးကျွန်းကို ပို့လိုက်တာက ၁၉၆၉ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက်။ ပြန်ပို့တာက ၁၉၇၁ခုနှစ်၊ နိုဝင်ဘာလထဲမှာ (ရက်အတိအကျမမှတ်မိတော့)၊ စုစုပေါင်း ၂နှစ်နဲ့ ၉လ။ တနည်း ၃၃လ၊ ရက်ပေါင်း၁ဝဝဝလောက်ပါ။ ညကြီးသန်းခေါင် အင်းစိန်ထောင်ထဲကထုတ်၊ နံဘေးမှန်တွေကို စက္ကူဖြူတွေ ကပ်ထားတဲ့ ဟီးနိုး ဘတ်စ်စကားကြီးတွေနဲ့ ဗိုလ်တထောင်ဆိပ်ကမ်းကိုပို့၊ ဂျီသရီး သေနတ်တွေ ချိန်ရွယ်ထားတဲ့ မဆလ စစ်သားတွေ အကြား၊ ထိန်လင်းနေတဲ့ မီးမောင်းကြီးတွေ အောက်မှာ ပြည်တော်အေး သင်္ဘောပေါ်တက်၊ နာရီပေါင်း ၃ဝကျော်လောက် ပင်လယ်ကို ဖြတ်- "အဲဒါ ကိုကိုးကျွန်းပဲ၊ လာကြည့်ကြ။ ကိုကိုးကျွန်းကို မြင်နေရပြီ" လို့ ပြည်တော်အေး သင်္ဘောဝမ်းဗိုက်ရဲ့ အပေါက်ဝိုင်းလေးထဲကို ကြည့်နေသူတဦးက လှမ်းခေါ်လိုက်တော့ သူများနည်းတူ ကျနော်လည်း ပြေးသွားပြီး ခေါင်းပြူကြည့်ခဲ့ပါတယ်။ သဲသောင်က ဖွေးဖွေး၊ အုန်းပင်လေးတွေက...